ICJ တရားရုံးဆုံးဖြတ်ချက်မှာပါတဲ့ အဓိကအချက် ၅ ချက်

ICJ တရားသူကြီးချုပ် ယူဂျီ အီဝါဆာဝါ (Yuji Iwasawa) ၃ နာရီကြာ ဖတ်ကြားတဲ့ ဆုံးဖြတ်ချက်မှာ အဓိကအချက် ၅ ချက် ပါဝင်ပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်အကြောင်း ဂမ်ဘီယာနိုင်ငံရဲ့ စွဲချက်ကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ရဲ့ တရားသူကြီးချုပ် ယူဂျီ အီဝါဆာဝါ (Yuji Iwasawa) က ပြစ်မှုကျူးလွန်ကြောင်း ၃ နာရီကြာ ဖတ်ကြားတဲ့ တရားရုံးဆုံးဖြတ်ချက်မှာ အဓိကအချက် ၅ ချက် ပါဝင်ပါတယ်။

၁။ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားတယ်

မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမူဆလင်လူနည်းစုတွေအပေါ် လူမျိုးတုံး ပျောက်ကွယ်သွားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်မှုတွေကျူးလွန်ကြောင်း နိုင်ငံတကာ တရားသူကြီးတွေက ၉ မဲ ၆ မဲနဲ့ ဆုံးဖြတ်ချက်ချတယ်။

(မှတ်ချက်။ ။ မြန်မာအစိုးရရဲ့ အဆင့်မြင့် ရာထူးကြီး ဝန်ထမ်းတစ်ဦးဖြစ်တဲ့ မြန်မာစစ်တပ်အကြီးအကဲက ဦးဆောင်ပြီး ဒီပြစ်မှုကို ကျူးလွန်တာမို့ မြန်မာလို့ ကိုယ်စားပြုသုံးနှုန်းတာဖြစ်ပါတယ်။)

၉ မဲ ၆ မဲနဲ့ပဲ ၁၉၄၈ ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှုများ အကာကွယ်ပေးရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို လိုက်နာဖို့ ပျက်ကွက်ကြောင်း တရားရုံးက ဆုံးဖြတ်တယ်။

မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုမှာ ပါဝင်ကျူးလွန်တဲ့သူတိုင်းကို အမြန်ဆုံးနဲ့ ထိရောက်တဲ့နည်းတွေနဲ့ အရေးယူ၊ အပြစ်‌ပေးရမယ်။

နောင်အနာဂတ်မှာလည်း အလားတူ လူမျိုးတုံးသတ်ဖြတ်မှုတားမြစ်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချူပ် ကို ချိုးဖောက်တဲ့ လုပ်ရပ်တွေ၊ ကျူးလွန်မှုတွေကို တစ်ခုမကျန် ရပ်တန့်ရမယ်။

လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆိုတာ အထောက်အထားပြနိုင်ဖို့ ကျူးလွန်ရာရောက်ကြောင်း နောက်ခံတွေကို စစ်ဆေးဆုံးဖြတ်ရသလို တစ်ဖက်မှာလည်း လူမျိုးစုတစ်ခုကို ဖယ်ရှား၊ ဖျက်ဆီး၊ ပျောက်ကွယ်သွားစေလိုတဲ့ ရည်ရွယ်ချက်ရှိနေတာ ထင်ရှားကြောင်းလည်း ရှည်ရှည်ဝေးဝေး သက်သေပြပါတယ်။

မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာအားလုံးကို ဖယ်ရှား၊ ဖျက်ဆီး၊ ပျောက်ကွယ်သွားစေလိုတဲ့ ရည်ရွယ်ချက်မရှိတောင် အရေအတွက်ပမာဏ ကြီးကြီးမားမားကို ဖယ်ရှား၊ ဖျက်ဆီး၊ ပျောက်ကွယ်သွားစေလို တဲ့ ရည်ရွယ်ချက် ရှိခဲ့တယ်ဆိုတာကိုပဲ ပြသကောက်ချက်ချခဲ့တာဖြစ်တယ်။

၂။ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ခွင့်ပေးရမယ်

ပြစ်မှုကျူးလွန်တယ်လို့ ဆုံးဖြတ်တဲ့အတွက် ကျူးလွန်တဲ့ မြန်မာနိုင်ငံက နောက်ဆက်တွဲ အကျိုးဆက်တွေ လိုက်နာရမှာဖြစ်တယ်။ ဒီနေရာမှာ တရားရုံးက ဥပဒေသဘာစကားအရ ထိခိုက်နစ်နာမှုတွေအတွက် ကုစားပေး (remedies) ရမယ်လို့ သုံးပါတယ်။

မြန်မာနိုင်ငံက လိုက်နာရမယ့်အချက်တွေအများအပြားပါပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ မြန်မာပြည်တွင်းမှာဖြစ်စေ၊ ပြည်ပနိုင်ငံတွေမှာဖြစ်စေ ထွက်ပြေးတိမ်းရှောင်ရောက်ရှိနေတဲ့ (ရိုဟင်ဂျာ) ဒုက္ခသည်တွေကို မိမိဆန္ဒအရ၊ ဂုဏ်သိက္ခာရှိရှိ၊ ဘေးကင်း လုံခြုံစွာ ပြန်လာခွင့်ပြုရယ်။ ကူညီဆောင်ရွက်ပေးရမယ်။

တစ်ဦးတစ်ယောက်ချင်း ပုဂ္ဂလိကပိုင်ဖြစ်စေ၊ အများနဲ့ စုပေါင်း ပိုင်တဲ့ ပိုင်ဆိုင်မှုဖြစ်စေ ပစ္စည်းဥစ္စာ နေအိမ်အဆောက်အအဦမြေယာတွေကို ပြန်ပေးရမယ်။ ဒါမှမဟုတ် အစားပြန်ပေးရပါမယ်။

ရုပ်ပိုင်း၊ ကိုယ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာခဲ့ရတဲ့ ရိုဟင်ဂျာတွေကို ကိုယ်ရောစိတ်ပါ ကုစားပေးတဲ့ အစီအစဥ် တွေ ဆောင်ရွက်ပေးရမယ်။

၃။ လျော်ကြေးပေးရမယ်

လူမျိုးတုံးသတ်ဖြတ်မှု အကျူးလွန်ခံရတဲ့ အတွက် ထိခိုက်နစ်နာရသူ ရိုဟင်ဂျာတွေဟာ သင့်တင့်လျောက် ပတ်တဲ့ နစ်နာကြေး ရသင့်တယ်။

ICJ အနေနဲ့ ‌ငွေကြေးပမာဏကို အခု တရားရုံးဆုံးဖြတ်ချက်မှာ အတိအကျ ဆုံးဖြတ်ပြောကြားတာမရှိပေမယ့် နောက်တစ်ဆင့်မှာ စဥ်းစားဆုံးဖြတ်မယ်လို့ အမိန့်စာမှာ ပါပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ ဘယ်ပမာဏ၊ ဘယ်လိုပုံစံနဲ့ လျော်ကြေးပေး ဆောင်ရွက်မယ်ဆိုတာကို တရားရုံးကို ပြန်တင်ပြဖို့ နှစ်နှစ် အချိန်ပေးပါတယ်။

အဲဒီအစီရင်ခံချက်ရပြီးမှသာ မြန်မာနိုင်ငံက တင်ပြတဲ့ အဆိုဟာ လုံလောက်မှုရှိမရှိ တရားရုံးက ဆုံးဖြတ်မယ်။

ICJ တရားသူကြီးချုပ် ယူဂျီ အီဝါဆာဝါ (Yuji Iwasawa)
ICJ တရားသူကြီးချုပ် ယူဂျီ အီဝါဆာဝါ (Yuji Iwasawa) ICJ တရားသူကြီးချုပ် ယူဂျီ အီဝါဆာဝါ (Yuji Iwasawa) (Screenshot from ICJ live)

၄။ စုံစမ်းစစ်ဆေးအရေးယူရမယ်

ICJ ဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) နဲ့ မတူဘဲ နိုင်ငံတွေအချင်းချင်း တရားဥပဒေအရ အငြင်းပွားတာတွေကို ဖြေရှင်းတဲ့ တရားရုံးဖြစ်တဲ့အတွက် ICC လို ဘယ်သူဘယ်ဝါ တစ်ဦးတစ်ယောက်မှာ အပြစ်ရှိတယ်လို့ အမည်တပ် စီရင်ချက်ချလေ့ရှိတဲ့ ရုံးမဟုတ်ပါဘူး။

ဒါပေမယ့် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိတဲ့ လူတိုင်းကို အမြန် စုံစမ်းစစ်ဆေးအရေးယူဖို့ မြန်မာနိုင်ငံအာဏာပိုင်တွေကို တရားရုံးအမိန့်နဲ့ တာဝန်ပေးပါတယ်။

ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းရေးစစ်ပွဲမှာ ဥပဒေမဲ့ ကျူးလွန်ခဲ့သူတစ်ချို့ကို အရေးယူအပြစ်ပေးခဲ့တဲ့ လုပ်ရပ်တွေဟာ လုံလောက်မှုမရှိဘူးလို့ တရားသူတွေက ဆုံးဖြတ်ပါတယ်။

“မြန်မာအာဏာပိုင်တွေဟာ ပြစ်မှုကျူးလွန်သူတွေကို အမှန်တကယ် စုံစမ်းစစ်ဆေးအရေးယူတာမျိုး မလုပ်ခဲ့သလို၊ လုပ်ခဲ့တယ်ဆိုတဲ့ တပ်သားတွေနဲ့ တပ်မှူးတွေကို အပြစ်ပေးတာအရေးယူခဲ့တာတွေဟာလည်း အစစ်အမှန် အပြစ်ပေးအရေးယူတာတွေမဟုတ်ဘူးလို့ တရားရုံးက ပြောပါတယ်။

၅။ သတ်ဖြတ်ခဲ့တဲ့ လူ အရေအတွက်ပမာဏ

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုမှာ လွတ်လပ်တဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ တင်ပြချက်တွေဟာ အထောက်အထားမှတ်တမ်းတွေနဲ့တကွ တင်ပြတာတွေဖြစ်ပြီး သေဆုံးခဲ့ရသူ အနည်းဆုံး ၁၀,၀၀၀ ကျော်တယ်လို့ တရားရုံးက ပြောပါတယ်။

“ရုံးတော်ကို တင်ပြလာတဲ့ အထောက်အထားတွေအရ (လုံခြုံရေးတပ်ဖွဲ့တွေက) ဆောင်ရွက်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ပြင်းထန် ရက်စက်တဲ့ သဘောသဘာဝ ပါဝင်နေတာ ထင်ရှားပြီး ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ အရပ်သားတွေဟာ မြန်မာလုံခြုံရေးတပ်သားတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတယ်ဆိုတာ ထင်ရှားတယ်လို့ တရားရုံးက ဆိုပါတယ်။

၂၀၁၇ နယ်မြေရှင်းလင်းရေး စစ်ဆင်နေချိန်မှာ ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာ ၈ သိန်း ၁ သောင်းကျော်ခန့် နေထိုင်နေခဲ့ကြပြီး ဒီအထဲက ၁ သောင်းခန့် သေဆုံးရတဲ့အတွက် ရိုဟင်ဂျာလူဦးရေရဲ့ ၁.၂ ရာခိုင်နှုန်းကို သတ်ဖြတ်ခံရတယ်လို့ အဓိပ္ပာယ်ရကြောင်းလည်း တရားရုံး ပြောပါတယ်။

ဒီအထဲက အသက်မသေဘဲ ကျန်ခဲ့တဲ့ အများစုဟာ နယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးခိုလှုံခဲ့ရတယ်။

၂၀၁၇ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ပွဲအတွင်း မုဒိမ်းမှု ၁၈၃၄ မှု ကျူးလွန်ခဲ့တယ်လို့လည်း ICJ ရဲ့ ဆုံးဖြတ်ချက်မှာ ပြောကြားထားပါတယ်။

နိုင်ငံတကာ တုံ့ပြန်ချက်များ

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်း (Ed Miliband)

“အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ဆုံးဖြတ်ချက်နဲ့ နိုင်ငံတကာဥပဒေ စိုးမိုးရေး ဗြိတိန်နိုင်ငံက အပြည့်အဝ ထောက်ခံကြောင်း ထပ်လောင်းပြောကြားလိုသလို မြန်မာစစ်အာဏာပိုင်တွေက ရိုဟင်ဂျာတွေအပေါ် ဆိုးဆိုးဝါးဝါး ပြစ်မှုကျူးလွန်ခဲ့တာတွေကိုလည်း ဝေဖန်ရှုံ့ချပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ ဒီဆိုးဝါးအကျည်းတန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်သူတွေကို အရေးယူရေးအတွက် လိုက်နာဆောင်ရွက်ဖို့လည်း ဆုံးဖြတ်ထားပါတယ်။ ဒီနေ့ ချက်ချင်းအရေးယူမှုတစ်ခုအနေနဲ့ နဂိုရှိပြီးသား မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ထပ်ဆောင်းပြီး မြန်မာစစ်တပ် စစ်သံအရာရှိကို ဗြိတိန်နိုင်ငံက ထွက်ခွါသွားဖို့ အမိန့်ပေးညွှန်ကြားထားသလို ICJ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဆောင်ရွက်နိုင်အောင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကို အမြန်ခေါ်ဖို့လည်း အရေးပေါ် တောင်းဆိုပါတယ်။”

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး အက်ဒ်  မီလီဘန်း (Ed Miliband)
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်း (Ed Miliband) ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်း (Ed Miliband) (Ed Miliband via Facebook)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ( António Guterres)

“ICJ က ဂမ်ဘီယာနဲ့ မြန်မာအမှု ဒီနေ့ ဆုံးဖြတ်ချက်ချတာကို ကြိုဆိုပါတယ်။ ဒါဟာ ထိခိုက်နစ်နာသူ ရိုဟင်ဂျာတွေအတွက် အင်အားကြီးမားတဲ့ အသိအမှတ်ပြုမှုဖြစ်ပြီး ဒီဆုံးဖြတ်ချက်ဟာ ဥပဒေအရ တရားဝင်မှုရှိပြီး အယူခံမရှိတဲ့ နောက်ဆုံးဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဒီတရားရုံးအမိန့်ဟာ နိုင်ငံတကာ တရားစီရင်ရေးနဲ့ ဒီလိုဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာတွေကို ပြစ်ဒဏ်မရှိဘဲ ကင်းလွတ်နေတာမျိုးဟာ နိုင်ငံတကာက လက်မခံဘူးဆိုတာကို ပြသလိုက်တာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရားရုံးအမိန့်အတိုင်း ဆုံးဖြတ်တာကို လိုက်နာဆောင်ရွက်ရမယ့် တာဝန်ဝတ္တရားရှိပါတယ်။ မြန်မာနိုင်ငံမှာ ပြစ်မှုကျူးလွန်သူတွေက အရေးယူမှုမခံရဘဲ ကင်းလွတ်နေတဲ့ သံသရာကို ရပ်တန့်ဖို့လိုပြီး တာဝန်ခံမှုတာဝန်ယူမှုရှိရေးဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် မရှိမဖြစ်အရေးကြီးပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ( António Guterres)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ( António Guterres) ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ( António Guterres) (UN)

နော်ဝေ ဝန်ကြီးချုပ် အက်စပင် ဘာ့သ် အိတ်(Espen Barth Eide)

“ICJ ဆုံးဖြတ်ချက်ဟာ အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး မတရားမှုကို ထိခိုက်နစ်နာခံစား ရသူ ရိုဟင်ဂျာတွေအတွက် ထင်ရှားတဲ့ အသိအမှတ်ပြုမှုဖြစ်ပါတယ်။ နိုင်ငံတိုင်းဟာ လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန်အောင် ကာကွယ်ရမှာဖြစ်ပြီး ကျူးလွန်သူတွေကိုလည်း အရေးယူအပြစ်ပေးရမှာဖြစ်ပါတယ်။”

နော်ဝေ ဝန်ကြီးချုပ် အက်စပင် ဘာ့သ် အိတ်(Espen Barth Eide)
နော်ဝေ ဝန်ကြီးချုပ် အက်စပင် ဘာ့သ် အိတ်(Espen Barth Eide) နော်ဝေ ဝန်ကြီးချုပ် အက်စပင် ဘာ့သ် အိတ်(Espen Barth Eide) (ATTILA KISBENEDEK/AFP)