နောက်ထပ် မြန်မာနိုင်ငံသား ခြောက်ထောင်ကျော် ပြန်ပို့မယ်လို့ မလေးရှားပြော

ဒီဇင်ဘာလ ၆ ရက်နဲ့ ၇ ရက်နေ့မှာ မြန်မာရေတပ်သင်္ဘော သုံးစင်းနဲ့ လူ ၁,၅၀၀ ကို ပြန်ပို့မှာဖြစ်ပြီး ကျန်တဲ့ ၅,၃၀၃ ဦးကို​ဒီဇင်ဘာလအတွင်း လေကြောင်းကနေ ပြန်ပို့မည်။

မလေးရှားရောက် မြန်မာနိုင်ငံသား ၆,၈၀၃ ဦးကို လာမယ့် ဒီဇင်ဘာလအတွင်း နေရပ်ပြန်ပို့မယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က နိုဝင်ဘာလ ၂၃ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

ဒီဇင်ဘာလ ၆ ရက်နဲ့ ၇ ရက်နေ့မှာ မြန်မာရေတပ်သင်္ဘော သုံးစင်းနဲ့ လူ ၁,၅၀၀ ကို ပြန်ပို့မှာဖြစ်ပြီး ကျန်တဲ့ ၅,၃၀၃ ဦးကို​ဒီဇင်ဘာလအတွင်း လေကြောင်းကနေ ပြန်ပို့ဖို့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုထားတယ်လို့ မလေးရှားအခြေစိုက် New Straits Times သတင်းဌာနက ဖော်ပြထားပါတယ်။

မလေးရှား-မြန်မာ နှစ်နိုင်ငံညှိနှိုင်းမှုတွေနဲ့ အခုချိန်ထိ မြန်မာဘက်က ကုန်ကျစရိတ်ခံပြီး ပြန်ခေါ်သွားတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၁၀,၄၇၆ ဦး ရှိသွားပြီလို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။

ပထမသုတ်အဖြစ် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း ၁၄ ခုက မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို စက်တင်ဘာလ ၂၉ ရက်နေ့မှာ မြန်မာစစ်သင်္ဘောတွေနဲ့ ​ပြန်ပို့ခဲ့ပြီး​ ကျန်တဲ့အများစုကို လေကြောင်းကနေ ပြန်ပို့ခဲ့တာလို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ ရှိနေတဲ့ကြားက မြန်မာစစ်အစိုးရခေါင်းဆောင်ကို မလေးရှားနိုင်ငံဆီ ဖိတ်ခေါ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ မလေးရှားလွှတ်တော်အမတ် ဟာဆန် အက်ဘ်ဒူလ် ကာရင် (Hassan Abdul Karim) ရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ ဝန်ကြီးချုပ်က အခုလို ထည့်ပြောခဲ့တာပါ။

မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံက ဒုက္ခသည်နှစ်သိန်းနီးပါး ရှိနေပြီး သူတို့ကို တတိယနိုင်ငံတွေမှာ ပြန်လည်နေရာချထားပေးဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်တာကြောင့် မြန်မာဘက်နဲ့ တိုက်ရိုက်ညှိနှိုင်းဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း ပြောပါတယ်။

နေရပ်ပြန်ပို့ခံရသူတွေကို ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ ပြန်လည်လက်ခံမယ်လို့ မြန်မာဘက်က အာမ,ခံထားသလို မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးရဲ့ စောင့်ကြည့်လေ့လာချက်တွေအရ အရင်ပြန်ပို့ခဲ့သူ ၁၀,၄၇၆ ဦးထဲမှာ ဖိအားပေးခံရတာမျိုး မတွေ့ရသေးဘူးလို့လည်း ဆိုပါတယ်။

မလေးရှားနိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ရင် အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို ဆက်လက်စွဲကိုင်ထားဆဲဖြစ်ပြီး ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစုတွေအပေါ် ဖိနှိပ်မှုတွေကို စိုးရိမ်ပေမဲ့ လက်တွေ့ကျတဲ့ အဖြေတစ်ခု ရဖို့ လိုအပ်နေတယ်လို့ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံမှာ တာဝန်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်ကို မလေးရှားက လေးစားပေမဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးအတွက် မြန်မာခေါင်းဆောင်တွေနဲ့ ဆက်လက်ဆွေးနွေးသွားမယ်လို့ ဝန်ကြီးချုပ်က ပြောကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့မှာ AP သတင်းဌာနက ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့က မြန်မာရေတပ်သင်္ဘော သုံးစင်းနဲ့ ပြန်ပို့ခဲ့တဲ့ မြန်မာနိုင်ငံသား ၁,၄၇၆ ဦး​ထဲမှာ အမျိုးသား ၁,၃၇၀ ဦး၊ အမျိုးသမီး ၇၉ ဦး၊ ယောက်ျားလေး ၂၀ နဲ့ မိန်းကလေး ခုနစ်ဦး ပါဝင်ပြီး အသက်ရှစ်နှစ်ကနေ ၆၀ အတွင်း ရှိတယ်လို့ မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက အဲဒီအချိန်က ထုတ်ပြန်ခဲ့ပါတယ်။