ဒေါ်အောင်ဆန်းစုကြည်အခြေအနေတိုးတက်မှုအပေါ်မူတည် အာဆီယံစဥ်းစားမည်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေ တိုးတက်ပြောင်းလဲလာမှုကို နိုင်ငံအပြုသဘော တိုးတက်ပြောင်းလဲလာမှုတစ်ခုအဖြစ်ထည့်ဖို့ အာဆီယံစဥ်းစားနေ။

၂၀၂၁ စစ်အာဏာသိမ်းကတည်းက ဖမ်းဆီးထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေ တိုးတက်ပြောင်းလဲလာမှုကို ဘုံသဘောတူညီချက်ငါးရပ်အကောင်အထည်ဖော်မှု ရေချိန်တစ်ခုအနေနဲ့ မြန်မာနိုင်ငံအခြေအနေ အပြုသဘောတိုးတက်ပြောင်းလဲလာတဲ့ အချက်တစ်ခုအဖြစ် အာဆီယံအဖွဲ့က ထည့်သွင်းဖို့ စဥ်းစားနေတယ်လို့ အာဆီယံ သံတမန်အသိုင်းအဝိုင်းကို ကိုးကားပြီး ကျိုဒိုသတင်းဌာနက ဇူလိုင်လ ၂၄ ရက်နေ့က ရေးသားလိုက်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီး တွေဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ ၂၃ ရက်နေ့အထိ လေးရက်ကြာ ကျင်းပခဲ့တဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုဝင်ဘာ ထိပ်သီးညီလာခံမှာ တစ်စုံတစ်ရာ ဆုံးဖြတ်နိုင်အောင် တာဝန်ယူဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ထရီစာ လာဇရို (Theresa Lazaro) က အာဆီယံအဖွဲ့အနေနဲ့ မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်ရေး၊ ဒီလိုဖော်ဆောင်တာကို တိိုးတက်မှုရှိမရှိ စံထားသတ်မှတ်ပြီး စောင့်ကြည်ရေးတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း အထူးကိုယ်စားလှယ်ခန့်အပ်နိုင်ရေး ဆွေးနွေးခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။

မြန်မာစစ်တပ်ခန့်အစိုးရခေါင်းဆောင်တွေ အာဆီယံထိပ်သီးညီလာခံ ပြန်တက်ရောက်ဖို့ဆိုတာ အဝေးကြီး လိုသေးတယ်လို့လည်း သူက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟာ ၂၀၂၆ အာဆီယံထိပ်သီးညီလာခံမတိုင်ခင်မှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှုဆိုင်ရာ ခရီးစဥ်အဖြစ် ဦးဆောင်သွားရောက်ဖို့ရှိပါတယ်။ ဒီခရီးစဥ်မှာ စစ်တပ်က အာဏာသိမ်း ကတည်းက ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုထားပြီး “တွေ့ခွင့်ရမရ မသေချာပါဘူး”လို့လည်း သူကပြောပါတယ်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဟာ တခြား အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့အတူ ဇူလိုင်လ ၁၂ ရက်နေ့က စစ်တပ်ခန့် မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ ဘန်ကောက်မြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေး ခဲ့ပြီး ဇူလိုင် ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၅ ခုနဲ့ ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် NUG နဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံများအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း အဆင့်မြင့်ခေါင်းဆောင်တက်ရောက်ခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းအပြီး ပထမဆုံးကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ခွင့်ရတဲ့ ဆွေးနွေးပွဲမှာ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ကို တစ်ညီတစ်ညွတ်ထဲ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဒီအချက်တွေကို တစ်ချက်မှ အကောင်အထည်ဖော်ခြင်းမရှိခဲ့တဲ့အတွက် အာဆီယံကလည်း အကောင်အထည်ဖော်ဖို့ မပြတ်တိုက်တွန်းနေခဲ့ပြီး သံတမန်ရေးအရ တစ်ဆင့်နှိမ့်ဆက်ဆံလာတာ အခုအချိန်အထိ ဖြစ်ပါတယ်။

ဒီဘုံသဘောတူညီချက်မထုတ်ပြန်ခင် မူကြမ်းကို စစ်ခေါင်းဆောင်ကို မပြခဲ့တဲ့အတွက် သူ့ဆန္ဒသဘောထား မပါတဲ့အတွက် ဘုံသဘောတူညီချက်မဟုတ်ပါဘူးကြောင်း၊ ဒါပေမယ့် အာဆီယံပဋိညာဥ်၊ အာဆီယံနည်းလမ်း အာဆီယံစိတ်ဓာတ်တွေ အခြေခံထားရင် အပြုသဘောစဥ်းစားသွားမယ် စစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။