လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ကြောင်း ICJ ဆုံးဖြတ်ချက် KNU ကြိုဆို

ဒီဆုံးဖြတ်ချက်ကြောင့် စစ်တပ်က မထူးဇာတ်ခင်းပြီး ပိုမိုရက်စက်လာနိုင်ချေကိုလည်း တွက်ဆထားပြီး ရင်ဆိုင်ဖို့အတွက် အသင့်ရှိတယ်လို့ KNU က ပြောပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဆုံးဖြတ်ချက်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ကြိုဆိုလိုက်ပါတယ်။

လူသားမျိုးနွယ်အပေါ် ခေတ်အဆက်ဆက် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ပေးအရေးယူမှုတွေကနေ လွတ်မြောက်နေတဲ့ စစ်တပ်ကို ပထမဆုံးအကြိမ် အရေးယူနိုင်မှာ ဖြစ်တဲ့အတွက် ကြိုဆိုတာလို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက RFA ကို ပြောပါတယ်။

“အဆက်ဆက်သော အစိုးရတွေရဲ့ခေတ်မှာ မြန်မာနိုင်ငံထဲမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ဖြစ်စဉ်တွေ ရှိခဲ့တယ်။ အဲဒါကို တာဝန်ယူမှု၊ တာဝန်ခံမှုလည်း မရှိခဲ့သလို နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း အပြစ်ပေးအရေးယူ ဆောင်ရွက်မှုတွေ မလုပ်ခဲ့ဘူး။ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့အရာတွေကို ပြစ်ဒဏ်က ကင်းလွတ်ခွင့်ပေးတဲ့ သဘောမျိုးလည်း သက်ရောက်နေတယ်။ အဲဒီလိုမျိုးဖြစ်နေမယ်ဆိုရင် နောက်ထပ် နောက်ထပ် ကျူးလွန်ဖို့ရာ မခဲယဉ်းဘူး၊ ကျူးလွန်ဖို့လည်း လက်မနှေးဘူး။ ဒီလိုမျိုး ICJ ကနေ ဆုံးဖြတ်လိုက်တဲ့အခါကျတော့ နောက်ထပ် ဒီလိုမျိုး ကျူးလွန်လို့မရတော့ဘူး၊ အရေးယူဆောင်ရွက်မှုတွေ ရှိမယ်”

ဒီဆုံးဖြတ်ချက်ကြောင့် စစ်တပ်က မထူးဇာတ်ခင်းပြီး ပိုမိုရက်စက်လာနိုင်ချေကိုလည်း KNU က တွက်ဆထားပြီး ရင်ဆိုင်ဖို့အတွက် အသင့်ရှိတယ်လို့ ပဒိုစောကလယ်စေးက RFA ကို ပြောပါတယ်။

KNU ရဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာ… ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ဟာ လက်ရှိမှာ နိုင်ငံကိုအုပ်ချုပ်နေပြီး မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက် ကျူးလွန်နေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီရာဇဝတ်မှုတွေကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ပြည်သူတွေအတွက် တရားမျှတမှု ရရှိဖို့ ဆက်လက်ကြိုးပမ်းရမယ်လို့လည်း ဆိုပါတယ်။

ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေထဲ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ဖို့၊ နစ်နာသူတွေကို လျော်ကြေးပေးဖို့၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိတဲ့ လူတိုင်းကို အမြန် စုံစမ်းစစ်ဆေးအရေးယူဖို့ စတဲ့ကိစ္စတွေ ပါဝင်ပါတယ်။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ တရားရုံးစီရင်ချက်ကို အကောင်အထည်ဖော်ဖို့၊ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ KNU က တိုက်တွန်းထားပါတယ်။

ICJ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခက… ရခိုင်ဒေသအကျိုးစီးပွားအတွက် သင့်တော်သလို ရပ်တည်လုပ်ဆောင်မယ်လို့ RFA ကို နိုဝင်ဘာလ ၂၀ ရက်မှာ ပြောပါတယ်။

“လက်ရှိဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်လို့ အခြေအနေအရပ်ရပ်ကို မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။ အမှန်တရားနဲ့ တရားမျှတမှုအပေါ်မှာ ခိုင်မာစွာ ရပ်တည်ပြီးတော့ အာရက္ခဒေသအကျိုးစီးပွားအတွက် သင့်တော်လိုအပ်သလို ရပ်တည်လုပ်ဆောင်သွားမှာဖြစ်ပါတယ်”

ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံရဲ့ လူမျိုးစုတစ်ခုအဖြစ် ကာလကြာရှည် အသိအမှတ်ပြုထားပြီး တန်းတူနိုင်ငံသားဖြစ်ခွင့်၊ ရိုဟင်ဂျာအဖြစ် ကိုယ်ပိုင်အမည်ခံယူခွင့်နဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဆုံးဖြတ်ရာမှာ ပါဝင်ခွင့်ရှိကြောင်းလည်း KNU က ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။