အင်းလေးဒေသက အမျိုးသမီးတွေဟာ ရိုးရာချည်ထည်လုပ်ငန်းကို အခြေခံပြီး သဘာဝသစ်ရွက်နဲ့ ပန်းပွင့်တွေ ကို အထည်ပေါ်မှာ ရိုက်နှိပ်ပုံဖော်တဲ့ သဘာဝပွင့်ရိုက်ထည်လုပ်ငန်းသစ်တစ်ခုကို စပြီး လုပ်ကိုင်လာကြပါတယ်။
ဒီလို ရိုးရာချည်ထည်တွေကို တန်ဖိုးမြှင့်ထုတ်ကုန်တွေအဖြစ် ပြောင်းထုတ်ပြီး ကိုယ့်ရပ်ရွာမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးနိုင်အောင်လည်း ကြိုးစားနေကြပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ဟတ်ပုံးရွာသူတွေဟာ ခေတ်ညှို့ရှင်အမျိုးသမီးအဖွဲ့ကို စုဖွဲ့ပြီး Eco Printing လို့ခေါ်တဲ့ သဘာဝပွင့်ရိုက်ထည်လုပ်ငန်းကို ဦးဆောင်နေတာပါ။
အရောင်နုနုချည်ထည်ပေါ်မှာ သဘာဝသစ်ရွက်တွေ၊ ပန်းပွင့်တွေရဲ့ အရောင်စွဲသွားအောင် အလှဆင်ရိုက်နှိပ် ပုံဖော်တဲ့ လက်မှုလုပ်ငန်းဖြစ်ပါတယ်။ ပွင့်ရိုက်ထည်လုပ်မဲ့ ချည်ထည်တွေကိုလည်း ဟတ်ပုံးရွာသူတွေကိုယ်တိုင် ယက်လုပ်ထားတာဖြစ်ပါတယ်။

အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်တွေဖန်တီးဖို့နဲ့ ရပ်ရွာဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး လုပ်နေတာလို့ ခေတ်ညှို့ရှင်အမျိုးသမီးအဖွဲ့ရဲ့ ဘဏ္ဍာရေးမှူး မအေးကြူကြူပြောပါတယ်။
“ကျွန်မတို့ရွာက နဂိုကတည်းက မိရိုးဖလာရိုးရာချည်ထည်တွေကို ပြုလုပ်ကြတယ်။ တချို့အမျိုးသမီးတွေကျတော့ မြှုံးတီးတွေ၊ ငါးဖမ်းကိရိယာတွေကို ပြုလုပ်ကြတယ်။ ကျွန်မတို့လက်ထက်မှာ ဝယ်သူတွေကို လှပပြီးတော့ အရည်အသွေးမြင့်တဲ့ချည်ထည်တွေကို သုံးစွဲစေချင်တယ်။ ဒါကြောင့်မို့ Eco Printing အထည်တွေကို တိုးချဲ့ ထုတ်လုပ်ရခြင်းဖြစ်ပါတယ်ရှင့်”
သူတို့ ထုတ်ကုန်တွေကို စျေးကွက်တိုးချဲ့နိုင်ဖို့နဲ့ ရလာတဲ့အကျိုးအမြတ်တချို့ကိုလည်း ရွာအတွက် ပြန်သုံးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ခေတ်ညှို့ရှင်အဖွဲ့ ဥက္ကဋ္ဌ မစုစုအေးက RFA ကို ပြောပါတယ်။
“အမျိုးသမီးအဖွဲ့ ဖွဲ့ရတဲ့ရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေကို အလုပ်အကိုင်ရရှိစေဖို့။ အရည်အသွေးမြင့် အထည်တွေကို ထုတ်ကုန်လုပ်နိုင်ဖို့ရယ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ Eco Printing အထည်တွေ တိုးချဲ့ထုတ်လုပ် နိုင်ဖို့ရယ်၊ ရရှိလာတဲ့အကျိုးအမြတ်တချို့ကို ရွာတွေဖွံ့ဖြိုးရေးအတွက်ကို အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီးတော့မှ ဖွဲ့ထားရခြင်းဖြစ်ပါတယ်ရှင့်”
ဟတ်ပုံးရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး အမျိုးသမီး ၂၃၀ ကျော်ရှိပါတယ်။ ဟတ်ပုံးရွာသူတွေဟာ မိရိုးဖလာအရ ချည်ထည်ယက်လုပ်ကြသလို၊ စိုက်ပျိုးရေးလုပ်ငန်း ငါးဖမ်းလုပ် ငန်းနဲ့ဆက်စပ်တဲ့အလုပ်တွေကိုပါလုပ်ကြပါ တယ်။ ခေတ်ညှို့ရှင် အမျိုးသမီးအဖွဲ့ကို တော့ ပြီးခဲ့တဲ့ မတ်လမှာမှ ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိမှာ ၁၆ ဦး ပါဝင်လုပ်ကိုင်နေပါတယ်။ ဒါကြောင့် အခုစမ်းသပ်နေတဲ့ သဘာဝပွင့်ရိုက်ထည်အလုပ်မှာ ရွာထဲကအမျိုးသမီး တွေ ပိုပြီးပါဝင်လာအောင် ကြိုးစားမယ်လို့ ခေတ်ညှို့ရှင်အဖွဲ့ရဲ့ ဘဏ္ဍာရေးမှူး မအေးကြူကြူ ကပြောပါတယ်။
“ကျွန်မတို့ရွာက အမျိုးသမီးတိုင်းကိုပေါ့နော်။ ငါးဖမ်းလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေပေါ်မှာပဲ မှီခိုအသက်မွေးဝမ်းကျောင်းပြုနေတာမျိုး မလုပ်စေချင်တော့ဘူးပေါ့နော်။ ဒါကြောင့် ကျွန်မတို့ရွာက အမျိုးသမီးတိုင်းကို Eco Printing လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နိုင်အောင် ကြိုးစားသွားမှာပါရှင့်”
ဒီ ရည်မှန်းချက်ဘယ်လောက်အထိ ရေရှည်တည်တန့်ပြီး အောင်မြင်အောင်လုပ်နိုင်မလဲဆိုတာဆိုတာကတော့ လုပ်ငန်းဆက်ပြီးလည်ပတ်နိုင်မယ့် အခြေအနေနဲ့ ဈေးကွက်အပေါ်မှာလည်း မူတည်နေတယ်လို့ ပြောကြပါတယ်။
