မြန်မာနဲ့ထိတွေ့ဆက်ဆံရေးကလွဲပြီး ကျန်တဲ့ နည်းလမ်းမရှိဟု အိန္ဒိယပြော

မြန်မာကို အထီးကျန်ထားရင် လစ်လပ်သွားတဲ့နေရာကို တခြားနိုင်ငံတွေက အစားထိုး ဝင်ရောက် နေရာယူ သွားမယ်ဟုဆို။

မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးကလွဲရင် ကျန်တဲ့နည်းလမ်းမရှိဘူးလို့ အိန္ဒိယနိုင်ငံက ပြောကြားလိုက်ပြီး မြန်မာကို အထီးကျန်ထားဖို့ တောင်းဆိုတာတွေကိုလည်း ဝေဖန်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ မြန်မာနဲ့ပတ်သက်တဲ့ သဘောထားက အလွန်ရှင်းကြောင်း၊ မြန်မာကို အထီးကျန်ထားတာဟာ မှန်ကန်တဲ့ချဥ်းကပ်မှု မဟုတ်ကြောင်း၊ မြန်မာကို အထီးကျန်ထားရင် လစ်လပ်သွားတဲ့နေရာကို တခြားနိုင်ငံတွေက ဝင်ရောက် နေရာယူသွားမှာဖြစ်ကြောင်း၊ ဒါ့ကြောင့် မြန်မာနဲ့ပတ်သက်လာရင် ထိတွေ့ဆက်ဆံရေးလုပ်ဖို့သာရှိကြောင်း" အရှေ့ပိုင်းရေးရာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ရူဒရန်ဒါ တန်ဒန် (Rudrendra Tandon) က နိုဝင်ဘာ ၁၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ (Narendra Modi) အာဆီယံ ထိပ်သီးညီလာခံတက်ရောက်ဖို့ ဖိလစ်ပိုင်နိုင်ငံ ခရီးမထွက်ခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေ မြန်မာနဲ့ထိတွေ့ဆက်ဆံတာကို ခိုင်ခိုင်မာမာ အားပေးတယ်လို့လည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးတဲ့သမိုင်းနဲ့ လူမှုအဖွဲ့အစည်းကို ထောက်ပြီး မြန်မာနဲ့ပတ်သက်ရင် စိတ်ရှည်ဖို့၊ တည်ငြိမ်စွာ ပုံမှန်ဆက်ဆံဖို့ လိုတယ်လို့လည်း အရှေ့ပိုင်းရေးရာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့ဇွန်လက မြန်မာစစ်တပ်ခန့် အစိုးရသမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်ကို အလည်အပတ် ဖိတ်ကြားခဲ့ပြီး နှစ်နိုင်ငံကြား နယ်စပ်ပြဿနာတွေနဲ့ ဒေသတည်ငြိမ်ရေးတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီခရီးစဥ်အတွင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးနယ်ပယ်အားလုံးနဲ့ ပတ်သက်လို့ အပြန်အလှန် ပြောဆိုဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အဓိက မူဝါဒဖြစ်တဲ့ အိမ်နီးချင်း ဦးစားပေးမူဝါဒ၊ အရှေ့မျှော်ဝါဒနဲ့ အိန္ဒိယ-ပစိဖိတ်နိုင်ငံများ ဆက်ဆံရေးမူဝါဒတွေအတွက် မရှိမဖြစ်နိုင်ငံ ဖြစ်ပါတယ်လို့လည်း ဝန်ကြီးချုပ်မိုဒီက ပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံကိုသွားရောက်ချိန် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းစီမံကိန်း၊ ကုလားတန် စီမံကိန်းကိစ္စတွေအပြင် အရေးကြီးသတ္တုနဲ့ မြေရှားသတ္တုဆိုင်ရာ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း အိန္ဒိယနဲ့ မြန်မာအကြား သတ္တုတွင်းနဲ့ သတ္တုသယံဇာတကဏ္ဍဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဖိုရမ်တစ်ရပ်ကျင်းပခဲ့ပြီး တခြားသတ္တုတွေထက် မြေရှားသတ္တု (Rare Earths) ရယူရေးကို ပိုမိုရည်ရွယ်ထားတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။