RFA: မကြာခင်က မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ချမှတ်လိုက်တဲ့ အိုင်စီဂျေ ဆုံးဖြတ်ချက်တွေအပေါ် ဘယ်လိုထင်မြင်ပါသလဲ။
ကယ်လီ (Kelly): သူတို့ရဲ့ မှတ်ချက်တွေထဲမှာ ကျူးလွန်သူတွေက စစ်တပ်ဖြစ်တယ် ဆိုတာအပြင် အဲဒီအချိန်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ မင်းအောင်လှိုင်ကို အထူးအာရုံစိုက်ခဲ့တဲ့ကိစ္စက တော်တော့်ကို စိတ်ဝင်စားစရာ ကောင်းတယ်လို့ ကျွန်မ မြင်မိပါတယ်။ အဲဒါက ၂၀၁၇ ဖြစ်ရပ်ကို အရပ်သားအစိုးရက ကိုင်တွယ်ခဲ့တာမဟုတ်ဘဲ စစ်တပ်ကပဲ ကြိုးကိုင်ခဲ့တယ်ဆိုတဲ့၊ လူအများစု ဆိုလိုချင်နေတဲ့အရာကို တရားရုံးက အသိအမှတ်ပြုလိုက်ပုံပါပဲ။ ဒါကြောင့် ဒါက စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ချက်ဖြစ်တယ်လို့ ကျွန်မထင်ပါတယ်။
နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့အချက်ကို ကြည့်မယ်ဆိုရင် ရိုဟင်ဂျာဆိုတာကို လူမျိုးနွယ်အုပ်စုတစ်စု အနေနဲ့ တရားရုံးက ဘယ်လိုကိုင်တွယ်ခဲ့သလဲ ဆိုတာပါ။ သူတို့က နိုင်ငံသားဖြစ်ခွင့်ကိစ္စကို ထည့်မပြောပါဘူး၊ ဘာကြောင့်လဲဆိုတော့ အဲဒါက သူတို့ရဲ့လုပ်ပိုင်ခွင့်ကို နယ်ပယ်ကျော်လွန်တယ်လို့ သူတို့ပြောခဲ့လို့ပါ။ ဒါပေမဲ့ သူတို့ အသိအမှတ်ပြုခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ လူမျိုးတုံးသတ်ဖြတ်မှု ရှိ၊ မရှိ လေ့လာဖို့အတွက် ဒါဟာ မရှိမဖြစ်လိုအပ်ချက် ဖြစ်ပါတယ်။ ဒါဟာ တစ်စုတစည်းတည်းရှိတဲ့ လူမျိုးနွယ်အုပ်စုတစ်စု ဖြစ်တယ်၊ တခြားမျိုးနွယ်စုတွေနဲ့ ကွဲပြားခြားနားတဲ့ အုပ်စုတစ်စုဖြစ်တယ်လို့ ပြောဖို့ လိုအပ်ပါတယ်။ ပြီးတော့ ရိုဟင်ဂျာ တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မျိုးဆက်လေးဆက်မက နေထိုင်ခဲ့တယ်။ သူတို့မှာ ကိုယ်ပိုင် ဝိသေသလက္ခဏာ ရှိတယ်၊ ပြီးတော့ ဒီအချက်က တရားရုံးရဲ့ တွေ့ရှိချက်တွေထဲမှာ အပါအဝင် ဖြစ်တယ် ဆိုတာကို သူတို့ မှတ်တမ်းတင်ထားခဲ့ပါတယ်။ ဒါဟာလည်း ဒီအမှုအတွက် အရမ်းအရေးကြီးတဲ့ အရာတစ်ခုလို့ ကျွန်မ ထင်ပါတယ်။
ပြီးတော့ နောက်ဆုံးအနေနဲ့ လျော်ကြေးပေးရေးကို ကြည့်မယ်ဆိုရင် တရားရုံးက လျော်ကြေးပေးဖို့ အမိန့်ချ ခဲ့တဲ့အတွက် မြန်မာနိုင်ငံထဲက အမျိုးမျိုးသော သက်ဆိုင်သူတွေနဲ့၊ ဒီအမှုမှာ ပါဝင်ပတ်သက်နေတဲ့ ပြင်ပအင်အား စုတွေက လျော်ကြေးတောင်းဆိုမှုတွေအပေါ် ဘယ်လိုတုံ့ပြန်မလဲဆိုတာက စိတ်ဝင်စားစရာတစ်ခု ဖြစ်လာမှာပါ။
ကျွန်မ ဒီအမှုကို ဆက်လက်လေ့လာနေတုန်း၊ ဖတ်နေတုန်းပါပဲ။ နောက်ဆက်တွဲ သက်ရောက်မှုအားလုံးကို နားလည်ဖို့ ကြိုးစားနေတုန်းပါ။ အရေးကြီးတယ်လို့ ကျွန်မထင်တဲ့ အချက်တစ်ခုကတော့… လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ခဲ့တယ်ဆိုတဲ့ တွေ့ရှိချက်တွေ ရဖို့အတွက် ဥပဒေကြောင်းဆိုင်ရာ စံနှုန်းတွေကို လျှော့ချရလိမ့်မယ်ဆိုတဲ့ ဆွေးနွေးမှုတချို့ ရှိခဲ့ပေမဲ့ သူတို့ မလျှော့ချခဲ့ပါဘူး။ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်တဲ့အကြောင်း ဆုံးဖြတ်တဲ့အခါမှာ အင်မတန် စေ့စပ်သေချာခဲ့ပြီး သူတို့ ရှာဖွေရမယ့် တခြားအချက် နှစ်ခုဖြစ်တဲ့ ‘နိုင်ငံတော်ရဲ့ တာဝန်ရှိမှု’ နဲ့ ‘ရည်ရွယ်ချက်’ တို့အကြောင်းကို အသေးစိတ် တိတိကျကျ ခွဲခြမ်းစိတ်ဖြာမှုတွေ လုပ်ခဲ့ပါတယ်။
ဒါဟာ ရိုဟင်ဂျာတွေအတွက် အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ မြန်မာနိုင်ငံဟာ ဘယ်လိုနိုင်ငံမျိုးဖြစ်လာမလဲဆိုတာကို ပြဖို့ကြိုးစားနေတဲ့အချိန်မှာ နိုင်ငံအတွက်လည်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်လို့ ကျွန်မထင်ပါတယ်။ ပြီးတော့ ကမ္ဘာလုံးဆိုင်ရာအရလည်း ဒါဟာ အရမ်းအရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတစ်ခုကို လူမျိုးတုံး သတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်လို့ ICJ ကဆုံးဖြတ်တာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်လို့ပါ။
RFA: ဆုံးဖြတ်ချက်ထွက်လာပြီးတဲ့နောက် စစ်အုပ်စုရဲ့ တုံ့ပြန်မှုကတော့… ဆုံးဖြတ်ချက်ဟာ တရားမျှတမှု မရှိဘူးပေါ့။ တကယ်လို့ သူတို့ ICJ ဆုံးဖြတ်ချက်ကို မလိုက်နာဘူးဆိုရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲ။
ကယ်လီ (Kelly): သူတို့က နိုင်ငံတကာဥပဒေကို အမြဲတမ်း လျစ်လျူရှုကြပြီး သူတို့နဲ့ ဆိုင်တယ်လို့ ထင်ပုံမရပါ ဘူး။ ဒါကြောင့် ကျွန်မတော့ သိပ်မအံ့သြပါဘူး။ အိုင်စီဂျေရဲ့ တရားစီရင်ရေးလုပ်ငန်းစဉ်တွေ တရားမျှတမှု မရှိဘူးလို့ သူတို့ထင်တာကတော့ ကျွန်မအတွက် ရယ်စရာကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီတရားစီရင် ရေးရဲ့ အဆင့်တိုင်းမှာ သူတို့ ပါဝင်ခဲ့ကြလို့ပါ။ သိတဲ့အတိုင်းပဲ၊ စစ်အုပ်စုဟာ ဒီတရားစီရင်ရေးလုပ်ငန်းစဉ်တွေမှာ ကိုယ်စားပြုခွင့်ရဖို့ NUG နဲ့အပြိုင် ကြိုးစားခဲ့ပါတယ်။ ပြီးတော့ သူတို့က သက်သေအထောက်အထားတွေ တင်ပြခဲ့တယ်၊ ရှေ့နေတွေငှားခဲ့တယ်၊ ခုခံချေပချက်တွေ တင်ပြခဲ့ကြတယ်။ နောက်ဆုံးမှာတော့ သူတို့ ရှုံးနိမ့် ခဲ့ပါတယ်။ ပြီးတော့ တရားသူကြီးအားလုံးရဲ့ ချွင်းချက်မရှိထောက်ခံမဲနဲ့ မဟုတ်ခဲ့တဲ့အတွက် အဲဒါဟာ တရားမျှတမှု မရှိဘူးလို့ သူတို့ ထင်ကြပါတယ်။ စစ်အုပ်စုဟာ ဥပဒေစိုးမိုးရေး ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဒီမိုကရေစီစနစ်မှာ မဲအများစုနဲ့ ဘယ်လိုအလုပ်လုပ်သလဲ ဆိုတာကိုဖြစ်ဖြစ် အခုထိ နားလည်ပုံ မရသေးပါဘူး။ ဒါက သူတို့ကို ပိတ်ဆို့ထားတဲ့ အတားအဆီးတစ်ခုလို ဖြစ်နေပုံရပါတယ်။
ပြီးတော့ ဒီလူတွေ ဆက်ပြီး နားလည်မှုလွဲနေတာကတော့ ဥပဒေတွေကို ချိုးဖောက်ပြီး မြန်မာပြည်သူတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့်နဲ့ ညှဉ်းပန်းနှိပ်စက်လို့ ရတယ်လို့ သူတို့ ထင်နေတာပါ။ ဘာကြောင့်လဲဆိုတော့ ဆယ်စုနှစ် ပေါင်းများစွာ သူတို့က လွတ်မြောက်နေခဲ့ကြလို့ပါ။
ဒါကြောင့် သူတို့က ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ကြောက်စရာကောင်းလောက်တဲ့ ချိုးဖောက်မှုတွေအတွက် ပြစ်ဒဏ် ကနေ ကင်းလွတ်နေကျ ဖြစ်နေပြီး အခုလည်း ဆက်ပြီးလွတ်မြောက်နေကြတုန်းပါပဲ။ ပြီးတော့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေရဲ့ အခြေခံအကျဆုံး စည်းမျဉ်းဖြစ်တဲ့ အရပ်သားတွေနဲ့ အရပ်သားတွေရဲ့ အိုးအိမ်အဆောက်အအုံတွေကို တိုက်ခိုက်တဲ့လုပ်ရပ်တွေ လုပ်နေတုန်းပါပဲ။
ဒါ သူတို့က တမင်လုပ်နေတာပါ၊ မတော်တဆ ဖြစ်တာမဟုတ်ပါဘူး၊ ဘေးထွက်ဆိုးကျိုးမျိုး မဟုတ်ပါဘူး၊ ပြီးတော့ သူတို့ လွတ်မြောက်နေကြပါတယ်။ တကယ်တော့ နိုင်ငံတော်တော်များများက သူတို့နဲ့ ဆက်ဆံနေကြတဲ့အတွက် သံတမန်ရေးအရ အတော်လေး အဆင်ပြေနေပုံရပါတယ်။
ဒါကြောင့် သူတို့ လုပ်ချင်ရာလုပ်ပြီး လွတ်မြောက်နေကျဖြစ်နေတာလို့ ကျွန်မထင်ပါတယ်။ ပြီးတော့ တစ်ယောက်ယောက်က ခင်ဗျားလုပ်ခဲ့တဲ့အမှားအတွက် အကျိုးဆက်တွေ ရှိလာလိမ့်မယ် လို့ ပြောတဲ့အခါ ကျတော့ သူတို့လုပ်ရပ်နဲ့ပတ်သက်လို့ ရင်ဆိုင်ဖြေရှင်းရတာမျိုး မရှိခဲ့ဘူးတော့ လုံးဝ အံ့အားသင့်သွားတာမျိုးပါ။
RFA: ဟုတ်ကဲ့။ ဒါဆို ကျွန်တော်ကြားတာကတော့ အခု နိုင်ငံတချို့က ဒီအမှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတင်ဖို့ ကြိုးစားနေကြတယ်ပေါ့။ ဒါဆို အဲဒါက နောက်တစ်ဆင့် ဖြစ်လာနိုင်မလား။
ကယ်လီ (Kelly): ပုံမှန်အားဖြင့်တော့ ဒါဟာ နောက်တစ်ဆင့် ဖြစ်လာမှာပါ၊ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ လုံခြုံရေး ကောင်စီမှာ ဦးဆောင်တင်သွင်းတတ်တဲ့ ယူကေ (UK) ရော ပြင်သစ်ပါ နှစ်နိုင်ငံစလုံးက ဒီအမှုကိုတင်ဖို့ ရည်ရွယ် ထားတဲ့အကြောင်း ကြေညာထားတယ်လို့ ကျွန်မ ထင်ပါတယ်။
အားလုံးသိတဲ့အတိုင်းပဲ၊ မြန်မာနိုင်ငံအရေးဟာ အရင်တုန်းကလည်း လုံခြုံရေးကောင်စီကို ရောက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ တညီတညွတ်တည်း မဆုံးဖြတ်နိုင်တဲ့ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။
အဲဒီအကြိမ်တွေတုန်းကလည်း စစ်အစိုးရကို လက်နက်ရောင်းဝယ်မှုပိတ်ပင်ရေးတို့၊ တခြား ဒဏ်ခတ်ပိတ်ဆို့ အရေးယူတာတို့ လုပ်မယ်ဆိုရင် ရုရှားနဲ့ တရုတ်က အမြဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာပါ။
ပြီးတော့ တချို့အချိန်တွေမှာ အမေရိကန်၊ ယူကေနဲ့ တခြား အနောက်နိုင်ငံတွေတောင်မှ လုံခြုံရေးကောင်စီထဲမှာ အားကောင်းခဲ့တာမျိုး မရှိခဲ့ပါဘူး။ ဒါဟာ လုံခြုံရေးကောင်စီမှာ နောက်တစ်ဆင့် ဆက်သွားစေချင်တဲ့ နိုင်ငံ တွေအတွက် တကယ်ကို စိတ်ပျက်အားလျော့စရာ ဖြစ်ခဲ့ပါတယ်။
အဲဒီလို စိတ်ပျက်စရာအခြေအနေ ဆက်ရှိနေဦးမယ်လို့ ကျွန်မထင်ပါတယ်။ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံတွေက အဓိပ္ပာယ်ရှိတဲ့လုပ်ဆောင်ချက် မှန်သမျှကို ဆက်ပြီးပိတ်ပင်နေတာကို ကျွန်မတို့ ဆက်တွေ့ရဦးမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဖိအားပေးမှုတွေလည်း ဆက်ရှိနေလိမ့်မယ်လို ထင်ပါတယ်။
စစ်အုပ်စုအတွက် တခြားနိုင်ငံတွေဆီကရနိုင်တဲ့ ထောက်ခံမှုတွေထဲမှာ ဒါဟာ အမြင့်ဆုံးဖြစ်ကောင်း ဖြစ်နိုင် တယ်လို့ ကျွန်မ ထင်ပါတယ်။
သိတဲ့အတိုင်းပဲ၊ နောက်ကွယ်ကနေ ကြိုးကိုင်နိုင်စွမ်းအများကြီးရှိတဲ့ တရုတ်လိုနိုင်ငံမျိုးတောင် မင်းအောင်လှိုင်နဲ့ ဆက်ဆံရတာ အရမ်းခက်ခဲတာ တွေ့ရပါလိမ့်မယ်။ မင်းအောင်လှိုင်က သိတဲ့အတိုင်းပဲ၊ သူ့ကို ကာကွယ်ပေးတဲ့သူ ကိုတောင် နောက်ပိုင်းမှာ ပြန်တိုက်ခိုက်ပါတယ်။ ဒါဟာ သူတို့အတွက် သူ့ကို ကိုင်တွယ်ရတာ အရမ်းခက်ခဲတယ် လို့ ကျွန်မ ထင်ပါတယ်။ ဒါကြောင့် ရှေ့လျှောက် ဒီစစ်အစိုးရအပေါ် ထောက်ခံမှုတွေ သိပ်ပြီး ထက်ထက်သန်သန် မရှိတော့တာမျိုး ဖြစ်လာနိုင်တယ်လို့ ကျွန်မ ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလို ဖြစ်လာမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။
RFA: ဟုတ်ကဲ့။ ရိုဟင်ဂျာနဲ့ပတ်သက်ပြီး ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှုပေါ့။ ဒါပေမဲ့ ခင်ဗျားက နိုင်ငံတစ်ခုလုံးအတွက်၊ မြန်မာနိုင်ငံအတွက် အလုပ်လုပ်နေတာလေ။ ပြီးတော့ ခင်ဗျားက မြန်မာ့အရေးကို ဆယ်စုနှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တာ ဆိုတော့ အခုသိတဲ့အတိုင်းပဲ စစ်ကိုင်း၊ မကွေး၊ ကရင်၊ ကရင်နီ... အများကြီးပဲလေ၊ အဲဒီဒေသတွေအားလုံးမှာ ဖြစ်ပျက်နေတာ။ ပြည်သူတွေက တရားမျှတမှု ရရှိဖို့ပေါ့။ အဲဒီမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီးရှိနေတယ်။ တရားမျှတမှု လိုချင်တဲ့ အဲဒီလူတွေအတွက်ကျတော့ ဘယ်လိုဖြစ်မလဲ။
ကယ်လီ (Kelly): ရိုဟင်ဂျာဘက်က အမှုတွေအပါအဝင် တရားစွဲထားတဲ့အမှုတွေ အများကြီး ရှိပါတယ်။ ပြီးတော့ ထပ်ပြောရရင် ရိုဟင်ဂျာဘက်က ဒီအမှုတွေအတွက် ၂၀၁၇ ခုနှစ်ကတည်းက ကြိုးစားလာခဲ့တာ။ ဒါကြောင့် ဆယ်နှစ်နီးပါး ရှိသွားပါပြီ။ ဥပဒေရေးရာ ကြိုးပမ်းမှုတွေ အခုလိုအခြေအနေမျိုး ရောက်လာဖို့ အတွက် အမှုတော်တော်များများမှာပေါ့။
စစ်ကိုင်း၊ မကွေးနဲ့ အညာဒေသကိစ္စနဲ့ ကရင်၊ ကချင်၊ ကရင်နီနဲ့ ရှမ်းပြည်နယ်တို့လို တခြားတိုင်းရင်းသား ဒေသ တွေ အပါအဝင်ပေါ့။ အဲဒီမှာလည်း စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့၊ ဆိုးရွားတဲ့ အစုလိုက်အပြုံလိုက် ရက်စက်ကြမ်း ကြုတ်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီဖြစ်ရပ်တွေမှာ ခံရတဲ့သူတွေ၊ အသက်ရှင်ကျန်ရစ်တဲ့သူတွေမှာ တရားစွဲဖို့ တရားဝင် ရပိုင်ခွင့်ရှိကြပြီး တချို့အဖွဲ့တွေက ကြိုးစားနေပြီလို့ ကျွန်မ ယုံကြည်ပါတယ်။
အခက်အခဲတွေကတော့ ဒီအမှုတွေကို တရားစွဲဖို့ ကုန်ကျစရိတ် အရမ်းများတာပါ။ ငွေအား၊ လူအား အပြင် အမှု စွဲဆိုဖို့ အချိန်စိုက်ထုတ်ရမှုပါ အများကြီး လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီအမှုတွေထဲက တချို့ ကို လက်တွေ့ ကြိုးမ်းလုပ်ဆောင်နေသူတွေတော့ ရှိနေပါတယ်။
တကယ်တော့ အရင်တုန်းကလည်း ကရင်ပြည်နယ်မှာ ကျွန်မတို့ တွေ့ခဲ့ရတဲ့၊ နောက်ပိုင်းမှာ ရှက်ဗရွန် (Chevron) ဖြစ်လာတဲ့ ယူနိုကယ်လ် (Unocal) လို ရေနံကုမ္ပဏီတွေကို နစ်နာတဲ့သူတွေက တရားစွဲနိုင်ခဲ့တဲ့ ဖြစ်ရပ်ပါ။ အဲဒီမှာ စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံခဲ့ရတဲ့သူတွေ လျော်ကြေးရခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ ရေနံကုမ္ပဏီက လုံခြုံရေးအတွက် မြန်မာစစ်တပ်ကိုသုံးခဲ့တာဟာ ပြည်သူတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ခဲ့လို့ပါ။
ဒါပေမယ့် အခွင့်အလမ်းတွေ အများကြီး ရှိတယ်လို့ ကျမ ထင်ပါတယ်။ မှန်ကန်တဲ့ အမှုတွေ၊ မှန်ကန်တဲ့ တရားလိုတွေ၊ မှန်ကန်တဲ့ တရားစီရင်ပိုင်ခွင့်၊ ပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) က ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အပါအဝင် အလွန်စေ့စပ်သေချာစွာ စုဆောင်းထားတဲ့ သက်သေအထောက်အထားတွေကို ရှာဖွေတွေ့ရှိဖို့ပဲ လိုတာပါ၊ သူတို့က အမှုတွဲတွေ တည်ဆောက်နေပြီး အတည်ပြုထားတဲ့ သတင်းအချက်အလက်တွေ ပံ့ပိုးပေးနိုင်ပါတယ်။
RFA: ဒါဆို လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အနေနဲ့ပေါ့၊ အရင်ကတာဝန်ယူခဲ့တဲ့ သူတချို့ မြန်မာနိုင်ငံကို သွားခဲ့ဖူးပါတယ်။ ခင်ဗျားရော မြန်မာနိုင်ငံထဲ ဝင်ခွင့်ရနိုင်မလား၊ အခြေအနေဘယ်လိုရှိလဲ။
ကယ်လီ (Kelly): ကျွန်မ ဝင်ခွင့် တောင်းဆိုထားပါတယ်၊ စစ်အုပ်စုရဲ့ ကိုယ်စားလှယ်တွေကနေ တစ်ဆင့်ရော၊ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေကနေ တစ်ဆင့်ပါ။ ဒီနှစ်အစောပိုင်းတုန်းက စစ်အုပ်စုက ကျွန်မကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ပြန်ပြောခဲ့ပေမဲ့ လာမဲ့ ဇန်နဝါရီလမှာ သူတို့ကို ထပ်မေးမှာပါ။ ပြီးတော့ တော်လှန်ရေးအင်အားစုတွေက သူတို့ ထိန်းချုပ်ထားတဲ့နယ်မြေထဲ ကျွန်မကို နွေးနွေးထွေးထွေး ကြိုဆိုမယ်ဆိုတာ နားလည်ထားပေမဲ့ သူတို့အတွက် စိန်ခေါ်မှုက အိမ်နီးချင်းနိုင်ငံတွေက အဲဒါကို ခွင့်ပြုပေးမှာ လားဆိုတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မ အားလုံးကို ညှိနှိုင်းရပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဘာမဆို ဖိတ်ကြားချက်နဲ့ ဖြစ်ရမှာမို့လို့ ကျွန်မ ဒီဖိတ်ကြားချက်တွေအတွက် ညှိနှိုင်းရပါတယ်။
RFA: ဟုတ်ကဲ့။ ဒါဆို အခု ခင်ဗျား အထွေထွေညီလာခံ (General Assembly) ကို အစီရင်ခံစာ တင်သွင်း ပြီးပြီလား။
ကယ်လီ (Kelly): ဟုတ်ကဲ့၊ ပြီးခဲ့တဲ့လက အထွေထွေညီလာခံကို ကျွန်မ အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။ ကျွန်မရဲ့ အစီရင်ခံစာအပြည့်အစုံကို OHCHR (ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး) ဝက်ဘ်ဆိုက်မှာရှိတဲ့ ကျွန်မရဲ့ (အထူးကိုယ်စားလှယ်) စာမျက်နှာမှာ တွေ့နိုင်ပါတယ်။ ကျွန်မရဲ့ ပထမဆုံး အစီရင်ခံစာကို ပြုစုတင်သွင်းခွင့် ရတဲ့အတွက် ကျွန်မ အရမ်း စိတ်အားထက်သန်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအစီရင်ခံစာက ကျွန်မအတွက် အခြေခံအုတ်မြစ် ချဖို့နဲ့ ဦးစားပေးလုပ်ဆောင်ရမယ့် အချက်တချို့ ချပြနိုင်ဖို့ အခွင့်အရေးပေးခဲ့လို့ပါ။
RFA: ဒါဆို မြန်မာပြည်သူတွေအတွက် ဘယ်လိုလမ်းကြောင်းတွေရှိသလဲ၊ သူတို့ရဲ့ လူ့အခွင့်အရေးကို တိုင်ကြားချင်တဲ့သူတွေအတွက်ပေါ့။
ကယ်လီ (Kelly): ဟုတ်ကဲ့၊ သေချာပေါက် ရှိပါတယ်။ ကုလသမဂ္ဂရဲ့ OHCHR ဝက်ဘ်ဆိုက်ပေါ်က လူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ ဝက်ဘ်ဆိုက် ကိုသွားမယ်ဆိုရင် အထူးကိုယ်စားလှယ်လုပ်ပိုင်ခွင့်အဖွဲ့နဲ့ ဆက်သွယ်နိုင်မယ့် လမ်းကြောင်းတစ်ခု ရှိပါတယ်။ ဒါကြောင့် ကျွန်မတို့မှာ တိုင်ကြားချက်တွေ၊ စွပ်စွဲချက်တွေအပြင် အစီရင်ခံစာမှာ အသုံးပြုနိုင်တဲ့ သက်သေအထောက်အထားနဲ့ သတင်းအချက်အလက်တွေ လက်ခံဖို့ ပွင့်လင်းတဲ့ လုပ်ငန်းစဉ်တစ်ခု ရှိပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်နေတဲ့ မြန်မာနိုင်ငံ ပြည်တွင်းရော ပြင်ပမှာပါရှိတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ကျွန်မတို့ ချိတ်ဆက်ပြီး အများကြီး လုပ်ဆောင်ပါတယ်။ မြန်မာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေဆီက ပံ့ပိုးမှုမရှိဘဲ ကျွန်မရဲ့ အလုပ်ကို လုပ်နိုင်မှာ မဟုတ်ပါဘူး။
RFA: ဟုတ်ကဲ့။ နောက်ဆုံးမေးခွန်းအနေနဲ့ မြန်မာပြည်သူတွေအတွက် ဘယ်လိုအကြံပြုချက် ပေးနိုင်ပါသလဲ။
ကယ်လီ (Kelly): ကျွန်မ နားလည်သလောက် ဒီနေရာမှာ အဓိကရည်မှန်းချက် ပန်းတိုင်ဟာ ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စုတစ်ခု တည်ဆောက်နိုင်မယ့်၊ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ရောက်ဖို့ ဖြစ်တယ်လို့ ကျွန်မ ထင်ပါတယ်။ ဒါပေမဲ့ စိမ်ခေါ်မှုကတော့ ဒီပဋိပက္ခရဲ့ အင်အားချင်းမညီမျှတဲ့ အနေအထားပါပဲ။ တစ်ဖက်မှာက ပြင်ပပံ့ပိုးမှုရနေတဲ့ စစ်တပ်ရှိနေပြီး နောက်တစ်ဖက်မှာက ကျွန်မ အရင်က ခေါ်ခဲ့ဖူးတဲ့ ‘မြန်မာပြည်သူတွေရဲ့ DIY တော်လှန်ရေး’ (ကိုယ့်အားကိုယ်ကိုး တော်လှန်ရေး) ရှိနေပါတယ်။ မြန်မာပြည်သူတွေနဲ့ ကျွန်မ ထိတွေ့ဆက်ဆံခဲ့ဖူးသလောက်ကတော့ ပြည်သူတွေဟာ စစ်တပ်ရဲ့ ဖိနှိပ်မှုအောက်မှာ ဆက်ပြီး မနေချင်တော့ဘူး ဆိုတာပါပဲ။ တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ ဆက်ပြီး ခုခံသွားမယ်ဆိုတာကို သူတို့ ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီးပြီလို့ ကျွန်မ ထင်ပါတယ်။
မြန်မာပြည်သူတွေကို အထူးတလည် အကြံပြုချင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မ စိုးရိမ်မိတာ တစ်ခုကတော့ ICJ အမှုနဲ့ပတ်သက်လို့ NUG နဲ့ NCEF တို့ရဲ့ ထုတ်ပြန်ချက် အပါအဝင် တုံ့ပြန်ချက်တချို့ဟာ တစ်ခါတစ်လေမှာ အတော်လေး အပျက်သဘော ဆောင်နေတာပါပဲ။ ပြီးတော့ အမုန်းစကား မပြောကြ၊ မဖြန့်ကြအောင် အသိပညာပေးနေတဲ့အဖွဲ့တွေကို ဆက်လုပ်ဖို့လည်း ကျွန်မ တိုက်တွန်းချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအပိုင်းမှာ နားလည်မှုလွဲနေတာတွေ အများကြီးရှိနေတုန်း ဖြစ်သလို၊ စိန်ခေါ်မှုတွေလည်း အများကြီးရှိနေဆဲမို့ပါ။
ဒါတွေဟာ သေချာပေါက် ကြိုးပမ်းအားထုတ်ရမယ့်ကိစ္စတစ်ခုပါ။ ဒါပေမဲ့ လူတချို့ကို ဒီနိုင်ငံနဲ့ မသက်ဆိုင်သူတွေအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ ပြောဆိုသတ်မှတ်ခံခဲ့ရတဲ့နောက်မှာ လူ့အဖွဲ့အစည်းတစ်ခုအတွင်း စိတ်ရှည်သည်းခံနိုင်စွမ်းနဲ့ ပွင့်လင်းမှုကို ပြန်ပြီးတည်ဆောက်ယူဖို့ ဆိုတာ နှစ်ပေါင်းများစွာ အချိန်ယူ လုပ်ဆောင်ရပါတယ်။
RFA: ကျွန်တော်တို့ သတင်းတွေအောက်မှာ အများကြီး တွေ့ရတဲ့ မှတ်ချက်တွေ ရှိတယ်။ ကုလသမဂ္ဂ (UN) ကို လူတွေက ပြောနေကြတာက… ကုလသမဂ္ဂက အမြဲတမ်း ‘စိုးရိမ်တယ်၊ စိုးရိမ်တယ်၊ စိုးရိမ်တယ်’ လို့ပဲ ပြောနေတာ" တဲ့။
ကယ်လီ (Kelly): မှန်ပါတယ်။ ကျွန်မရဲ့ စိုးရိမ်မှုကတော့ ကုလသမဂ္ဂက လုံးဝ ဂရုမစိုက်တော့တဲ့ အခြေအနေမျိုး ရောက်သွားရင် ပိုဆိုးသွားနိုင်တာပါပဲ။ အဲဒီလိုသာ ဖြစ်သွားရင်တော့ တကယ့် ဒုက္ခကြုံရနိုင်ပါတယ်။ ကုလသမဂ္ဂဟာ တော်တော်လေး စိတ်ပျက်စရာ ကောင်းနိုင်ပါတယ်။ ကျွန်မက ကုလသမဂ္ဂရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေပေမဲ့ သီးခြား လွတ်လပ်ပါတယ်။ အထူးလုပ်ထုံးလုပ်နည်းဆိုင်ရာ ကိုယ်စားလှယ် ဖြစ်တဲ့အတွက် နည်းနည်းတော့ ကွဲပြားခြားနားပါတယ်။ ပြီးတော့ ကျွန်မကိုယ်တိုင်လည်း တော်တော်လေး စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဆက်ကြိုးစားရမယ်လို့ ကျွန်မ ထင်ပါတယ်။ ကျွန်မတို့ ဆက်တိုက်ပွဲဝင်ပြီး ဆက်ကြိုးစား ရမှာပါပဲ။
RFA: ကျေးဇူးတင်ပါတယ် မစ္စကယ်လီ။
ကယ်လီ (Kelly): ကျေးဇူးတင်ပါတယ်။
