ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ လူမှုရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ အဖွဲ့ကြီးက ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက်ငါးရပ်အပေါ် မြန်မာစစ်ခေါင်းဆောင်တွေ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်မှုရှိ၊ မရှိ ပြန်သုံးသပ်သွားမယ်လို့ ဖိလစ်ပိုင်အစိုးရ သတင်းပြန်ကြားရေးဌာနက အောက်တိုဘာလ ၁၃ ရက်နေ့က ရေးသားဖော်ပြလိုက်ပါတယ်။
မြန်မာစစ်တပ်ခန့်အစိုးရခေါင်းဆောင်တွေ အာဆီယံအဖွဲ့မှာ တင်းပြည့်ကျပ်ပြည့်ပြန်ပါဝင်လာနိုင်ရေး လိုက်နာဆောင်ရွက်ရမယ့် အကြံပြုချက်တွေ ထုတ်ပြန်ဖို့ရှိ၊ မရှိ မေးမြန်းရာမှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန အာဆီယံရေးရာပြောခွင့်ရသူ ဒတ်ဇ် အင်ပါရီရယ် (Dax Imperial) က… အာဆီယံခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲအပြီး ညှိနှိုင်းထုတ်ပြန်ချက်မှာ ဒီကိစ္စနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်ကို ထည့်သွင်းဖော်ပြမှာဖြစ်တယ်လို့ ဖြေကြားပါတယ်။
“အရင်ဆွေးနွေးပွဲတွေမှာ ပြောဆိုထားသလို မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အာဆီယံ နိုင်ငံခေါင်းဆောင်တွေ အနေနဲ့ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ခြင်းရှိမရှိ ဒီထိပ်သီးညီလာခံမှာ ပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်ချက်ချသွားဖို့ ရှိပါတယ်။ သေချာပေါက်ပြောနိုင်တာက အာဆီယံခေါင်းဆောင်တွေရဲ့ တရားဝင်အစည်းအဝေး အစီအစဥ်မှာ ဒီကိစ္စလည်း ထည့်သွင်းထားပါတယ်”
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံတွေအတွင်း သဘောထားကွဲလွဲမှုရှိနေပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတွေက မြန်မာစစ်ခေါင်းဆောင်တွေနဲ့ နီးနီးကပ်ကပ်ထိတွေ့ဆက်ဆံရေးကို လိုလားနေပြီး ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ တီမောလတ်စ်တေ နိုင်ငံတွေက စစ်အာဏာသိမ်းအပြီး ရွေးကောက်ပွဲသစ်နဲ့ အစိုးရသစ်ဖွဲ့ထားတဲ့ စစ်ခေါင်းဆောင်တွေနဲ့ ပတ်သက်လို့ မူဝါဒရေးရာ ပြောင်းလဲလာတာ မတွေ့ရသေးပါဘူး။
ဖိလစ်ပိုင်မှာ ပြီးခဲ့တဲ့ ဇူလိုင်လက ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကတည်းက ဖမ်းဆီးထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေ တိုးတက်ပြောင်းလဲလာမှုကို ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်မှု ရေချိန်သတ်မှတ်ချက် တစ်ခုအနေနဲ့ အပြုသဘော တိုးတက်ပြောင်းလဲလာတဲ့ အချက်တစ်ခုအဖြစ် အာဆီယံအဖွဲ့က ထည့်သွင်းဖို့ စဥ်းစားနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံများအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံကိုယ်စားပြု တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း အဆင့်မြင့်ခေါင်းဆောင် တက်ရောက်ခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းအပြီး ပထမဆုံးကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခွင့်ရတဲ့ ဆွေးနွေးပွဲမှာ အာဆီယံက ဘုံသဘောတူညီချက်ငါးရပ်ကို တစ်ညီတစ်ညွတ်တည်း ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဒီအချက်တွေ တစ်ချက်မှ အကောင်အထည်ဖော်တာ မရှိခဲ့တဲ့အတွက် အာဆီယံကလည်း အကောင်အထည်ဖော်ဖို့ မပြတ်တိုက်တွန်းနေခဲ့ပြီး သံတမန်ရေးအရ တစ်ဆင့်နှိမ့်ဆက်ဆံလာတာ အခုအချိန်အထိ ဖြစ်ပါတယ်။
မြန်မာ့အရေး အာဆီယံအဖွဲ့ရဲ့ ဘုံသဘောတူညီချက်ငါးရပ်မှာ “အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာရေးအတွက် သက်ဆိုင်ရာအင်အားစု အဖွဲ့အစည်းအားလုံးနဲ့ အပြုသဘော တွေ့ဆုံဆွေးနွေးဖို့၊ ဒီဆွေးနွေးမှုတွေ ဖြစ်ပေါ်ရေးအတွက် အာဆီယံအဖွဲ့ဥက္ကဋ္ဌရဲ့ အထူးသံတမန်က ကြားဝင်ကူညီပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေကို အာဆီယံက လွတ်လပ်စွာ ပေးနိုင်ဖို့နဲ့၊ အာဆီယံအထူးကိုယ်စားလှယ်နဲ့ သက်ဆိုင်တဲ့ အင်အားစု အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးခွင့်ပေးဖို့” ပါဝင်ပါတယ်။
