ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာမူဆလင် လူဦးရေးဟာ တစ်သန်းခွဲကျော်သွားပြီ ဖြစ်တဲ့အတွက် သူတို့ကို မြန်မာနိုင်ငံကို ဆန္ဒအလျောက် ဘေးကင်းပြီး ဂုဏ်သိက္ခာရှိရှိ ပြန်လည် ပို့ဆောင်နိုင်ရေး နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်း ညှိနှိုင်းကူညီဆောင်ရွက်ပေးဖို့ နိုဝင်ဘာ ၁၁ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ကယ်လီကယ်ရီ(Kelley E. Currie) နဲ့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး ဆာလာဟူဒင် အာမက် (Salahuddin Ahmed)တို့ ဒါကာမြို့မှာ တွေ့ဆုံစဥ် အခုလို ပြောကြားလိုက်တာလို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တရားဝင်စာရင်းဇယားတွေမှာ လူဦးရေနည်းနေပေမယ့် အမှန်တကယ် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ အရေအတွက်ဟာ ၁.၅ သန်းကျော်လာပြီဖြစ်ပြီး အများစုဟာ နိုင်ငံအရှေ့တောင်ပိုင်း ကမ်းရုံးတန်းရှိ ကောက်စ်ဘဇားခရိုင် စခန်းတွေမှာ ခိုလှုံနေကြတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
ဒီလို ဒုက္ခသည်အများကြီးကို ကာလရှည်ကြာ လက်ခံထားရတာဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် စီးပွားရေး ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုဖြစ်နေပြီး မြန်မာနိုင်ငံက သူတို့နေရပ်ကို ဆန္ဒအလျောက် ဘေးကင်းပြီး ဂုဏ်သိက္ခာရှိရှိ ပြန်လည်ပို့နိုင်ဖို့ နိုင်ငံတကာက လုပ်ဆောင်ပေးစေလိုကြောင်းလည်း ပြောခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ နိုဝင်ဘာ ၁၉ ရက်မှာ ချမှတ်မယ့် ဂမ်ဘီယာနိုင်ငံရဲ့ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု စွဲချက်ကို အမိန့်ချရာမှာလည်း နိုင်ငံတကာအနေနဲ့ တာဝန်ရှိရှိ ဆုံးဖြတ်ပေးကြဖို့လည်း တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေးအထူးကိုယ်စားလှယ်သစ်ဟာ ရိုဟင်ဂျာတွေအပေါ် အစဥ်အဆက် လူ့အခွင့်အရေးချိုး ဖောက်ခဲ့တာတွေကို ပြန်ဆွေးနွေးခဲ့ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက သူတို့နေရပ်ကို ပြန်နိုင်ရေး ပတ်ဝန်းကျင်တစ်ခုဖန်တီးနိုင်ရေး ကြိုးပမ်းနေသလို ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်နဲ့ အခြေခံအခွင့်အရေးတွေ ပြန်ရရှိရေးလည်း ကြိုးပမ်းနေတယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
