မြန်မာခေါင်း‌ဆောင်တွေ အာဆီယံပြန်တက်ဖို့ အဝေးကြီးလိုသေးဟု ဖိလစ်ပိုင်ပြော

အာဆီယံမှာ စစ်တပ်ခန့်အစိုးရခေါင်းဆောင်တွေပြန်တက်ဖို့အတွက် ဘုံသဘောတူညီချက် ဘယ်လောက်လိုက်နာအကောင်အထည်ဖော်သလဲအပေါ်မူတည်ဟုဆို။

မြန်မာစစ်တပ်ခန့်အစိုးရခေါင်းဆောင်တွေ အာဆီယံထိပ်သီးညီလာခံ ပြန်တက်ရောက်ဖို့ဆိုတာ အဝေးကြီး လိုသေးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ထရီစာ လာဇရို (Theresa Lazaro) က ဇူလိုင် ၂၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ အာဆီယံအထူးကိုယ်စားလှယ် လည်းဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောလိုက်တာဖြစ်ပါတယ်။

“အဝေးကြီးလိုပါသေးတယ်။ သူတို့အနေနဲ့ (ဘုံသဘော တူညီချက် ၅ ရပ်အပေါ်) ဘယ်လောက် လိုက်နာ ဆောင်ရွက်မလဲဆိုတဲ့အပေါ်မှာ မေးခွန်းတွေ အများကြီး ရှိနေပါသေးတယ်။၊ မြန်မာအကြပ်အတည်း ဖြေရှင်းရေးအတွက် အာဆီယံက ဘုံသဘောတူထားတဲ့ ငြိမ်းချမ်းရေးလမ်းစဥ်ကို ဘယ်လောက်လိုက်နာပြီး ဘယ်လောက် တိုးတက်မှု ရှိလာသလဲ၊ ဘာမှ တိုးတက်လာမှုမရှိရင် မလိုက်နာလို့ပဲလို့ သုံးသပ်ရမှာပါပဲ”

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟာ ၂၀၂၆ အာဆီယံထိပ်သီးညီလာခံမတိုင်ခင်မှာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ ခရီးစဥ်အဖြစ် ဦးဆောင်သွားရောက်ဖို့ရှိပါတယ်။ ဒီခရီးစဥ်မှာ စစ်တပ်က အာဏာသိမ်းကတည်းက ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုထားပြီး “တွေ့ခွင့်ရမရ မသေချာပါဘူး”လို့လည်း သူကပြောပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရာမှာ တိိုးတက်မှုတွေကို စောင့်ကြည့်တိုင်းတာရေးအတွက် စံသတ်မှတ်ချက်တွေထားရှိဖို့ နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း အထူးကိုယ်စားလှယ်ခန့်အပ်နိုင်ရေး ဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ဇူလိုင်လ ၂၁ ရက်နေ့မှာ သဘောတူထားပါတယ်။

အာဆီယံ အဖွဲ့ဝင် ၁၁ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဇူလိုင်လ ၂၁ ရက်နေ့က ၂၃ ရက်နေ့အထိ လက်ရှိအလှည့်ကျ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ၅၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ပါတယ်၊။ စစ်ရေးအရ ပြန်တင်းမာလာတဲ့ အီရန်စစ်ပွဲနဲ့ ဟောမုစ်ရေလက်ျားအရေး၊ မြန်မာပြည်တွင်း စစ်ပြဿနာနဲ့ တောင်တရုတ် ပင်လယ် အငြင်းပွားမှုတွေကို ပူးပေါင်းအဖြေရှာ ဆွေးနွေးကြတယ်လို့ သိရပါတယ်။

မနီလာအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘန်ကောက်မြို့မှာ အဆိုတင်ဆွေးနွေးခဲ့တာကို ပြန်လည်ဆွေးနွေးကြပြီး မြန်မာနိုင်ငံ အရေး အာဆီယံ မူဘောင်ထဲကနေ တိုးတက်မှုရှိမရှိ အဖြေရှာစောင့်ကြည့်ဖို့နဲ့ နှစ်စဥ် အထူးကိုယ်စားလှယ် တစ်ဦး ပြောင်းလဲနေတာကို ရပ်ပြီး ရေရှည် အထူးကိုယ်စားလှယ်ခန့်ထားဖို့တွေ ဆွေးနွေးခဲ့ကြတယ်လို့ မစ္စ လာဇရိုက ပြောပါတယ်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဟာ တခြား အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့အတူ ဇူလိုင်လ ၁၂ ရက်နေ့က စစ်တပ်ခန့် မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ ဘန်ကောက်မြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေး ခဲ့ပြီး ဇူလိုင် ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၅ ခုနဲ့ ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် NUG နဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံများအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း အဆင့်မြင့်ခေါင်းဆောင်တက်ရောက်ခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းအပြီး ပထမဆုံးကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ခွင့်ရတဲ့ ဆွေးနွေးပွဲမှာ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ကို တစ်ညီတစ်ညွတ်ထဲ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဒီအချက်တွေကို တစ်ချက်မှ အကောင်အထည်ဖော်ခြင်းမရှိခဲ့တဲ့အတွက် အာဆီယံကလည်း အကောင်အထည်ဖော်ဖို့ မပြတ်တိုက်တွန်းနေခဲ့ပြီး သံတမန်ရေးအရ တစ်ဆင့်နှိမ့်ဆက်ဆံလာတာ အခုအချိန်အထိ ဖြစ်ပါတယ်။

ဒီဘုံသဘောတူညီချက်မထုတ်ပြန်ခင် မူကြမ်းကို စစ်ခေါင်းဆောင်ကို မပြခဲ့တဲ့အတွက် သူ့ဆန္ဒသဘောထား မပါတဲ့အတွက် ဘုံသဘောတူညီချက်မဟုတ်ပါဘူးကြောင်း၊ ဒါပေမယ့် အာဆီယံပဋိညာဥ်၊ အာဆီယံနည်းလမ်း အာဆီယံစိတ်ဓာတ်တွေ အခြေခံထားရင် အပြုသဘောစဥ်းစားသွားမယ် စစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။