စစ်ဖြစ်ရာဒေသမှာ Starlink လိုင်းမရတော့တဲ့အရပ်သားတွေ သတင်းနဲ့ဆက်သွယ်ရေးခက်ခဲလာ

“ကျွန်တော်တို့  Starlink တွေ တချို့အလုံးတွေအပိတ်ခံလိုက်ရတယ်။ ဒါက ကျွန်တော်တို့အတွက်တော့ အတော်လေးကို ဒုက္ခလည်းရောက်တယ်"

“ဒီဟာကို ကြဲမယ်ဆိုတဲ့ဟာကို လိုင်းပေါ်ကနေ အကုန်လုံးပို့ပေးတယ်။ လှမ်းတော့လည်း အကြောင်းကြား တယ်။ အကြောင်းကြားပေမယ့် ဆက်သွယ်ရေး Starlink မရှိတဲ့အတွက်။ ပြီးတော့ နယ်မြေခံကလည်း သုံးတဲ့လူ မရှိတဲ့ သဘောမျိုးကြောင့် ဒီပုံစံအတိုင်း အကျအဆုံးအသေအပျောက်များသွားတာပေါ့။ လွန်ခဲ့တဲ့ တစ်လ လောက်က နတ်လာပို့ရွာမှာဆိုရင်လည်း အဲဒီလိုပဲ ကြဲမယ့်နေရာအတိအကျရတော့ ရှင်းလင်းထားဆိုတော့ အထိအခိုက်ကမရှိဘူး။ အဲဒီလိုဆိုရင်တော်သေးတယ်။ အခုဟာက ကြဲမယ့်နေရာလည်း ရရဲ့သားနဲ့ ဆက်သွယ် ရေး ပြတ်တောက်တဲ့သဘောဖြစ်သွားတာပေါ့”

စစ်ကိုင်းတိုင်း ကနီမြို့နယ် ညောင်ပင်လယ်ရွာက စာသင်ကျောင်းကို နိုဝင်ဘာလ ၇ ရက်နေ့မှာ စစ်တပ်က ဗုံးကြဲ တိုက်ခိုက်မယ့်အကြောင်း ဒေသခံကာကွယ်ရေးတပ် (PDF) တွေက သတင်းကြိုရခဲ့ပေမဲ့၊ အဲဒီရွာမှာ အင်တာနက်မရှိတဲ့အတွက် ဒေသခံတွေဆီအချိန်မှီသတင်းမရောက်လို့ လူ့အသက်တွေဆုံးရှုံးခဲ့ကြတဲ့အကြောင်း ကနီမြို့နယ် ဒေသခံတစ်ဦးက RFA ကိုပြောပြတာပါ။

အဲဒီဖြစ်ရပ်မှာ ဆရာ၊ ဆရာမနဲ့ ကလေးတွေ စုစုပေါင်း ၁၁ ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တဲ့အကြောင်း RFA ကတင်ပြခဲ့ပါတယ်။ အဲဒီ ညောင်ပင်လယ်ရွာဟာ အရင်ကတည်းက စစ်တပ်က အင်တာနက်ဖြတ်ထားတဲ့အတွက် ဆက်သွယ်ရေးခက်ခဲတဲ့နေရာဖြစ်ပါတယ်။

ကမ္ဘာမှာပြည်တွင်းစစ်အရှည်ကြာဆုံးဖြစ်နေတဲ့ မြန်မာပြည်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ် ၄၀ ရာခိုင်နှုန်းကျော် ကို စစ်တပ်ခန့်အစိုးရက တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်ဆက်သွယ်ရေးဖြတ်ထားသလို၊ အဲဒီဒေသတွေမှာ ပြည်သူတွေစျေးကြီးပေးပြီးသုံးနေရတဲ့ Starlink အင်တာနက်လိုင်းတွေလည်းတဖြေးဖြေးအဖြတ်ခံနေရတယ်လို့ ဒေသခံတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက RFA ကိုပြောပါတယ်။

အခုဆိုရင် ပြည်သူတွေ အားကိုးနေရတဲ့ Starlink အင်တာနက်တွေလည်း ဒီနှစ် ဇွန်လကစပြီး ဆက်တိုက်ပိတ်ပင် ခံလာရပါတယ်။

ဒါကြောင့် အရပ်သားတွေအပေါ်မှာတိုက်ရိုက်ထိခိုက်တယ်လို့ အသံအဖွဲ့ရဲ့ သုတေသန ညွှန်ကြားရေးမှူး ဂျွိုင်းက ပြောပါတယ်။

“ စစ်တပ်က အစကတည်းက ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေဖြတ်ထားတယ်ဆိုတာက သူတို့လုပ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖုံးကွယ်ဖို့နဲ့ လူတွေရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်ထားတာဖြစ်တယ်။ ဒီ Starlink ကပါထပ်ပြီးတော့ မြန်မာနိုင်ငံကို ဝန်ဆောင်မှုမပေးတော့ဘူး။ ဖြတ် တောက်မယ်ဆိုတာမျိုးတွေက ဒီဒေသခံတွေအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းနဲ့ပတ်သက်တဲ့သတင်းတွေ၊ ပြီးတော့ သဘာ၀ဘေး အန္တရာယ်နဲ့သက်ဆိုင်တဲ့သတိပေးချက်တွေရယူဖို့ ဒါတွေ ချက်ချင်းရပ်သွားမှာပေါ့”

ဆက်သွယ်ရေး ဖြတ်တောက်ခံရတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုနဲ့စစ်ကြောင်းလှုပ်ရှားမှုဆိုင်ရာ သတိပေး ချက်တွေ၊ ဆေးဘက်ဆိုင်ရာအကူအညီ၊ မိသားစုဝင်တွေရဲ့ ဘေးကင်းမှုနဲ့ ရှောင်တိမ်းရမည့်လမ်းကြောင်းတွေကို မသိရှိနိုင်တော့တဲ့အတွက် ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေက ပြည်သူတွေရဲ့ အသက်နဲ့ ဘေးကင်းလုံခြုံရေး ကိုပါ တိုက်ရိုက်သက်ရောက်စေတယ်လို့ အသံအဖွဲ့ရဲ့ အောက်တိုဘာ ၂၃ ရက်ကထုတ်ပြန်တဲ့ “ဆက်သွယ်ရေး အမှောင်ကျခြင်း” ဆိုတဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

အင်တာနက်နဲ့ဖုန်းလိုင်းတွေ ဘယ်တော့ပြန်လုပ်ပေးနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရဲ့ သမ္မတရုံး ပြောခွင့်ရသူ ဒေါ်ခိုင်ခိုင်စိုး ကို RFA ကဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။

အင်တာနက်အဖြတ်ခံထားရတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ အမေရိကန်အခြေစိုက် SpaceX ကုမ္ပဏီရဲ့ Starlink အင်တာနက်ကိုဝယ်ပြီး နှစ်စဥ်ကြေးနဲ့သုံးကြသလို၊ မြန်မာနိုင်ငံမှာအခြေစိုက်ပြီးလုပ်နေတဲ့တရုတ်ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကလည်းသုံးကြပါတယ်။

ကရင်ပြည်နယ် KK Park မှာသုံးနေတဲ့ Starlink စက်တွေကိုတွေ့ရပုံ ( ၂၀၂၅ အောက်တိုဘာ)
စစ်ဖြစ်ရာဒေသမှာ Starlink လိုင်းမရတော့တဲ့အရပ်သားတွေ သတင်းနဲ့ဆက်သွယ်ရေးခက်ခဲလာ ကရင်ပြည်နယ် KK Park မှာသုံးနေတဲ့ Starlink စက်တွေကိုတွေ့ရပုံ ( ၂၀၂၅ အောက်တိုဘာ) (LILLIAN SUWANRUMPHA/AFP)

ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ပတ်သက်တဲ့သူတွေကို အမေရိကန်အစိုးရက အလိုရှိသူတွေအဖြစ်ကြေညာလိုက်တဲ့နောက်မှာ ကျားဖြန့်တွေသုံးနေတဲ့ Starlink အင်တာနက်ကို လည်း Space X ကုမ္ပဏီကဖြတ်တောက်လိုက်တာတွေ့ရပါတယ်။

ဒါနဲ့ပတ်သက်လို့ “ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေမှာသုံးနေတယ်လို့ သံသယရှိတဲ့ Starlink စက် အလုံး ၂၅၀၀ ကျော်ကို ပိတ်ပင်ခဲ့တယ်” လို့ Space X ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှု ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ လောရင် ဒရိုင်ယာ (Lauren Dreyer) က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလက သူ့ရဲ့ X လူမှုကွန်ယက်မှာရေးခဲ့ပါတယ်။

Space X ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌ လောရင် ဒရိုင်ယာ၏ သတင်းတို
စစ်ဖြစ်ရာဒေသမှာ Starlink လိုင်းမရတော့တဲ့အရပ်သားတွေ သတင်းနဲ့ဆက်သွယ်ရေးခက်ခဲလာ Space X ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌ လောရင် ဒရိုင်ယာ၏ သတင်းတို (Screenshot from X)

အခုတော့ ကျားဖြန့်လုပ်ငန်းတွေမှာသုံးနေတဲ့ Starlink စက်တွေတင်အပိတ်ခံရတာမဟုတ်ပဲ အရပ်သားတွေသုံးနေတဲ့ Starlink လိုင်းတွေလည်း ဒီနှစ် ဇွန်လကစပြီးရပ်ဆိုင်းခံလာရပါတယ်။ အောက်တိုဘာလအထိဆိုရင် အဖြတ်ခံရတဲ့ စက် ၂၀ ရာခိုင်နှုန်းကျော်နေပြီလို့ အသံအဖွဲ့ ကပြောပါတယ်။ ဒါကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရခိုင်၊ ကယားပြည်နယ်နဲ့ အခြားပဋိပက္ခပြင်းထန်နေတဲ့ ဒေသတွေကို တိုက်ရိုက်ထိခိုက်ခဲ့တယ်လို့ အသံအဖွဲ့ရဲ့ အစီရင်ခံစာမှာဖော်ပြပါတယ်။

အခုလို အင်တာနက်ဖြတ်လိုက်တဲ့ဒေသတွေမှာ အရပ်သားတွေ ထိခိုက်နေတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ စတားလင့်အင်တာနက်ရောင်းနေတဲ့ Space X ကုမ္ပဏီကို RFA ကဆက်သွယ်မေးမြန်းထားပေမယ့် အခုသတင်း ကြေညာတဲ့အထိ အကြောင်းပြန်စာမရသေး ပါဘူး။

တော်လှန်ရေးအဖွဲ့တွေထိမ်းချုပ်ထားတဲ့နယ်မြေတွေမှာလည်း အင်တာနက်မရလို့ အုပ်ချုပ်ရေးယန္တရား လည်ပတ်ဖို့နဲ့ အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အကျပ်အတည်းဖြစ်နေတယ်လို့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ လူသားချင်းစာနာကူညီရေးနဲ့ အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲ ရေးဌာန၊ ဌာနကြီးမှူး မအေးမြင့်အောင်အောင် ကပြောပါတယ်။

“ကျွန်တော်တို့ Starlink တွေ တချို့အလုံးတွေအပိတ်ခံလိုက်ရတယ်။ ဒါက ကျွန်တော်တို့အတွက်တော့ အတော်လေးကို ဒုက္ခလည်းရောက်တယ်။ ပြီးတော့ တစ်ဖက်မှာ ကျွန်တော်တို့ ပြည်သူတွေပဲဖြစ်ဖြစ်၊ တော်လှန်ရေးအစုအဖွဲ့တွေပဲဖြစ်ဖြစ် ၊တော်လှန်ရေးအဖွဲ့မှာ အုပ်ချုပ်ရေးယန္တရားဘက်က ဦးဆောင်နေတဲ့ သူတွေရော ပါဝင်လည်ပတ်နေတဲ့သူတွေရော ဒီစတားလင့်အပေါ်မှာပဲ မှီခိုနေကြရတာ။ သတင်းအချက် အလက်ရယူမှုကလည်း ပိုပြီးတော့ အကန့်အသတ်ရှိလာတဲ့အခါကျတော့ အရပ်သားတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့လည်း ပိုပြီးတော့ အကန့်အသတ်တွေဖြစ်လာတယ်။ ဒါက ကျွန်တော်တို့အတွက်ကတော့ အင်မတန် စိန်ခေါ်မှုကြီးတယ်လို့ ကျွန်တော် ကတော့သတ်မှတ်ချင်ပါတယ်”

ကယားပြည်နယ်မှာလည်း Starlink အင်တာနက်တွေ တစ်လုံးပြီး တစ်လုံး ပိတ်သိမ်းခံနေရတဲ့အတွက် စိုးရိမ်စရာဖြစ်လာတယ်လို့ ကရင်နီအစိုးရ ကာကွယ်ရေးဒုဝန်ကြီး ခူးဒယ်နီရယ် က RFA ကိုပြောပါတယ်။

“ဟုတ်တယ် တဖြေးဖြေးနဲ့တော့ ပြတ်ကျသွားတာတွေ အဲလိုမျိုးတော့ဖြစ်လာတယ်။ လူထုအတွက် ၊ ခုလက်ရှိ တိုက်ပွဲဝင်နေတဲ့ လူငယ်တွေအတွက်ကတော့ နည်းနည်းတော့ စိုးရိမ်စရာတော့ဖြစ်လာလိမ့်မယ်”

စစ်ဘေးဒုက္ခသည်များ စတားလင့်သုံးနေပုံ
စစ်ဖြစ်ရာဒေသမှာ Starlink လိုင်းမရတော့တဲ့အရပ်သားတွေ သတင်းနဲ့ဆက်သွယ်ရေးခက်ခဲလာ စစ်ဘေးဒုက္ခသည်များ စတားလင့်သုံးနေပုံ (AFP)

Starlink တွေအားလုံးသာ ပိတ်သိမ်းသွားရင် လူသားချင်းစာနာမှုအကူအညီပေးနေတာတွေအပေါ်မှာ အကြီးအကျယ် သက်ရောက်မှုရှိလာနိုင်တယ်လို့ ကရင်နီဒေသမှာ ဒုက္ခသည်တွေကိုကူညီနေတဲ့ ကိုခွန်ချစ်ထူး ကထောက်ပြပါတယ်။

ခွန်ချစ်ထူး - စစ်ဘေးဒုက္ခသည်ကူညီနေသူ

“ကျွန်တော်တို့လက်ရှိလုပ်ဆောင်နေတဲ့အရာတွေကတော့ အင်တာနက်လိုင်းကိုမှီခိုသလို အလှူရှင်တွေကို မှီခိုရတယ်။ ပြီးတော့ ကျွန်တော်တို့ လိုင်းပေါ်ကနေ ချိတ်ဆက်တဲ့ဟာတွေဆိုတော့ တော်တော်လေးတော့ စိုးရိမ်ရတာပေါ့။ အဖက်ဖက်က ချိတ်ဆက်ရမဲ့အရာတွေ၊ ခက်ခဲနေတဲ့ ပြည်သူလူထုတွေရော သူတို့ဆီကို တကယ်ရမဲ့အရာတွေ ကျွန်တော်တို့ မကူညီနိုင်တော့မဲ့ အနေအထားမျိုး ကျွန်တော်တို့ ကြုံရမှာပဲ။ အကယ်၍ လိုင်းသာမရှိတော့ဘူးဆိုရင် ဒါကြောင့်မို့ ဒီလိုင်းတစ်ခုနဲ့ ကျွန်တော်တို့ အများကြီးဆုံးရှုံးမယ်လို့ ယုံတယ်”

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကိုနှိမ်နင်းဖို့အတွက် ကျားဖြန့်တွေသုံးနေတဲ့ Starlink အင်တာနက်လိုင်းတွေ ဖြတ်လိုက်တာကို ကြိုဆိုထောက်ခံပေမဲ့ နိုင်ငံတစ်ဝန်းက Starlink စက်ပစ္စည်း (terminals) တွေအားလုံးကို ပိတ်လိုက်မယ်ဆိုရင် ဆိုးကျိုးတွေဖြစ်လာနိုင်တဲ့အတွက် အလွန်စိုးရိမ်တယ်လို့ အရပ်ဘက် လူ့အဖွဲ့အစည်း ၃၁၇ ဖွဲ့ က ဇူလိုင်လ ၁၇ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလအထိ သုံးလအတွင်း အနည်းဆုံးအရပ်သား ၃၅၃ ဦး သေဆုံးခဲ့ရတဲ့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု ၅၈၁ ကြိမ်ရှိခဲ့ပြီး၊ အဲဒီထဲက ၅၆၂ ကြိမ်က အင်တာနက်အဖြတ်ခံထားရတဲ့ ဒေသတွေမှာဖြစ်ခဲ့တာဆိုတဲ့အကြောင်းကို အင်တာနက်ဖြတ်တောက်ခံရမှုနဲ့ ပဋိပက္ခတွေကို စောင့်ကြည့်နေတဲ့ မြန်မာအင်တာနက်ပရောဂျက်အဖွဲ့ရဲ့ အောက်တိုဘာလ ၂၃ ရက်ကထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထား ပါတယ်။