တရားမျှတမှုရရှိဖို့ ကိုးနှစ်ကြာ ကြိုးပမ်းခဲ့ကြတဲ့ ရိုဟင်ဂျာတွေအတွက် နိုဝင်ဘာလ ၁၉ ရက်နေ့ဟာ သမိုင်းဝင် နေ့တစ်နေ့ ဖြစ်တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ပြောပါတယ်။
ICJ ဆုံးဖြတ်ချက်ဟာ ဆယ်စုနှစ်ချီ ဖိနှိပ်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် သမိုင်းဝင်ဆုံးဖြတ်ချက် ဖြစ်သလို မြန်မာနိုင်ငံမှာ အပြစ်ပေးအရေးယူမှုကနေ ကင်းလွတ်နေတဲ့ အခြေအနေတွေကို အဆုံးသတ်နိုင်ဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့လည်း ပြောကြပါတယ်။
မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးဖို့၊ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူဖို့နဲ့ လိုအပ်တဲ့ဥပဒေတွေ ပြဋ္ဌာန်းဖို့ ပျက်ကွက်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေကို သတ်ဖြတ်တာ၊ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေ ပြင်းပြင်းထန်ထန် ဖြစ်စေတာနဲ့ ကလေးမွေးဖွားမှုတားဆီးတာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း ICJ က ဆုံးဖြတ်ခဲ့တာပါ။
ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့အတွက် နိုင်ငံတစ်နိုင်ငံမှာ တာဝန်ရှိကြောင်း ICJ က ပထမဆုံးအကြိမ် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ICJ ရဲ့ ဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာတွေအတွက် သမိုင်းဝင်ဆုံးဖြတ်ချက်ဖြစ်ပေမဲ့ တရားမျှတမှု အပြည့်အဝရဖို့ လိုအပ်နေသေးတယ်လို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ကိုရိုနေဆန်းလွင်က RFA ကို ပြောပါတယ်။
“ကျွန်တော်တို့အတွက်က တရားမျှတမှုဆိုတာက ဒီတရားရုံးက ကြေညာလိုက်တာတစ်ခုတည်း မဟုတ်ဘူး။ ကျွန်တော်တို့ နေရပ်ကို အမြန်တကယ် ပြန်လာရမယ်။ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရမယ်။ အပြစ်ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူရမယ်။ ဒါတွေအားလုံး၊ နောက်ပြီးတော့ နစ်နာသူတွေကို လျော်ကြေးပေးရမယ်။ နဂိုမူလနေရာမှာ ပြန်လည်နေထိုင်ခွင့် ပေးရမယ်။ ဒါတွေ အကုန်လုံး ပါလာတယ်။ နောက် ဒီမှာ အရမ်းကို ထူးခြားတာက ဘာလဲဆိုရင် ရိုဟင်ဂျာက လူမျိုးစုတစ်စု ဖြစ်တယ်ဆိုတာကို ဒီလို ကမ္ဘာ့တရားရုံးကနေပြီးတော့ သတ်မှတ်ပြီး ဆုံးဖြတ်လိုက်တဲ့အတွက်ကြောင့် ဒါ ကျွန်တော်တို့အတွက် အင်မတန် သမိုင်းဝင်ဆုံးဖြတ်ချက်ချတဲ့ နေ့တစ်နေ့ဖြစ်တယ်။ ပြီးတော့ ဆုံးဖြတ်ချက်ချတာကလည်း ကမ္ဘာ့တရားရုံးမှာ၊ ကမ္ဘာမှာ အမြင့်ဆုံးတရားရုံးကနေ ချတဲ့အတွက် တော်တော်လေးကို ကျွန်တော်တို့ အထူးဝမ်းမြောက်ဝမ်းသာပါတယ်ခင်ဗျ။”

ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးပြီး အပြစ်ပေးအရေးယူဖို့၊ အလားတူကျူးလွန်မှုတွေ ထပ်မံမဖြစ်ပွားအောင် တားဆီးဖို့၊ နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ ဆန္ဒအလျောက် နေရပ်ပြန်နိုင်ဖို့နဲ့ နစ်နာကြေးပေးဖို့ ICJ က မြန်မာနိုင်ငံကို အမိန့်ချမှတ်ထားပါတယ်။
ပြန်လည်ကုစားရေးအတွက် ဆောင်ရွက်ထားတဲ့ အခြေအနေတွေနဲ့ လျော်ကြေးပေးမယ့် ပမာဏ၊ ပေးမယ့်ပုံစံတွေကိုလည်း မြန်မာနိုင်ငံဘက်က နှစ်နှစ်အတွင်း တရားရုံးကို တင်ပြရမှာဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာတွေအတွက်တင်မကဘဲ မြန်မာနိုင်ငံတစ်ဝန်းမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထပ်မံမဖြစ်ပွားအောင် တားဆီးနိုင်ဖို့လည်း အရေးကြီးတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုက ပြောပါတယ်။
“စစ်တပ်ကို အပြစ်ပေးအရေးယူဖို့၊ စစ်တပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင်လုပ်ဖို့မှာ အားလုံးမှာ တာဝန်ရှိတယ်လို့တော့ ကျွန်မကတော့ ယူဆတယ်။ ဆိုတော့ ဒီနေရာမှာ အကြောင်းပြုပြီးတော့ စစ်တပ်ကို ကျွန်တော်တို့ နိုင်ငံရေးကနေပြီးတော့ လုံးလုံးထွက်သွားအောင်လို့ လုပ်လို့ရတဲ့ လမ်းစလို့လည်း ကျွန်မမြင်တယ်ပေါ့နော်။ ဒီဆုံးဖြတ်ချက်ပေါ် အခြေပြုပြီးတော့ နိုင်ငံအနေနဲ့ အကောင်အထည် ဖော်ရမယ်ဆိုရင် တကယ်ကျူးလွန်သူက မြန်မာနိုင်ငံရဲ့ လုံခြုံရေး၊ စစ်တပ်အပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေဖြစ်တယ်။ ဒီဟာတွေ Reform လုပ်ဖို့ကိစ္စကိုလည်း ကျွန်မတို့ စနစ်တကျ ကိုင်တွယ်လို့ရမယ့် အနေအထားတစ်ခုကို ရောက်လာခဲ့ပြီ။ အဲဒါတွေကို စလုပ်ရမယ်လို့ မြင်ပါတယ်။ ဒီလို ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ဖော်ဆောင်ပေးရာကတစ်ဆင့် ကျွန်မတို့နိုင်ငံမှာ ဒီလိုဆိုးဝါးတဲ့ ကျူးလွန်မှုတွေအတွက် ကင်းလွတ်ခွင့်ရနေတဲ့ အနေအထားတွေကနေပြီးတော့ လွတ်မြောက်နိုင်မှာဖြစ်တယ်။ ဒီလိုမျိုး ဆိုးဝါးတဲ့ ရာဇဝတ်မှုတွေ၊ ကျူးလွန်မှုတွေကို ဆက်လက်မဖြစ်ပွားအောင် ကျွန်မတို့ တားဆီးနိုင်မှာဖြစ်တယ်။ ရိုဟင်ဂျာလူမျိုးတွေကိုတင် တားဆီးကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ တခြားကျူးလွန်မှုတွေကနေလည်း ရပ်တန့်သွားမှာဖြစ်တယ်”
မြန်မာနိုင်ငံရဲ့ ရာဇသတ်ကြီးဥပဒေမှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ပြစ်မှုတွေအတွက် ပြဋ္ဌာန်းထားပေမဲ့ နိုင်ငံတကာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်နဲ့ အပြည့်အဝကိုက်ညီမှုမရှိကြောင်း ICJ က ထောက်ပြထားပါတယ်။
လိုအပ်တဲ့ ဥပဒေပြုပြင်ပြောင်းလဲမှုတွေနဲ့ စစ်တပ်ယန္တရား ပြုပြင်ပြောင်းလဲရေးကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ အခုကတည်းက စတင်ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း မဝေဝေနုက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေ ဆက်ဖြစ်ပွားနေသလို နိုင်ငံရေး အာဏာနဲ့ နယ်မြေထိန်းချုပ်မှုတွေ ကွဲပြားနေတဲ့အတွက် ICJ ဆုံးဖြတ်ချက်ကို လက်တွေ့အကောင်အထည်ဖော်ရေးမှာလည်း စိန်ခေါ်မှုတွေ ရှိနေပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု၊ ကော်နဲလ်တက္ကသိုလ် (Cornell University) က ဧည့်ပညာရှင် ဒေါက်တာစုယဉ်ထွန်းက အခုလို သုံးသပ်ပါတယ်။
“ဒီရခိုင်ဒေသမှာကလည်းပဲ ပဋိပက္ခတွေအများကြီးရှိနေတာမျိုး ဖြစ်တယ်။ ပြီးတော့ ဖြစ်ပျက်ခဲ့တဲ့အချိန်တုန်းကလည်းပဲ ပဋိပက္ခတွေက ရှိနေတယ်လို့လည်း ပြောလို့ရတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ပိုဆိုးတဲ့အခြေအနေမျိုး ဖြစ်တယ်။ အဲဒီတော့ (ရိုဟင်ဂျာတွေ) နေရပ်ကို လူ့ဂုဏ်သိက္ခာရှိစွာ ပြန်လာဖို့၊ လုံခြုံမှုရှိစွာ ပြန်လာဖို့ ဆိုတဲ့အခါမှာ စစ်တပ်က အဲဒီကတိကဝတ်ကို ပြုနိုင်မှာလားဆိုတာက ကျွန်မတို့အနေနဲ့ သံသယရှိတယ်လို့ ပြောလို့ရတယ်။ ဒါတွေကို လုပ်နိုင်ဖို့ရာအတွက် သူတို့ရဲ့ကတိကဝတ်ကို လက်မှတ်တွေထိုးပြီးတော့ သေချာပေါက် Bill of Rights လိုမျိုး စာတမ်းတွေနဲ့ရှိမှ ကျွန်မတို့ ရိုဟင်ဂျာတွေက နေရပ်ဒေသကို ပြန်နိုင်မယ်လို့ ယူဆတယ်”

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အတွက် ဘယ်အစိုးရပဲ အာဏာရလာသည်ဖြစ်စေ ဒီတရားရုံးဆုံးဖြတ်ချက်ကို လိုက်နာဖို့နဲ့ လိုအပ်တဲ့ ပြည်တွင်းဥပဒေတွေ၊ မူဝါဒတွေ ပြဋ္ဌာန်းဖို့ တာဝန်ရှိတယ်လို့ ဒေါက်တာစုယဉ်ထွန်းက ပြောပါတယ်။
ဒါ့အပြင် ဒီအမှုဟာ မြန်မာနိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် သက်သေအထောက်အထားတွေ စုဆောင်းမှတ်တမ်းတင်ထားပြီး တရားမျှတမှုရရှိရေး ကြိုးပမ်းနိုင်တဲ့ သာဓကတစ်ခုဖြစ်တယ်လို့လည်း သူက သုံးသပ်ပါတယ်။
ICJ ရဲ့ အခုဆုံးဖြတ်ချက်အပေါ် စစ်တပ်ခန့်အစိုးရဘက်က သဘောထားတုံ့ပြန်ချက် ထုတ်ပြန်တာ မရှိသေးသလို စစ်တပ်ခန့် အစိုးရရဲ့သမ္မတရုံးပြောခွင့်ရသူ ဒေါ်ခိုင်ခိုင်စိုးကို RFA က ဆက်သွယ်ထားပေမဲ့လည်း အကြောင်းမပြန်သေးပါဘူး။
စစ်တပ်ခန့်အစိုးရ ကိုယ်စားလှယ်အဖွဲ့ကတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ICJ ကြားနာမှုမှာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေဟာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ (ARSA) ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ချေပပြောဆိုခဲ့ပါတယ်။
ICJ ရဲ့ ဆုံးဖြတ်ချက်ဟာ အပြီးသတ်ဆုံးဖြတ်ချက်ဖြစ်ပြီး အယူခံဝင်ခွင့်မရှိသလို မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်ဖို့ နိုင်ငံတကာဥပဒေအရ တာဝန်ရှိပါတယ်။
ရိုဟင်ဂျာတွေအတွက် သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ခု ရရှိခဲ့ပေမဲ့ ဒီဆုံးဖြတ်ချက်ကနေ လက်တွေ့တရားမျှတမှု ရရှိလာဖို့ ဘယ်လောက်အထိ ဆောင်ရွက်နိုင်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေနဲ့ လေ့လာသူတွေက ပြောကြပါတယ်။
