နိုဝင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပမဲ့ အာဆီယံ ထိပ်သီးညီလာခံ-အာရှပစိဖိတ်နိုင်ငံများအစည်းအဝေးမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေကို ခိုင်မာပြတ်သားစွာ ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ အမေရိကန်အခြေအစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က နိုဝင်ဘာလ ၁၁ ရက်နေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌနဲ့ အိမ်ရှင်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာထံကို နိုဝင်ဘာလ ၅ ရက်နေ့စွဲနဲ့ HRW က ပေးပို့တဲ့စာမှာ “၂၀၂၆ နှစ်ဆန်းပိုင်းက မြန်မာနိုင်ငံမှာ စစ်တပ်က ဦးဆောင်ကျင်းပခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ ဒီရွေးကောက်ပွဲကနေ သမ္မတရာထူးကို ရယူခဲ့တဲ့ စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို အာဆီယံအဖွဲ့အနေနဲ့ အသိအမှတ်မပြုဖို့” တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ အာဆီယံနိုင်ငံတွေက တောင်းဆိုထားတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားရေး အချက်တွေကို လိုက်နာမှုမရှိပေမဲ့ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အာဆီယံနိုင်ငံတချို့က သူ့ကို အသိအမှတ်ပြု လက်ခံခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာတော့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ဦးမင်းအောင်လှိုင် တက်ရောက်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ဒါပေမဲ့ အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေ နိုင်ငံကိုယ်စားပြုပြီး အာဆီယံအစည်းအဝေးတွေ တက်ရောက်ခွင့်ကို ဆက်ပြီး ပိတ်ပင်ထားဖို့လည်း HRW က တိုက်တွန်းထားပါတယ်။
HRW ရဲ့ အာရှရေးရာ စည်းရုံးလှုံ့ဆော်ရေးညွှန်ကြားရေးမှူး ဂျွန်စစ်ဖ်တန် (John Sifton) က “မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်ဖို့အတွက် အာဆီယံက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိတယ်” လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်တာတွေ ရပ်တန့်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ပိတ်ပင်ကန့်သတ်တာတွေကို ရုပ်သိမ်းဖို့နဲ့ အရပ်သားအုပ်ချုပ်ရေး အသွင်ကူးပြောင်းနိုင်အောင် စစ်မှန်တဲ့ ဆွေးနွေးပွဲတွေ စတင်ဖို့ နိုင်ငံတကာအစိုးရတွေအနေနဲ့ ဖိအားတိုးမြှင့်သင့်တယ်လို့လည်း သူက တိုက်တွန်းပါတယ်။
၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှုကို ဆန့်ကျင်သူ ၃၂,ဝဝဝ ကျော် ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သေဆုံးသူ အနည်းဆုံး ၂,၃ဝဝ ရှိတယ်လို့ HRW ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဖမ်းရသူတွေထဲမှာ အမျိုးသမီး ၆,၆ဝဝ ကျော် ပါဝင်ပြီး အများစုဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရသလို ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားချိန်မှာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိတ်ပင်ခံခဲ့ရတယ်လို့လည်း HRW က ဆိုပါတယ်။
သုံးရက်ကြာကျင်းပမဲ့ အာဆီယံထိပ်သီးညီလာခံ - အာရှပစိဖိတ်နိုင်ငံများအစည်းအဝေးတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပြင် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံက ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။
