အိန္ဒိယနဲ့ မြန်မာအကြား သတ္တုတွင်းနဲ့ သတ္တုသယံဇာတကဏ္ဍဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် ရည်ရွယ်တဲ့ ဖိုရမ်တစ်ရပ်ကို မန္တလေးမြို့မှာ ဇူလိုင် ၂၂ ရက်ကနေ ၂၃ ရက်အထိ ကျင်းပခဲ့ပါတယ်။
ဒီဖိုရမ်ဟာ သတ္တုတွင်းနဲ့ သတ္တုသယံဇာတကဏ္ဍဆိုင်ရာ မူဝါဒချမှတ်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ အပြန်အလှန်ချိတ်ဆက် ဆွေးနွေးနိုင်ဖို့နဲ့ အိန္ဒိယနဲ့ မြန်မာအကြား သတ္တုတွင်း ကဏ္ဍဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်ဖို့အတွက် အရေးပါတဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ မန္တလေးအခြေစိုက် အိန္ဒိယကောင်စစ်ဝန်ရုံးက ထုတ်ပြန်ပါတယ်။
သတ္တုတွင်းကဏ္ဍဟာ မဟာဗျူဟာအရ အရေးပါတဲ့ကဏ္ဍဖြစ်ပြီး နှစ်နိုင်ငံအစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေကို ပိုမိုခိုင်မာစေဖို့ ကတိပြုထားတယ်လို့လည်း ဖော်ပြပါတယ်။
ဒီဆွေးနွေးပွဲကို အိန္ဒိယက ထင်ရှားတဲ့ သတ္တုတွင်းကုမ္ပဏီတွေဖြစ်တဲ့ IREL (India) ၊ Oceanic Sands ၊ Jai Puri Holdings ၊ Himadri Natural Minerals and Resources ၊ PrNd Metal and Magnets နဲ့ NTPC Mining Ltd တို့ တက်ရောက်ခဲ့တာပါ။ မြန်မာဘက်ကလည်း စီပွားရေးလုပ်ငန်းရှင်တွေ၊ သတ္တုတွင်း လုပ်ငန်းရှင်တွေအပါအဝင် မန္တလေး၊ ရန်ကုန်၊ စစ်ကိုင်း၊ ရှမ်းမြောက်၊ ရှမ်းတောင်၊ ကချင်နှင့် ကရင်ဒေသများမှ ကုန်သည်နဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
သတ္တုသယံဇာတ စူးစမ်းရှာဖွေရေး၊ သတ္တုတူးဖော်ရေး နည်းပညာ၊ သတ္တုထုတ်လုပ်ရေးနဲ့ ပြုပြင်ထုတ်လုပ်ရေး၊ တန်ဖိုးမြှင့်ထုတ်လုပ်ရေး (Value Addition)၊ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်နဲ့ စွမ်းရည်မြှင့်တင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍတွေကို အခုဖိုရမ်မှာ အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယက မြန်မာ့သတ္တုကဏ္ဍနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လာတာဟာ တခြားသတ္တုတွေထက် မြေရှား သတ္တု (Rare Earth) ရယူရေးကို ပိုမိုရည်ရွယ်ထားတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ရဲ့မဟာဗျူဟာအရရော အရင်မေလက အိန္ဒိယမှာလုပ်ခဲ့တဲ့ QUAD အစည်းအဝေးအရပါဆိုရင် ပထဝီနိုင်ငံရေးအရ တရုတ်နဲ့ အပြိုင်ချဉ်းကပ်ဖို့ ဒီမြေရှားသတ္တုကို အပြိုင်တူးဖော်ရေးကိစ္စကလည်း တစ်ခုအပါအဝင် ဖြစ်တယ်လို့ မြင်တယ်။ အခုလုပ်ဖိုရမ်ကို တက်ရောက်ကြတဲ့သူတွေကိုကြည့်ရင်လည်း ဒီကာလ မြေရှားသတ္တုတူးဖော်နေကြတဲ့ ရှမ်းမြောက်၊ ရှမ်းတောင်နဲ့ ကချင်ဒေသက သူတွေပါဝင်ကြတာမို့ မြေရှားသတ္တုတူးဖော်ရေးကပဲ အဓိကလို့ မြင်ပါတယ်။ အခြားသတ္တုသယံဇာတ ဆိုတာထက် အဓိက ကမြေရှားသတ္တု တူးဖော်ရယူရေးကိုပဲ စိတ်ဝင်စားကြတာပါ”
စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံကိုသွားရောက်ချိန် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းစီမံကိန်း၊ ကုလားတန်စီမံကိန်းကိစ္စတွေအပြင် အရေးကြီးသတ္တုနဲ့ မြေရှားသတ္တုဆိုင်ရာ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက် အိန္ဒိယက သတ္တုကုမ္ပဏီတွေပါ ပါဝင်တဲ့ အခုလိုဖိုရမ် ကျင်းပလာတာဟာ အိန္ဒိယ-မြန်မာ သတ္တုတွင်းပူးပေါင်းဆောင်ရွက်မှု နောက်တစ်ဆင့်တက်လာတဲ့ အခြေအနေကို ပြသနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
