မြန်မာ့မြေရှားသတ္တုတူးဖော်ရေးသုံး ဓာတုပစ္စည်းတွေ တင်ပို့မှုပိတ်ပင်ဖို့ ထိုင်းစီစဉ်

ရေအရည်အသွေး စောင့်ကြည့်စစ်ဆေးဖို့ မြန်မာနိုင်ငံဘက်မှာ စောင့်ကြည့်ရေးစခန်း လေးခု တပ်ဆင်ခွင့် တောင်းခံသွားမှာဖြစ်ပြီး ထိုင်းနိုင်ငံဘက်မှာလည်း လေးခု တပ်ဆင်ဖို့ စီစဉ်ထားတယ်။

မြန်မာနိုင်ငံက မြေရှားသတ္တုတူးဖော်ရေးမှာ အသုံးပြုနေတဲ့ ဓာတုပစ္စည်းတွေကို ထိုင်းနိုင်ငံကနေ တင်ပို့တာ၊ ထိုင်းနိုင်ငံကို ဖြတ်သန်းပြီး သယ်ယူပို့ဆောင်တာတွေကို တားမြစ်ဖို့ ထိုင်းအစိုးရက စီစဉ်နေပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းက မြစ်တွေမှာ အာဆင်းနစ်ဓာတ်ပါဝင်မှု မြင့်တက်နေတာကြောင့် ရေထုညစ်ညမ်းမှုပြဿနာကို ဖြေရှင်းဖို့ အခုလိုစီစဉ်တာဖြစ်ပြီး တရုတ်၊ မြန်မာတို့နဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ Bloomberg သတင်းဌာနက ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ထိုင်း၊ မြန်မာနဲ့ တရုတ် သုံးနိုင်ငံတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပြီး နိုဝင်ဘာလ ၂၅ ရက်ကနေ ၂၆ ရက်နေ့အထိ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေး ကျင်းပဖို့ရှိတယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ချနန် ဝေါင်ဆာဝပ် (Yodchanan Wongsawat) က နိုဝင်ဘာလ ၂၁ ရက်နေ့က ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို စီးဆင်းတဲ့ ကော့ခ်မြစ် (Kok River) နဲ့ ဆိုင်မြစ် (Sai River) တွေမှာ အာဆင်းနစ်ဓာတ်ပါဝင်မှုဟာ ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ စံနှုန်းထက် အဆ ၃၀ အထိ မြင့်တက်နေတာကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို ထိခိုက်လာနိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေက သတိပေးထားပါတယ်။

ဒီမြစ်တွေမှာ ရေထုညစ်ညမ်းနေတာဟာ မြန်မာနိုင်ငံဘက်က သတ္တုတူးဖော်ရေးလုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိနေတာကြောင့် ဒီကိစ္စကို အရေးပေါ် ဖြေရှင်းဆောင်ရွက်ပေးဖို့ မြန်မာဘက်ကို တောင်းဆိုသွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖုဝမ်ကက်(က်)ရောက် (Sihasak Phuangketkeow) က အခုလဆန်းပိုင်းမှာ ပြောထားပါတယ်။

ရေအရည်အသွေး စောင့်ကြည့်စစ်ဆေးဖို့ မြန်မာနိုင်ငံဘက်မှာ စောင့်ကြည့်ရေးစခန်း လေးခု တပ်ဆင်ခွင့် တောင်းခံသွားမှာဖြစ်ပြီး ထိုင်းနိုင်ငံဘက်မှာလည်း လေးခု တပ်ဆင်ဖို့ စီစဉ်ထားတယ်လို့ ထိုင်း သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ရေးရာဝန်ကြီး ဆူချတ် ချွန်ခလင် (Suchart Chomklin) က ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၂ ရက်နေ့ကစပြီး ထိုင်းနိုင်ငံအတွင်း စီးဆင်းနေတဲ့ ကော့ခ်မြစ်တစ်လျှောက် ကီလိုမီတာ ၁၅၀ ကျော်ကို ရေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဇုန်အဖြစ် သတ်မှတ်ဖို့လည်း စီစဉ်နေပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ် (Anutin Charnvirakul) ကလည်း နိုဝင်ဘာလ ၂၀ ရက်နေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံစဉ်က ဒီပြဿနာကို ထည့်သွင်းဆွေးနွေးခဲ့ပြီး ရေအရည်အသွေး စောင့်ကြည့်ရေးအတွက် တရုတ်နိုင်ငံက နည်းပညာအကူအညီပေးဖို့ ကတိပြုခဲ့တယ်လို့ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ပြောပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) အစည်းအဝေးနဲ့ ဒီဇင်ဘာလနှောင်းပိုင်း တရုတ်နိုင်ငံမှာ ကျင်းပမယ့် မဲခေါင်-လန်ချန်း ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာလည်း ဒီပြဿနာကို ထည့်သွင်းဆွေးနွေးသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။