မိန်းမလှကျွန်းနားက မလှပတဲ့ဘဝများ

UNDP ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဥ် ရဲ့ ၂၀၂၆ အောက်တိုဘာလ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံလူဦးရေ ၃၂ ရာခိုင်နှုန်းကျော်ဟာ ဘက်ပေါင်းစုံဆင်းရဲမွဲတေမှုနဲ့နေရ

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်က ပင်လယ်ဝနဲ့နီးတဲ့ မိန်းမလှကျွန်းပတ်လည်မှာ ဂဏန်းထောင်တဲ့ လှေတွေကို တွေ့ရတာပါ။ အဲဒီထဲမှာ လှေထဲမှာအိပ် လှေထဲမှာစားပြီး ဂဏန်းထောင်တဲ့အလုပ်နဲ့ ဝမ်းစာရှာနေတဲ့ ကိုငြိမ်းချမ်းနဲ့ မသင်းသင်းခိုင်ဆိုတဲ့ ဇနီး မောင်နှံကိုလည်းတွေ့ရပါတယ်။

“အခုက အကြွေးတွေက ပေးစရာရှိတယ်ဆိုပြီးတော့ ပိုက်ဆံလေးများ အိမ်မှာထက်စာရင် ရမယ်ဆိုပြီး တော့ ဘေးထွက်ရှာတာ။ ဘေးထွက်တာလည်း မရပါဘူး။ ပထမကတော့ ပိုလျှံပါတယ်။ သူ့ဟာလေး နဲ့သူ။ အခုက လှေဝယ်ပြီးမှ ကျွန်တော်တို့ လှေလည်း ဝယ်တယ်။ ကလေးမွေးတော့ ဘေးက အတိုးတွေ ဘာတွေနဲ့ ဆွဲရတော့ အဲဒီမှာကြပ်တာ။ အကုန်လုံး ပိုက်ဆံ ဆယ်သိန်းလောက် အကြွေးတင်သွားတယ်။ အဲဒါဆပ်ဖို့ဆိုပြီးတော့ လုပ်တာ။ အခုကုန်ဈေးနှုန်းကလည်း တက်လာတဲ့အခါကျတော့ ကိုယ်ရှာတာနဲ့ ကုန်တာနဲ့က ဘဲစားဘဲချေလောက်ပဲ ကျနေတာပေါ့။ မပိုလျှံဘူး။ အကြွေးဆပ်ဖို့ကို မလှည့်နိုင်ဘူး”

ကိုငြိမ်းချမ်းက လက်ရှိ အသက် ၂၃ နှစ်ဖြစ်ပြီး တောင်ယာကြီး ရွာကဖြစ်ပါ တယ်။ အသက် ၁၄ နှစ် သားကတည်းက ဂဏန်းထောင်တဲ့အလုပ်လုပ်ခဲ့ပြီး သင်္ဘောပေါ်ကပြုတ်ကျထားတဲ့ ဒဏ်ကြောင့် ကိုယ်ခန္ဓာသိပ်မသန်ဘူးလို့သိရပါတယ်။ သူ့ဇနီး မသင်းသင်းခိုင်က လက်ရှိ အသက် ၂၀ အရွယ်ဖြစ်ပြီး ဖျာပုံခရိုင် ၊ အမာမြို့ ဇာတိပါ။ သူလည်းပဲ ငယ်ငယ်က ဆိုင်ကယ်နဲ့ တိုက်မိ ရာကနေ မျက်လုံးတစ်ဖက် ကွယ်နေတဲ့သူ ဖြစ်ပါတယ်။ သူတို့မှာ သုံးလအရွယ် သမီးတစ်ယောက်နဲ့ နှစ်နှစ်ဝန်းကျင် သားတစ်ယောက်ရှိပြီး လှေပေါ်မှာပဲ ကြီးပြင်းနေရတာပါ။

ဇနီးမောင်နှံနှစ်ဦးစလုံးက မသန်စွမ်းကြတဲ့အတွက် တခြားသူတွေထက် ပိုပြီး ဒုက္ခရောက်တယ်လို့ ကိုငြိမ်းချမ်းတို့ရဲ့ အိမ်နီးချင်း မမြမြဝင်းက ပြောပါတယ်။

“သူတို့မှာ မသန်လည်း မသန်စွမ်းကြဘူးလေ လင်ရော မယားရော။ မသန်စွမ်းတဲ့အခါမျိုး ဒီလှေ ကလည်း သေးတယ်။ နောက်ပြီး ကလေးတွေကလည်း အဲဒီလိုမျိုး တစ်နှစ်တစ်ယောက်မွေးထားတဲ့ အခါမျိုးကြတော့ သူတို့တွေမှာ အကြွေးတွေကများတယ်”

လက်ရှိမှာ ကုန်ဈေးနှုန်းကြီးပြီး ဂဏန်းကလည်းသိပ်မမိတဲ့အတွက် စားဝတ်နေရေး ခက်ခဲတယ်လို့ မသင်းသင်းခိုင်က ပြောပါတယ်။

“ဈေးနှုန်းတွေက တအားတက်၊ ဂဏာန်းဈေးကလည်း ဈေးမရှိတော့ ကိုယ်ရောင်းရချရတာ အဆင် မပြေဘူးပေါ့နော်။ ဘယ်လို ဝယ်စားရလဲဆိုတော့ အခု ဆန်ကွဲဆန်တောင်မှ တစ်ပြည်ကို ငါးထောင် ပေးရတယ်။ ကိုယ်က ရတာက အဲလောက်ထိအောင်မရဘူးပေါ့နော်။ သားအမိတွေက တစ်နေ့ကို တစ်ပြည်လောက်ချက်နေရတာ အဆင်မပြေဘူးပေါ့”

၂၀၂၄ စစ်ကောင်စီသန်းခေါင်စာရင်းအရ မြန်မာပြည်လူဦးရေ ၅၁ သန်းကျော်ရှိပါတယ်။ အဲဒီအထဲက ၃ ပုံ ၁ ပုံနီးပါးရှိတဲ့ ၁၆ သန်းကျော် အကူအညီလိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး UN-OCHA က ထုတ်ပြန်ထားပါတယ်။ အဲဒီ ၁၆ သန်းကျော်ထဲမှာ ကိုငြိမ်းချမ်းတို့လို ဘဝတွေကသာဓကဖြစ်နိုင်ပါတယ်။

သူတို့မိသားစုတစ်ရက်အတွက် ဓာတ်ဆီဖိုးနဲ့ စားစရိတ် ငွေကျပ် သုံးသောင်း ဝန်းကျင်လိုအပ်တယ်လို့ ပြောပြပါတယ်။ ဂဏန်းအကြီး တစ်ကီလိုကို ကျပ် ၁၇၀၀၀ ကနေ နှစ်သောင်း၊ အသေး တစ်ကီလိုကို ကျပ် တစ်သောင်းနဲ့ ရောင်းရတာကြောင့် သူတို့ဝင်ငွေက တစ်ရက်ကို ကျပ်တစ်သောင်း ကနေ သုံးသောင်းဝန်းကျင်ပဲရှိပါတယ်။ နေ့တိုင်းဒီလိုဝင်ငွေမရတဲ့အတွက် အလုပ်လုပ်ရင်းနဲ့ပဲ စားဝတ်နေရေး ပိုပြီးကြပ်တည်းနေကြတာပါ။

“အစားအသောက်တောင်မှ မစားဘူး။ ထမင်းလောက်ပဲပေါ့ စားတယ်။ မုန့်တွေ ဘာတွေတောင် မစား ဘူး။ ပိုက်ဆံက ရှာလို့မှ မရတာ။ ဂဏာန်းကလည်း ထောင်လို့မရဘူး။ ကိုယ်ကလည်း ဒီလောက်ပဲ ကျွမ်းကျင်တာကိုး။ လှေလေးကလည်း ကြီးမယ်။ ပိုင်တန်းဆင်ဖို့ ပိုက်ဆံလေးလည်း ရှိမယ်ဆိုရင် လေးငါးဆယ်သိန်းလောက်ရှိလို့ရှိရင် ကျွန်တော် ပိုင်တန်းပစ်ဖို့ အစီအစဉ်ရှိတယ်”

ဆင်းရဲခက်ခဲလွန်းတဲ့ သူတို့ဘဝမှာ ရင်သွေးနှစ်ယောက်ရှင်သန်အောင် ဘယ်လိုကြိုးစားနေကြပါလဲ။

“ညဘက်ဆိုလည်း သတိထားအိပ်ရတာပေါ့နော်။ ကလေးတွေကို ညဖက်ကျရင် ချောင်းထဲပြုတ်ကျမှာ စိုးလို့။ တခါ ချောင်းထဲပြုတ်ကျသေးတယ်။ ခေါင်းလေးပဲ ပေါ်တယ်။ အဲဒါ အဆွဲမြန်လို့ အဆွဲမမြန်ရင် မလွယ်ဘူး။ ဟိုကလေးလေး အကြီးကောင်လေ”