စစ်တပ်ခန့်သမ္မတ ဦးမင်းအောင်လှိုင်ဟာ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ပြုလုပ်မဲ့ ဒေသတွင်း ထိပ်သီးအစည်းအဝေး နှစ်ခု တက်ရောက်ဖို့ နိုဝင်ဘာလ ၂၇ ရက် ညနေပိုင်းမှာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကို ရောက်ရှိသွားပါတယ်။
ဒီခရီးစဉ်ဟာ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဆုံးဖြတ်ချက်ချပြီးနောက် ဦးမင်းအောင်လှိုင်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်လည်း ဖြစ်ပါတယ်။
ဟနွိုင်းမြို့ နွိုင်ဘိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတဲ့ ဦးမင်းအောင်လှိုင်နဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စစ် ငုယင်ထိဟွန်ဗန်က ကြိုဆိုခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရက ထုတ်ပြန်ပါတယ်။
ဦးမင်းအောင်လှိုင်ဟာ ၁၂ ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (CLMV) ထိပ်သီးအစည်းအဝေးနဲ့ ၁၁ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်မှာပါ။ အဲဒီ အစည်းအဝေးနှစ်ခုထဲက ACMECS အစည်းအဝေးမှာ မြန်မာက အလှည့်ကျသဘာပတိအဖြစ် ဆောင်ရွက်ရမှာဖြစ်ပြီး CLMV အစည်းအဝေးကိုတော့ ဗီယက်နမ်နိုင်ငံက သဘာပတိအဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်။
ဒီအစည်းအဝေးတွေကို ဗီယက်နမ်ဝန်ကြီးချုပ် လီမင်းဟွန်း (Le Minh Hung)၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet)၊ လာအိုဝန်ကြီးချုပ် ဆလွမ်ဆေး ကွန်မာဆစ် (Saleumxay Kommasith) နဲ့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) တို့အပြင် အာဆီယံအတွင်းရေးမှူးချုပ် ကောင်ကင်ဟွန်း (Kao Kim Hourn) နဲ့ ဒေသတွင်းမိတ်ဖက်နိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတချို့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြမှာပါ။
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတို့ ပါဝင်တဲ့ CLMV အဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံတွေအကြား ဖွံ့ဖြိုးမှုကွာဟချက် လျှော့ချရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ရည်ရွယ်ထားပါတယ်။
မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ ပါဝင်တဲ့ ACMECS အဖွဲ့ကတော့ မဲခေါင်ဒေသတွင်း စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးတို့ကို အဓိကထား ဆောင်ရွက်နေတာပါ။
ဒါပေမဲ့ အခုလို စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မယ့် အစည်းအဝေးတွေကို တက်ရောက်တဲ့ မြန်မာနိုင်ငံဟာ တခြားအဖွဲ့ဝင်နိုင်ငံတွေထက် ဖွံ့ဖြိုးမှုနောက်ကျနေသလို၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ ပြဿနာတွေလည်း ရှိနေတယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
ရှမ်းပြည်နယ်က သတ္တုတူးဖော်ရေးလုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ ရေထုညစ်ညမ်းမှုကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းက ကော့ခ်မြစ်နဲ့ စိုင်မြစ်တွေမှာ အာဆင်းနစ်အဆိပ်သင့်မှု မြင့်တက်နေတယ်လို့ ထိုင်းနိုင်ငံကလာတဲ့ သတင်းတွေမှာဖော်ပြထားပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ နိုဝင်ဘာလ ၂၄ ရက်မှာ မြန်မာနဲ့ တရုတ်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့ပြီး သတ္တုတွင်းလုပ်ငန်းတချို့ကို အနည်းဆုံးခြောက်လ ရပ်ဆိုင်းပေးဖို့ ထိုင်းနိုင်ငံက တောင်းဆိုခဲ့ပါတယ်။
ဒီကိစ္စကို အခု ဗီယက်နမ်မှာကျင်းပမယ့် ထိပ်သီးအစည်းအဝေးနှစ်ခုအပြင်၊ ဒီဇင်ဘာလနှောင်းပိုင်း တရုတ်နိုင်ငံမှာကျင်းပမယ့် မဲခေါင်-လန်ချန်း ခေါင်းဆောင်များ အစည်းအဝေးမှာပါ ထည့်သွင်းဆွေးနွေးသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောထားပါတယ်။
ဒါကြောင့် ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအတွက် စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အကျိုးစီးပွားတွေ ရရှိဖို့ထက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ပိုပြီး အရေးကြီးလာတဲ့ အခြေအနေဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။
“လက်ရှိအခြေအနေမျိုးမှာ ဒီလိုခရီးစဉ်တွေ၊ အစည်းအဝေးတွေ တက်ရောက်တာဟာ ကိုယ့်နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အကူအညီရရှိအောင် ဆောင်ရွက်နိုင်ဖို့ထက် ကိုယ့်နိုင်ငံကြောင့် အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေကို ရိုက်ခတ်နေတဲ့ ပြဿနာတွေကို သွားရောက်ဖြေရှင်းနေရတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်”
ဦးမင်းအောင်လှိုင်ဟာ သမ္မတရာထူးရယူပြီးနောက် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မလေးရှားနဲ့ ဘီလာရုစ်နိုင်ငံတွေကို ပြည်ပခရီးစဉ် သွားရောက်ခဲ့ပြီးဖြစ်ပါတယ်။
