နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံမှာ မတရား ဖမ်းဆီးခံထားရသူ အားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ လုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံက တောင်းဆိုထားတဲ့အတိုင်း ထပ်လောင်း တောင်းဆိုပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် (António Guterres) က ပြောလိုက်ပါတယ်။
၂၀၂၆ နိုဝင်ဘာလ ၁၆ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ကျင်းပတဲ့ အာဆီယံ-ကုလသမဂ္ဂ ပူးတွဲအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ မစ္စတာဂူတားရက်စ်က အခုလို ပြောလိုက်တာပါ။
မြန်မာနိုင်ငံမှာ လက်ပိုက်ကြည့်မနေသင့်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကြပ်ဘေးကြီး ဖြစ်ပေါ်နေပြီး စစ်အာဏာပိုင်တွေက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေဟာ အရပ်သားပြည်သူတွေ သေဆုံးထိခိုက်ရတဲ့ အဓိကအကြောင်းရင်း ဖြစ်နေကြောင်း၊ လူ ၁၆ သန်းကျော် အကူအညီလိုနေပြီး လေးသန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်းလည်း မစ္စတာဂူတားရက်စ်က ပြောပါတယ်။
လူသားချင်းစာနာမှုအကူအညီတွေကို အဟန့်အတားမရှိ ပေးပို့ခွင့်ပြုဖို့ တောင်းဆိုလိုပါတယ်လို့လည်း ပြောပါတယ်။
ကုလသမဂ္ဂအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေး၊ မြန်မာနိုင်ငံက သက်ဆိုင်သူတွေကိုယ်တိုင် ဦးဆောင်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်ရေးကို ဆက်ပြီး ထောက်ခံကူညီသွားမယ်လို့လည်း မစ္စတာဂူတားရက်စ်ကပြောပါတယ်။ အာဆီယံနိုင်ငံတွေက မြန်မာစစ်တပ်ခန့် အစိုးရနဲ့ ထိတွေ့ ဆက်ဆံတာဟာ စစ်အာဏာပိုင်တွေကို လိုက်လျောအလျှော့ပေးတာမျိုး မဖြစ်သင့်ဘူးလို့လည်း ပြောပါတယ်။ မြန်မာ့အရေးမှာ ထိတွေ့ဆက်ဆံသင့်တဲ့သူတိုင်းကို ထိတွေ့ဆက်ဆံရမယ်ဆိုတာကို မကန့်ကွက်လိုပေမယ့် လက်သင့်ခံလို့မရတဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကတော့ ရပ်တန်းက ရပ်ဖို့လိုတယ်လို့ မစ္စတာဂူတားရက်စ်က ပြောပါတယ်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ (Julie Bishop) အနေနဲ့လည်း မြန်မာနိုင်ငံက အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အားလုံးကို ထိတွေ့ဆက်ဆံသွားမယ်လို့ ပြောပါတယ်။ မစ္စတာဂူတားရက်စ်ဟာ လာမယ့် ဒီဇင်ဘာလမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရာထူးသက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အာဆီယံညီလာခံကို အတွင်းရေးမှူးချုပ်အဖြစ် နောက်ဆုံးအကြိမ် တက်ရောက်လာတာ ဖြစ်ပါတယ်။
