စစ်တပ်က တစ်ရက်တည်း လေးနေရာ ဗုံးကြဲလို့ အရပ်သား ၃၀ ထက်မနည်းသေဆုံး

မိုးဗြဲမြို့မှာ သေဆုံးသူတွေအပြင် ဒဏ်ရာရသူတွေလည်း များတာကြောင့် ဆေးကုဖို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

စစ်တပ်က မိုးဗြဲ၊ လိုင်ဇာ၊ မြောက်ဦးနဲ့ မော်ချီးမြို့တွေကို နိုဝင်ဘာလ ၂၈ ရက် တစ်ရက်တည်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃၀ ထက်မနည်း သေဆုံးပြီး နောက်ထပ် ၅၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းက လကျီလုံရွာမှာ မင်္ဂလာဆောင်ပွဲတစ်ခုအတွက် ပြင်ဆင်နေကြချိန်မှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အရပ်သား ၂၁ ဦးထက်မနည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က တစ်ရက်တည်း လေးနေရာ ဗုံးကြဲလို့ အရပ်သား ၃၀ ထက်မနည်းသေဆုံး (RFA Burmese)

နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာ နေပြည်တော် အေလာလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ်တစ်စီးက လူစုဝေးနေတဲ့ မင်္ဂလာဆောင်ပွဲနေရာကို ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှု များခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာက စာသင်ကျောင်းမှာ မင်္ဂလာပွဲလုပ်တာပါ။ ဒီနေ့က မင်္ဂလာဆောင်အကြိုရက်၊ ပွဲအတွက် ပြင်ဆင်နေချိန်မှာပဲ လာကြဲသွားပါတယ်။ အခုထိ ကယ်ဆယ်ရေးတွေ လုပ်နေရတုန်းမို့ အသက်အရွယ်၊ အမည်စာရင်း အတိအကျကို မသိရသေးပါဘူး”

စစ်တပ်က ဒေသလေးခုကို ဗုံးကြဲလို့ အရပ်သား ၃၀ ထက်မနည်းသေဆုံး၊ ၅၀ နီးပါး ဒဏ်ရာရ
စစ်တပ်က ဒေသလေးခုကို ဗုံးကြဲလို့ အရပ်သား ၃၀ ထက်မနည်းသေဆုံး၊ ၅၀ နီးပါး ဒဏ်ရာရ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနောက်ဘက် လကျီလုံရွာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပြီး မီးလောင်ပျက်စီးမှုများကို တွေ့ရစဉ်။ (Citizen Photo)

သေဆုံးသူတွေအပြင် ဒဏ်ရာရသူတွေလည်း များတာကြောင့် ဆေးဝါးကုဖို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

အလားတူ နိုဝင်ဘာလ ၂၈ ရက် မနက် ၁ နာရီခွဲလောက်မှာလည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ပေါ်ကို တံတားဦးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ်နှစ်စီးက ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသုံးဦး သေဆုံးပြီး နောက်ထပ် ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၈ ရက် ညနေပိုင်းမှာပဲ ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရဲမနိုင်စုရပ်ကွက်ကို စစ်တပ်က ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်တာကြောင့် အရပ်သားခြောက်ဦး သေဆုံးပြီး နောက်ထပ် လေးဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ညနေ ၄ နာရီစာရင်းအရ ခြောက်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရပါတယ်။ ဗုံးကြဲခံရတဲ့ ရဲမနိုင်စုရပ်ကွက်က မြောက်ဦးမြို့အစွန်မှာရှိတော့ အကူအညီတွေပေးနိုင်ဖို့လည်း လတ်တလော လက်လှမ်းမမီသေးဘူး ဖြစ်နေတယ်။ ဒဏ်ရာရသူတွေကိုတော့ ကယ်ပြီး အရေးပေါ် ဆေးကုသတာတွေ လုပ်ပေးထားတယ်လို့ သိထားပါတယ်။ မြေပြင်မှာတော့ ဒေသခံတွေက လေကြောင်းထပ်လာမှာကို စိုးရိမ်နေတာတော့ ရှိတယ်”

အဲဒီညနေပိုင်းမှာပဲ ကယား (ကရင်နီ) ပြည်နယ် မော်ချီးမြို့က သတ္တုတူးဖော်ရေးလုပ်ကွက်တစ်ခုကို တောင်ငူလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ်တစ်စီးက ဗုံးခုနစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး အရပ်သားတွေ ထိခိုက်မှုရှိပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

စစ်တပ်က ဒေသလေးခုကို ဗုံးကြဲလို့ အရပ်သား ၃၀ ထက်မနည်းသေဆုံး၊ ၅၀ နီးပါး ဒဏ်ရာရ
စစ်တပ်က ဒေသလေးခုကို ဗုံးကြဲလို့ အရပ်သား ၃၀ ထက်မနည်းသေဆုံး၊ ၅၀ နီးပါး ဒဏ်ရာရ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က မိုးဗြဲမြို့အနောက်ဘက် လကျီလုံရွာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတစ်ဦးကို အရေးပေါ်ကူညီပေးနေစဉ်။ (Citizen Photo)

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်တပ်ပြောခွင့်ရသူ ဗိုလ်မှူးချုပ်စံညိုဝင်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

နိုဝင်ဘာ ၂၆ ရက်ကလည်း မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် အင်ရုံရွာမှာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းဝင်းအတွင်း အလှူပွဲကျင်းပနေချိန် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သား ၂၀ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦး၊ စုစုပေါင်း ၂၉ ဦး သေဆုံးပြီး နောက်ထပ် အရပ်သား ၂၁ ဦး ဒဏ်ရာရထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

NUG ရဲ့ အောက်တိုဘာလ ၃၁ ရက်အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား ၆,၄၆၇ ဦး သေဆုံးပြီး စာသင်ကျောင်း ၅၆၂ ကျောင်းနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၈၄၈ ခု ထိခိုက်ပျက်စီးခဲ့ပါတယ်။