အာဆီယံအဖွဲ့အနေနဲ့ မြန်မာစစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့်ပေးသင့်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖုဝမ်ကက်(က်)ရောက် (Sihasak Phuangketkeow) က ပြောလိုက်ပါတယ်။
နိုဝင်ဘာလ ၁၂ ရက် ကြာသပတေးနေ့က နေပြည်တော်ကို နေ့ချင်းပြန်ခရီး သွားရောက်ခဲ့ပြီးနောက် ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အခုလိုပြောလိုက်တာပါ။
မစ္စတာ ဆီဟာဆတ်ဟာ နေပြည်တော်မှာ စစ်တပ်ခန့်အစိုးရအကြီးအကဲ ဦးမင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး “မြန်မာနိုင်ငံဘက်က အာဆီယံနိုင်ငံတွေနဲ့ ပြန်လည်ထိ တွေ့ဆက်ဆံလိုတဲ့၊ အာဆီယံမှာ အပြည့်အဝပြန်ပါဝင်လိုတဲ့ဆန္ဒ ရှိတယ်ဆိုတာ တွေ့ခဲ့ရကြောင်း၊ ဒါပေမဲ့ အာဆီယံထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ပြန်ရဖို့ ဘာတွေလုပ်ဆောင်မယ်ဆိုတဲ့ ကိစ္စတွေကိုတော့ ဆွေးနွေးခဲ့တာမရှိကြောင်း”လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
“ထိုင်းနိုင်ငံအနေနဲ့တော့ ပထမဆုံးအဆင့် အာဆီယံအစည်းအဝေးတွေမှာ မြန်မာစစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့်ပြုဖို့လိုတယ်လို့ ယုံကြည်ကြောင်း”လည်းပြောပါတယ်။
ထိုင်းနိုင်ငံဟာ အာဆီယံမှာ မြန်မာနိုင်ငံ အပြည့်အဝ ပြန်ပါဝင်လာနိုင်ရေး ဦးဆောင်ကြိုးပမ်းနေတဲ့ နိုင်ငံဖြစ်ပြီး ဖိလစ်ပိုင်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့ စတင်ကျင်းပမယ့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်ခင် မြန်မာနိုင်ငံကို နေ့ချင်းပြန်ခရီး သွားရောက်ခဲ့တာဖြစ်ပါတယ်။
၁၁ နိုင်ငံပါတဲ့ အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပြီး အာဆီယံ ထိပ်သီးညီလာခံတွေမှာလည်း အဆင့်မြင့်ခေါင်းဆောင်တက်ရောက်ခွင့်ကို ကန့်သတ်ထားခဲ့တာ အခုအချိန်အထိ ဖြစ်ပါတယ်။
