ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့လုပ်ရပ်ကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ဗြိတိန်အစိုးရက တရားဝင်အသိအမှတ်ပြုပြီး မြန်မာစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုတွေ ထပ်တိုးလိုက်ကြောင်း ဗြိတိန်လွှတ်တော်မှာ ကြေညာလိုက်ပါတယ်။
မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာလ ၁၉ ရက်နေ့မှာ အပြီးသတ် စီရင်ဆုံးဖြတ်လိုက်ပြီးနောက် နိုဝင်ဘာလ ၂၃ ရက်နေ့ ဗြိတိန်လွှတ်တော်ဆွေးနွေးပွဲမှာ နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်းက အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ကို အရေးယူတဲ့အနေနဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ (နိုဝင်ဘာလ ၁၉ ရက်) က နှင်ထုတ်ခဲ့ပြီး ဖြစ်ပါတယ်။
အခုတစ်ခါ ထပ်တိုးပိတ်ဆို့အရေးယူလိုက်တဲ့ စာရင်းမှာ ဗိုလ်ချုပ်အဆင့် ၄ ဦးနဲ့ ဗိုလ်မှူးချုပ် ၁ ဦးတို့ ပါဝင်ပြီး သူတို့တွေကတော့ ဗိုလ်ချုပ်မျိုးမင်းထွန်း (အရှေ့ပိုင်းတိုင်းစစ်တိုင်းမှူး)၊ ဗိုလ်ချုပ်မြတ်သက်ဦး (ယခင် မြောက်ပိုင်းတိုင်းမှူး)၊ ဗိုလ်ချုပ်ကျော်စိုး (အနောက်ပိုင်းစစ်တိုင်းမှူး)၊ မြောက်ဦးပြည်သူ့ဆေးရုံကြီး ဗုံးကြဲတိုက်ခိုက်မှုမှာ တာဝန်ရှိသူအဖြစ် ဗြိတိန်က သတ်မှတ်ထားတဲ့ ဗိုလ်ချုပ်ကျော်စွာဦး (ယခင် အနောက်ပိုင်းတိုင်းမှူး) နဲ့ ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင် (အနောက်မြောက်ပိုင်း ဒု-တိုင်းမှူး) တို့ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်က အရပ်သားတွေအပေါ် လေကြောင်းက တိုက်ခိုက်နေတာတွေကို တုံ့ပြန်ဖို့အတွက် မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့မှု ပိတ်ပင်မယ့် ဥပဒေသစ်တစ်ရပ်ကိုလည်း လာမယ့်လတွေအတွင်း တင်သွင်းမယ်လို့ ကြေညာလိုက်ပါတယ်။
တစ်ဆက်တည်းမှာပဲ စစ်ကောင်စီနဲ့ ဆက်နွှယ်နေတဲ့ မြန်မာနိုင်ငံတွင်းက အဓိကကုမ္ပဏီကြီးတွေကို တိုးမြှင့်စိစစ်သွားမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်းက ပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဦးဆောင်ရေးဆွဲသူဖြစ်တဲ့ ဗြိတိန်အနေနဲ့ ဒီသီတင်းပတ်အတွင်း လုံခြုံရေးကောင်စီမှာ ICJ ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အရေးပေါ်တင်ပြသွားမှာဖြစ်ပြီး မြန်မာ့အရေး ဆွေးနွေးဖို့ နောက်ထပ် သီတင်းနှစ်ပတ်အကြာမှာ သီးသန့်အစည်းအဝေးတစ်ရပ် ခေါ်ယူထားတယ်လို့လည်း ပြောပါတယ်။
အာဆီယံမိတ်ဖက်နိုင်ငံတွေ၊ ကနေဒါနဲ့ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့နဲ့လည်း ပူးပေါင်းဖိအားပေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းက လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေအတွက် စတာလင်ပေါင် ၃ သန်း ထပ်တိုး ကူညီသွားမှာဖြစ်ပြီး၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အတွက် ရန်ပုံငွေကိုလည်း နှစ်ဆတိုးမြှင့်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာနဲ့ ရခိုင်လူမှုအသိုက်အဝန်းက လူသားချင်းစာနာမှုအကူအညီ အထူးလိုအပ်နေတဲ့ လူဦးရေ ၃ သိန်းခွဲလောက်အတွက် ပေါင် ၅ သန်း ထပ်မံပေးအပ်သွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။
