အာဏာသိမ်းစစ်ခေါင်းဆောင်ကို သမ္မတအဖြစ်သုံးနှုန်းတဲ့အတွက် အိန္ဒိယကို ကန့်ကွက်

ပြည်သူပေးအပ်တဲ့ မဲဆန္ဒနဲ့လုပ်ပိုင်ခွင့် မရှိသူကို အိန္ဒိယအစိုးရက နိုင်ငံတော်အကြီးအကဲဖြစ် လက်ခံတွေ့ဆုံတာဟာ အိန္ဒိယဂုဏ်သိက္ခာ ထိခိုက်နစ်နာစေမယ့်လုပ်ရပ်ဟုဆို။

အိန္ဒိယအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် သုံးနှုန်းဖော်ပြတဲ့အပေါ် ပြတ်ပြတ်သားသား ကန့်ကွက်တယ်လို့ မဟာဗျူဟာ ညှိုနှိုင်း ဖော်ဆောင်ရေးအင်အားစု (SIF) က မေလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီလိုသုံးနှုန်းတာဟာ သံတမန်ရေးရာ ကျင့်ထုံးလုပ်ထုံးတစ်ခုမဟုတ်ဘဲ မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်တဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းတာကို တရားဝင်ဖြစ်စေဖို့ လုပ်ဆောင်ချက်လို့လည်း ဖော်ပြပါတယ်။

မြန်မာနိုင်ငံက ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားလူမျိုးတွေနဲ့ အရပ်ဘက်အဖွဲ့တွေဟာ အိန္ဒိယနိုင်ငံနဲ့ စစ်မှန်တဲ့ မိတ်ဖက်ဆက်ဆံရေးလိုလားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြိုရွာတွေကို ဗုံးကြဲ၊ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး မြေယာတွေကို တရုတ်ထံ ပုံအောပေးနေတဲ့ စစ်အစိုးရကို တရားဝင်ဖြစ်အောင်လုပ်ပေးတဲ့ ဆက်ဆံရေးမျိုးကို လုံး၀လက်မခံကြောင်းလည်း SIF က ပြောပါတယ်။

ပြည်သူက ပေးအပ်ထားတဲ့ မဲဆန္ဒရှင်လုပ်ပိုင်ခွင့် (Electoral Mandate) မရှိသူ ဦးမင်းအောင်လှိုင်ကို အိန္ဒိယအစိုးရက နိုင်ငံတော်အကြီးအကဲဖြစ် လက်ခံတွေ့ဆုံတာဟာ အိန္ဒိယနိုင်ငံရဲ့ ဒီမိုကရေစီအပေါ် ယုံကြည်ကိုးစားမှု ဂုဏ်သိက္ခာ ထိခိုက်နစ်နာမှာဖြစ်ပြီး မြန်မာပြည်သူတွေအတွက်လည်း အကျိုးကျေးဇူး မရှိနိုင်ဘူးလို့ SIF မဟာမိတ်အင်အားစု မှာပါဝင်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက RFA ကိုပြောပါတယ်။

“အကျိုးသက်ရောက်မှုက ပြည်သူလူထုလက်မခံတဲ့သူကို အားပေးအားမြှောက်ပြုရာရောက်တယ်။ အသိအမှတ်ပြုရာရောက်တယ်။ အထူးသဖြင့် အိန္ဒိယလိုမျိုး ဒီမိုကရေစီဘိုးအေကြီးလို့ လူတွေက သတ်မှတ်ထားတဲ့ နိုင်ငံတစ်ခုကနေ ဒီမိုကရေစီကို ရိုက်ချိုးဖျက်ဆီးပြီးတော့ သုညအောက်မှာတောင် အများကြီးရောက်နေအောင်လို့ လုပ်နေတဲ့ စစ်အုပ်စုရဲ့ ခေါင်းဆောင်ကို ဒီလိုမျိုး သမ္မတအဖြစ် အသိအမှတ်ပြုပြီး ဆက်ဆံတယ်ဆိုတာက သူတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေလိမ့်မယ်လို့ မြင်ပါတယ်။ ဗိုလ်မင်းအောင်လှိုင် သမ္မတဖြစ်လာတာကလည်း ပြည်သူတွေ Mandateနဲ့ ဖြစ်လာတာမဟုတ်ဘူးလို့ ပြောဆိုပြီးတော့ ထောက်ပြဝေဖန်နေကြတဲ့ အခြေအနေမျိုးမှာ ပြည်သူလက်မခံတဲ့သူကို သမ္မတအဖြစ်နဲ့ လက်ခံပြီးတော့ ပြောဆိုဆက်ဆံနေတယ်ဆိုတဲ့ဟာက ကျမတို့နိုင်ငံက ပြည်သူကို ဆန့်ကျင်တာနဲ့ အတူတူပဲဖြစ်နေတယ်။ အဲဒါကို သူတို့အနေနဲ့သတိထားဖို့လိုတယ်”

ဦမင်းအောင်လှိုင်ဟာ သမ္မတရာထူးကို ဖန်တီးရယူဖို့အတွက် ၂၀၂၅ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းနဲ့ကျင်းပချိန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ၂၀၂၀ ရွေးကောက်ပွဲမှာ လူထုမဲ ၇၂ ရာခိုင်နှုန်းကို ကိုယ်စားပြုခဲ့တဲ့ ပါတီအားလုံးကို ချန်လှပ်ဖယ်ရှားထားတာ၊ နိုင်ငံရေးအကျဉ်းသား နှစ်သောင်းကျော် ဖမ်းဆီးထားတာ၊ ရွေးကောက်ပွဲကာလ မြို့နယ် ၉၀ နီးပါးကို ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီအပြင် ရွေးကောက်ပွဲရလဒ်ကို ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပသမဂ္ဂ၊ Human Rights Watch၊ FIDH၊ ANFRELနဲ့ အရပ်ဘက် အဖွဲ့အစည်းပေါင်း ၃၀၀ ကျော်က တရားမဝင်ကြောင်း ပြောဆိုထားတယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဦးမင်းအောင်လှိုင် အိန္ဒိယခရီးစဉ်ဟာ မေလ ၃၀ ရက်နေ့ကနေ ဇွန်လ ၃ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီနဲ့ တွေ့ဆုံတာ၊ စီးပွားရေးဖိုရမ်တက်ရောက်တာ၊ စက်မှုကဏ္ဍဆိုင်ရာနေရာတွေ သွားရောက်လေ့လာတာတွေ လုပ်ဆောင်ဖို့ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

မဟာဗျူဟာ ညှိုနှိုင်းဖော်ဆောင်ရေးအင်အားစု (SIF) ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU) စတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ သပိတ်ကော်မတီနဲ့ အရပ်ဘက်အဖွဲ့အစည်း စုစုပေါင်း အဖွဲ့ (၂၀) နဲ့ ဖွဲ့စည်းထားတဲ့ မဟာမိတ်အင်အားစု ဖြစ်ပါတယ်။