အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ စစ်တပ်ခန့်အစိုးရဲ့ အကြီးအကဲ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် မေလ ၃၀ ရက်ကနေ ဇွန်လ ၃ ရက်နေ့အထိ ငါးရက်တာကြာ အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ပါတယ်။
ဒီခရီးစဉ်မှာ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီနဲ့ တွေ့ဆုံခဲ့ပြီး နယ်စပ်လုံခြုံရေး၊ မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေ ကြောင့်ဖြစ်ပေါ်လာတဲ့ ဒုက္ခသည်ပြဿနာ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနဲ့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒီအပြင် ကုန်သွယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ပဋိပက္ခတွေကြောင့် ကျန့်ကြာနေတဲ့ အိန္ဒိယရဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူ ပို့ဆောင်ရေးစီမံကိန်း (Kaladan Multi-Modal Transit Transport Project - KMTTP)၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ဖြတ်ကျော်အဝေးပြေးလမ်း စီမံကိန်း (India-Myanmar-Thailand Trilateral Highway)တွေ အကောင်အထည်ဖော်ရေးအပြင် အရေးကြီးသတ္တုနဲ့ မြေရှားသတ္တုဆိုင်ရာ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ ကြတယ်လို့ ဆိုပါတယ်။
ဒီဆွေးနွေးချက်တွေအရ မြန်မာနိုင်ငံဟာ အိန္ဒိယအတွက် ဒီမိုကရေစီအရေးထက် လုံခြုံရေး၊ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေးအရပါ အရေးပါတဲ့ အခြေအနေကိုဖော်ပြနေတာလို့ လေ့လာသူတွေက ပြောပါတယ်။
ဒါ့ကြောင့် မြန်မာအပေါ် တိုးလာနေတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှုကို ဟန်ချက်ညီ ထိန်းညှိနိုင်အောင် အိန္ဒိယခေါင်းဆောင်တွေဘက်က ချဉ်းကပ်လာတာလို့ နယူးဒေလီအခြေစိုက် နွေဦးတော်လှန်ရေးသံဃကွန်ရက် ဥက္ကဋ္ဌ ဆရာတော် ဦးအဂ္ဂက (နယူးဒေလီ) မိန့်ပါတယ်။
ဆရာတော် ဦးအဂ္ဂ (နယူးဒေလီ) ဥက္ကဌ - နွေဦးတော်လှန်ရေးသံဃကွန်ရက်
“တရုတ်ရဲ့ ချိန်ခွင်လျှာကို ညှိချင်တာ။ နဂိုတုန်းကတော့ အိန္ဒိယက ဒီလောက်ကြီး မြန်မာကို ဖက်လှည်းတကင်း သိပ်မပြုဘူး။ တရုတ်ရဲ့ ခြေလှမ်းတွေက တအားကို သွက်လာတဲ့အခါမှာ တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ် အကျိုးစီးပွား တည်ဆောက်တာတွေရော အာဏာသိမ်းအစိုးရဖြစ်တဲ့ ဦးမင်းအောင်လှိုင်တို့အပေါ် သက်ရောက်မှုတွေ၊ တဖက်က လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ်ကိုပါ ဩဇာသက်ရောက်မှုတွေ အများကြီး ဖြစ်လာတဲ့အခါမှာ သူ(အိန္ဒိယ)က ဒီကိစ္စတွေကို လျစ်လှူရှုထားလို့ မရတော့ဘူး။ သူတို့လည်း တရုတ်နည်းတူ ချဉ်းကပ်တဲ့ပုံစံမျိုး လုပ်မှရတော့မယ်ပေါ့နော်”
အာဏာသိမ်းကာလ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဥရောပနဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့ရေး ယူမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်နဲ့ စစ်တပ်လိုလားတဲ့သူတွေ အတွက်တော့ ဒီခရီးစဉ်က နိုင်ငံကာဆက်ဆံရေးမှာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်ကြပါတယ်။
ဒီလိုအခြေအနေအပေါ် စစ်တပ်ခန့်အစိုးရက အခွင့်အရေးတစ်ခုအဖြစ် အပိုင်အနိုင် အသုံးချသွားတာလို့ နိုင်ငံရေးလေ့လာသုံးသူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
ဒေါက်တာ စိုင်းကြည်ဇင်စိုး - နိုင်ငံရေးလေ့လာသုံးသပ်သူ
“ဒေသတွင်းမှာ တရုတ်ရဲ့ စီးပွားရေးကျယ်ပြန့်လာမှုနဲ့ လွမ်းမိုးနိုင်မှု ကျယ်ပြန့်တဲ့ဟာကို သူတို့အနေနဲ့ ပြန်ပြီးတော့ ချိန်ခွင်လျှာညှိနိုင်ဖို့အတွကို ကျိုးစားနေတဲ့ စီမံကိန်းတွေရှိတယ်။ ထူးသဖြင့် ဒေသတွင်း ညှီမျှအောင်ပေါ့နော်။ တစ်နိုင်ငံထဲက လွမ်းမိုးသွားတာ မဖြစ်ရအောင်လုပ်ဖို့ ကြံစည်ထားတဲ့ဟာတွေ ရှိတယ်။ အဲဒီအနေအထားမှာ မြန်မာနိုင်ငံက အိန္ဒိယအတွက် အရေးပါတဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားတယ်။ ဒီအခြေအနေအပေါ် မူတည်ပြီး အသွင်းပြောင်းအစိုးရက အပိုင်အနိုင် သူ့ရဲ့ Advantage ကို ဖော်ဆောင်လိုက်တယ်လို့ ပြောလို့ရမယ်”
အိန္ဒိယရဲ့ စစ်တပ်ခန့်အစိုးရနဲ့ အာဏာသိမ်းခေါင်းဆောင်ကို ချဉ်းကပ်မှုနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) စတဲ့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေက ကန့်ကွက်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက တရုတ်ရဲ့ ဩဇာကို ဟန်ချက်ညီဖို့ ကြိုးစားနေပေမဲ့ လက်တွေ့မှာ အာဏာသိမ်းခေါင်းဆောင် နိုင်ငံရေးအကျိုးအမြတ်ရယူသွားနိုင်တာကြောင့် ကန့်ကွက်ရတာလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။
ဒေါ်နှင်းနှင်းမွှေး - တွဲဖက်အထွေထွေအတွင်းရေးမှူး (DPNS)
“တရုတ်ရဲ့စီမံခန့်ခွဲမှုအောက်မှာ မြန်မာနိုင်ငံ လှုပ်ရှားနေရတယ်ဆိုတဲ့ ပုံစံမျိုးကို သူတို့လည်း တွေ့ မြင်ပါလိမ့်မယ်။ ဒါကြောင့် ချိန်ခွင်လျှာ ထိန်းညှိနိုင်ဖို့အတွက် ဒီလိုလုပ်သလားလို့ မြင်ပါတယ်။ တပြိုင်နက်ထဲမှာ သူတိုက အဲဒီလိုလုပ်တယ်လို့ ဆိုပေမဲ့ တကယ်တန်းမှာက သူတို့က မြန်မာနိုင်ငံကို အင်အားချိန်ခွင်လျှာညှိဖို့ အသုံးချနိုင်တာမဟုတ်ဘဲနဲ့ ရွေးကောက်ခံ သမ္မတဟုတ်မနေတဲ့သူက သူတို့ကို ပြန်ပြီးတော့ တဖက်လှည့်ပြီး အသုံးချသွားတဲ့ ပုံစံမျိုး ဖြစ်နေတဲ့အတွက်ကြောင့် ဒါကို ကျမတို့က လက်မခံနိုင်ပဲနဲ့ ဒါကိုကန့်ကွက်ရခြင်း ဖြစ်ပါတယ်”
ဒီမိုကရေစီနိုင်ငံကြီးတစ်ခုအနေနဲ့ ရေရှည်ဆက်ဆံရေးကို မကြည့်ဘဲ ပြည်သူက လက်မခံတဲ့ စစ်အုပ်စုကို အသိအမှတ်ပြုတာက မြန်မာနိုင်ငံတစ်ခုတည်းတင်မဟုတ်ဘဲ တစ်ကမ္ဘာလုံးရဲ့ ဒီမိုကရေစီဖြစ်ပေါ် တိုးတက်ရေးကိုပါ ထိခိုက်စေနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ထောက်ပြကြပါတယ်။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ဗစ်ခရမ် မစ်ဆရီ (Vikram Misri) ကတော့ မြန်မာနိုင်ငံနဲ့ ထိတွေဆက်ဆံမှု ဖြတ်တောက်တာဟာ ရလဒ်ကောင်းတွေ ထွက်ပေါ်မလာနိုင်ဘဲ ဒီမိုကရေစီအပြောင်းအလဲ ကိုလည်း ဖြစ်ပေါ်လာစေမှာ မဟုတ်ဘူးလို့ ဇွန်လ ၁ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အိန္ဒိယကသာ ဆက်ဆံရေးဖြတ်တောက်လိုက်ရင် လစ်ဟာမှုကိုပဲဖြစ်စေပြီး အဲဒီလစ်ဟာမှုကို တခြားသူတွေက ဝင်ရောက်ဖြည့်ဆည်းသွားရင် အိန္ဒိယကပဲ ထိခိုက်လိမ့်မယ်လို့ဆိုပါတယ်။ ဝင်ရောက်ဖြည့်ဆည်းမယ့် တခြားသူကလည်း ဒီမိုကရေစီကို စိတ်မဝင်စားဘူးလို့ သူက ပြောပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာကို ဖယ်ကြဥ်ထားတာထက် မပြတ်ဆက်ဆံရေးထူထောင်ပြီး ဆွေးနွေးညှိနှိုင်းနေတာက ပိုပြီး အကျိုးသက်ရောက်မှု ရှိတယ်လို့ ယုံကြည်တဲ့အတွက် အခုလို မြန်မာကို ထိတွေ့ဆက်ဆံတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
အိန္ဒိယ-မြန်မာအရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (India For Myanmar) တည်ထောင်သူ ဆလိုင်းဒိုခါရ် ကတော့ အိန္ဒိယရဲ့ စစ်တပ်ခန့် အစိုးရကို အသိမှတ်ပြုတာဟာ အာဏာသိမ်းခေါင်းဆောင်ကို လွတ်လွတ်လပ်လပ် နဲ့ ပြစ်မှုကျူးလွန်ခိုင်းရာ ရောက်နေတယ်လို့ သတိပေးပါတယ်။
ဆလိုင်းဒိုခါရ် -တည်ထောင်သူ (India For Myanmar)
“မင်းအောင်လှိုင်ကို လွတ်လွတ်လပ်လပ်နဲ့ ပိုပြီးပြစ်မှုကျူးလွန်ခိုင်းရာ ရောက်တာပေါ့နော်။ အခုချိန်မှာ နိုင်ငံတကာက သူ့ကို ဘေးဘယ်ထားတာတောင်မှ သူကိုယ်သူ အစိုးရဆိုပြီးတော့မှ ပြည်သူအားလုံးကို သူပုန်ဆိုပြီး ကြိုက်သလို ဗုံးကြဲနေတော့ ဒီမိုကရေစီအင်အားကြီး နိုင်ငံတစ်ခုက သူ့ကို ထောက်ခံခြင်းအားဖြင့် သတ်ရဲတဲ့ သတ္တိတွေ ပိုမွေး သွားမယ့်အနေအထား ဖြစ်တာပေါ့။ အထူးသဖြင့် အိန္ဒိယနယ်စပ်ထိ စပ်တဲ့ အပိုင်းအခြားမှာ အိန္ဒိယနဲ့ ဆက်ဆံရေး ပိုတည်မြဲဖို့အတွက် လေယာဉ်ဗုံးကြဲတာ ပစ်ခတ်တိုက်ခိုက်တာတွေတော့ ပိုလုပ်လာနိုင်ခြေရှိတယ်လို့တော့ မြင်တယ်”
တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာနဲ့ ဘင်္ဂလားပင်လယ်အော်ထွက်ပေါက် ကျောက်ဖြူ-မန္တလေး-ကူမင်း ရထားလည်း စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရေနံနဲ့သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းစီးမံကိန်းတွေရှိသလို အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒ (Act East Policy) အရ အာဆီယံနိုင်ငံတွေနဲ့ ချိန်ဆက်ဖို့ မြန်မာက အဓိက တံခါးပေါက် ဖြစ်နေတာပါ။
အိန္ဒိယနိုင်ငံခြားရေးဌာန အတွင်းဝန် ဗစ်ကရမ် မီဆရီ (Vikram Misri) ကတော့ ဇွန်လ ၁ ရက်နေ့ မြန်မာစစ်ခေါင်းဆောင်ဟောင်းနဲ့ ဝန်ကြီးချုပ် မိုဒီ တွေ့ဆုံအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်ဖြစ်ဖို့ အဖွဲ့အစည်းလူပုဂ္ဂိုလ် အားလုံးပါဝင်ဖို့ လိုတဲ့အကြောင်း၊ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာကို ဖယ်ကြဥ်ထားတာထက် မပြတ်ဆက်ဆံရေးထူထောင်ပြီး ဆွေးနွေးညှိနှိုင်း နေတာက ပိုပြီး အကျိုးသက်ရောက်မှု ပိုရှိတယ်လို့ ယုံကြည်တဲ့အတွက် အခုလို မြန်မာကို ထိတွေ့ဆက်ဆံတာ ဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။
ဒီမိုကရေစီရေး စံတန်ဖိုးတွေနဲ့ သူ့နိုင်ငံ အမျိုးသားအကျိုးစီးပွားနှစ်ခုအကြား ဘာကို ပိုဦးစားပေးမလဲဆိုတဲ့ မေးခွန်းကတော့ အိန္ဒိယရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေအပေါ် ဆက်လက်စောင့်ကြည့်ရမယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ။
