စစ်ကိုင်းတိုင်း အရာတော်မြို့နယ် နောင်ကြီးအိုင်ရွာကို နိုဝင်ဘာလ ၂၄ ရက် တန်ဆောင်မုန်းလပြည့်နေ့မှာ စစ်တပ်က စက်တပ်လေထီး (Paramotor) အသုံးပြုပြီး ဗုံးသီးချတိုက်ခိုက်တဲ့အတွက် ကလေးတစ်ဦးအပါအဝင် အရပ်သားသုံးဦး သေဆုံးပြီး နောက်ထပ်ရှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ တက်လာတဲ့ ပါရာမိုတာတစ်စီးက နောင်ကြီးအိုင်ရွာမြောက်ပိုင်းကို ၁၂၀ မမ ဗုံးသီးလေးလုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လပြည့်နေဆိုတော့ ရွာလယ်ပိုင်းမှာ စတုဒီသာကျွေးဖို့ နိဗ္ဗာန်စျေးလေး လုပ်နေတဲ့အချိန်မှာ တစ်ချိန်တည်း ဖြစ်သွားတာပေါ့။ အဲဒီအချိန် ပါရာမိုတာတက်လာပြီး ရွာမြောက်ပိုင်းကို ကြဲတာပေါ့ဗျာ။ ဖြစ်ဖြစ်ချင်း သုံးဦးက ပွဲချင်းပြီး သေသွားတယ်။ ကြဲတာက ရွာမြောက်ပိုင်းကို ကြဲသွားတာ။ နိဗ္ဗာန်စျေး လုပ်နေတဲ့နေရာကို ပစ်မှတ်ထားရင် ဒီထက် ထိခိုက်တာများနိုင်တယ်”
ဒီတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ သူကပြောပါတယ်။ ဒဏ်ရာရသူ ရှစ်ဦးထဲမှာ ကလေးတစ်ဦး၊ ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ လူလတ်ပိုင်းအများစု ပါဝင်တယ်လို့ ဆိုပါတယ်။
နောင်ကြီးအိုင်ရွာဟာ အိမ်ခြေ ၁၅၀၀ ခန့်ရှိတဲ့ရွာကြီးဖြစ်ပြီး လက်ရှိမှာ ထပ်ပြီး ဗုံးကြဲတိုက်ခိုက်ခံရမှာ စိုးရိမ်တာကြောင့် အရပ်သားတချို့ တိမ်းရှောင်နေကြတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
“နောက်ထပ်လေကြောင်းတိုက်ခိုက်မှုတော့ မရှိသေးဘူး။ ဒါပေမဲ့ တချို့လည်း စိုးရိမ်ပြီးရှောင်ကြတယ်။ နာရေးကိစ္စကတော့ ကြောက်ကြောက်လန့်လန့် လုပ်နေကြတာပေါ့။ ဒီနေ့ပဲ (နိုဝင်ဘာလ ၂၅ရက်) ကိစ္စ အပြီးလုပ်ကြတယ်”
တန်ဆောင်မုန်းလပြည့်နေ့မှာပဲ အရာတော်မြို့နယ်နဲ့ နယ်မြေချင်းဆက်နေတဲ့ မုံရွာမြို့နယ်ကနေ အင်အား ၇၀ လောက်ပါတဲ့ စစ်ကြောင်းက ဘုတလင်မြို့နယ်ဘက်ကို ဦးတည်ပြီး မုံရွာ-ရေဦးကားလမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့အတွက် ရွာသားနှစ်ထောင်ထက်မနည်း တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ စီမံကိန်း၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် သင်္ကြန်ကာလအတွင်း ဒုလ္လဘ ဝတ်နေကြတဲ့ ကိုရင်တွေထဲက ကိုရင်ကြီးနှစ်ပါး ပျံလွန်တော်မူခဲ့ပြီး နောက်ထပ် ကိုရင်ရှစ်ပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၆ ရက်၊ သီတင်းကျွတ်လပြည့်နေ့ကလည်း စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ဗုံတိုရွာမှာ သီတင်းကျွတ်မီးထွန်းပွဲနဲ့ ဆီမီးသပိတ် ကျင်းပနေချိန် စစ်တပ်က စက်တပ်လေထီး (Paramotor) နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အရပ်သား အနည်းဆုံး ၂၄ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ခုနှစ် အောက်တိုဘာလကုန်အထိ နိုင်ငံတစ်ဝန်းမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၆,၄၆၇ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက သေဆုံးသူ ၁,၆၆၁ ဦးပါဝင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဦးစီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
