အမေရိကန်သက်တမ်းဝက် ရွေးကောက်ပွဲရလဒ်ကြောင့် မြန်မာ့အရေးရိုက်ခတ်မှုရှိနိုင်မလား

မြန်မာ့အရေးအပေါ် သမ္မတထရမ့်အစိုးရရဲ့ မူဝါဒတွေကို ချက်ချင်းပြောင်းလဲစေမှာ မဟုတ်ကြောင်း သုံးသပ်မှုတွေရှိ။

နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန်သက်တမ်းဝက်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကမ္ဘာတစ်ဝှန်းမှာ စိတ်ဝင်တစားရှိကြသလို မြန်မာ့အရေးအတွက်လည်း မြန်မာပြည်သူတွေက တစ်စုံတစ်ရာ အကျိုးသက် ရောက်မှုရှိမလားဆိုတာ စိတ်ဝင်စားခဲ့ကြပါတယ်။ အမေရိကန်ရွေးကောက်ပွဲရလဒ်နဲ့ လွှတ်တော်သစ်က မြန်မာ့အရေးအပေါ် သက်ရောက်မှုရှိလာနိုင်ပါသလား။

မြန်မာပြည်အရေးနဲ့ပတ်သက်တဲ့ လက်ရှိအမေရိကန်အစိုးရရဲ့မူဝါဒတွေကို လွှတ်တော်က ထိန်းညှိနိုင်ဖို့ မျှော်လင့်တယ်လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မမေစပယ်ဖြူက ပြောပါတယ်။

“အမေရိကန်အစိုးရမှာ မြန်မာနိုင်ငံထက်ပိုပြီးတော့ သူတို့အာရုံစိုက်တဲ့ အခြားအရေးကိစ္စတွေရှိတယ်လေ။ ဆိုတဲ့အခါကျတော့ ကွန်ဂရက်စ် စတာနဲ့ မြန်မာ့အရေးကို ကိုင်တွယ်လိမ့် မယ်လို့ ချက်ချင်းမျှော်လင့်လို့မရပါဘူး။ ဒါပေမဲ့ တစ်ယောက်တည်းက လုပ်နေတဲ့ဟာတွေကို တည့်မတ်ထိန်း ကျောင်းနိုင်အောင် အထောက်အကူဖြစ်လိမ့်မယ်လို့ ထင်တယ်ပေါ့နော်”

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားခွန်အောင်က မြန်မာ့တော်လှန်ရေးအင်အားစုတွေနဲ့ အမေရိကန်လွှတ်တော် အမတ်တွေအကြား ထိတွေ့ဆက်ဆံမှုတွေ ပိုအားကောင်းလာနိုင်ဖို့ မျှော်လင့်ပါတယ်။

“အခုတော့ ပိုပြီးထိတွေ့မှုတွေ ပိုအားကောင်းလာနိုင်တယ်၊ ကျွန်တော်တို့အသံတွေကို ပိုပြီးနားထောင်တာမျိုးတွေ ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်ကတော့ မြန်မာ့အရေးနဲ့ပတ်သက်ရင် မြန်မာပြည်သူတွေရဲ့ သဘောထားဆန္ဒနဲ့ လက်တွေ့အခြေအနေတွေကို ထည့်သွင်းစဉ်းစားဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

“ဘယ်နိုင်ငံမဆို မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဆောင်ရွက်မယ်ဆိုရင် ပြည်သူတွေရဲ့ အသံ၊ ပြည်သူတွေရဲ့ သဘောထားဆန္ဒ ဒါတွေကို ထည့်တွက်ဖို့ဆိုတာရယ်၊ မြန်မာနိုင်ငံမှာ လက်ရှိအမှန်တကယ် ဖြစ်ပျက်နေသလဲဆိုတဲ့ လက်ရှိအဖြစ်အပျက်နဲ့ မကင်းကွာဖို့ဆိုတာရယ်ကို အမြဲတမ်းတိုက်တွန်းပြီးတော့ ပြောကြားဆောင်ရွက်နေတာရှိပါတယ်။ ဒီမိုကရက်တွေက အများစုအနိုင်ရပြီးတော့ လွှတ်တော်မှာ ရောက်ရှိလာကြတော့ အပြန်အလှန်ထိန်းကျောင်းမှုတွေ ပိုပြီးအားကောင်းလာမယ်၊ ဒီမိုကရေစီရဲ့စံနှုန်းတွေ ပိုပြီးအာကောင်းလာဖို့ မျှော်လင့်ပါတယ်”

အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၀၀၉) တပ်ရင်းက တာဝန်ရှိသူ ကိုအင်းသွေးနီကတော့ အင်အားကြီးနိုင်ငံတွေရဲ့ အကျိုးစီးပွားအားပြိုင်မှုတွေကြောင့် မြန်မာ့အရေးမှာ အမေရိကန်ရဲ့ ချဉ်းကပ်မှုက ကြီးမားတဲ့ ပြောင်းလဲမှု မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။

“မြန်မာအပေါ် ချဉ်းကပ်မှုကတော့ ထူးထူးခြားခြား ပြောင်းလဲလိမ့်မယ်လို့ မျှော်လင့်လို့မရပါဘူး။ လွှတ်တော်ရဲ့ဖိအားကြောင့် ထရမ့်အစိုးရရဲ့နိုင်ငံရေးအပြောင်းအလဲဖြစ်လာနိုင်တယ်ဆိုပေမဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ အင်အားကြီးနိုင်ငံတွေရဲ့ အကျိုးစီးပွားအားပြိုင်မှုဖြစ်နေလို့ပါပဲ”

လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်တဲ့ အစိုးရတာဝန်ရှိတွေဟာ ဒီနှစ်အတွင်းမှာပဲ မြန်မာစစ်တပ်ဦးဆောင်တဲ့ အာဏာပိုင်တွေနဲ့ ထိတွေ့ဆက်ဆံတာတွေ ရှိလာပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းထဲ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ပေါင်းစပ်မဟာဗျူဟာစာတမ်းမှာလည်း မြန်မာနိုင်ငံမှာ ၂၀၃၀ ပြည့်နှစ်အရောက် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိနိုင်ရေးကို သံတမန်ရေးနည်းလမ်းနဲ့ ကြိုးပမ်းဖို့၊ မြေရှားသတ္တုတွေ ရယူနိုင်မယ့် အခွင့်အလမ်းတွေ ဖော်ဆောင်ဖို့လည်း ရည်ရွယ်ထားတယ်လို့ ဖော်ပြထားပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကတော့ သမ္မတထရမ့်ရဲ့ လက်ကျန်သက်တမ်းအတွင်းမှာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ မူဝါဒတွေကို ဆက်ပြီးအကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ သုံးသပ်ပါတယ်။

“အခုသူ (သမ္မတပါတီက) ရှုံးသွားပေမဲ့လည်း နိုင်ငံရဲ့ နိုင်ငံခေါင်းဆောင်အနေနဲ့ကတော့ အနိုင်ရထားတာပဲ ဖြစ်တဲ့အတွက်ကြောင့်မလို့ သူ့သက်တမ်းကလည်း နှစ်နှစ်ကျန်သေးတဲ့အတွက်ကြောင့် ဒီမူဝါဒတွေကို ဆက်ပြီးအကောင်အထည်ဖော်နိုင်မယ်လို့ မြင်ပါတယ်”

စစ်တပ်အရာရှိဟောင်း ဒေါက်တာအောင်မျိုးကလည်း သမ္မတထရမ့်ရဲ့ လုပ်ပိုင်ခွင့်တွေကြောင့် ရွေးကောက်ပွဲရလဒ်က မြန်မာ့အရေးကို ကြီးကြီးမားမား ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“သမ္မတရဲ့ဆန္ဒကို ကျော်လွန်ပြီးတော့ တားမြစ်ပိတ်ပင်မှုဆိုတာကလည်း အင်မတန်ကို ခဲယဉ်းပါတယ်။ ရွေးကောက်ပွဲမှာ ဒီမိုကရက်က အများစုရတယ်ဆိုပေမဲ့လည်း သမ္မတရဲ့မူဝါဒကို ကြီးကြီးမားမား နောက်ပြန်လှည့်သွားအောင် လုပ်လို့မရဘူးဆိုတာကို အခိုင်အမာပြောလိုပါတယ်”

Los Angeles Myanmar Movement (LA2M) အဖွဲ့ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေကတော့ လွှတ်တော်ကတစ်ဆင့် စစ်တပ်ခန့်အစိုးရကို တရားဝင်အသိအမှတ်ပြုမှု မရအောင် ထိန်းကျောင်းဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

“တဖြည်းဖြည်းနဲ့ စစ်အုပ်စုကို တရားဝင်ဖြစ်မလာအောင် ထိန်းသိမ်းနိုင်ဖို့ အဓိကထားရမှာပဲ။ တရားမဝင်မှုက တော်လှန်ရေးအတွက် အထောက်အကူအကြီးဆုံးလို့ ယူဆတယ်။ အုပ်ချုပ်ရေးပိုင်းနဲ့ ကွန်ဂရက်ကလည်း အခု သဟဇာတဖြစ်မဲ့ပုံမရဘူးဆိုတော့ damage control ပဲ အရေးအကြီးဆုံးလုပ်ရမှာပဲ ကိုယ့်အားကိုယ်ကိုးပြီးတော့စည်းလုံးဖို့လိုတာပေါ့ တော်လှန်ရေးသမားတွေ တော်တော်ကြီး သတိထားရမဲ့အချိန်ဖြစ်နေတယ်”

တမ္ပဒီပ အင်စတီကျုရဲ့ ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းကတော့ ဒီမိုကရက်တစ်ပါတီက လွှတ်တော်ကို ထိန်းချုပ်လာတာကြောင့် မြန်မာ့အရေးမှာ အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ မျှော်လင့်နိုင်ပေမဲ့ သတိထားစောင့်ကြည့်ဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

“ ၂ဝ၂၁ အာဏာသိမ်းတဲ့ကာလကတည်းက အမေရိကန်ဟာ မြန်မာနဲ့ပတ်သက်လို့ လက်ရှောင်ခဲ့ပါတယ်။ ဒါက ရီပတ်ဘလစ်ကန်တင်မကဘူး ပါတီနှစ်ခုစလုံးက လုပ်ခဲ့တာပါ။ ဥပဒေတွေ ပြောရမယ်ဆိုရင် BRAVE Burma Act တို့လို ဥပဒေတွေတော့ ပြဋ္ဌာန်းပါတယ် ဒါပေမဲ့ ဘာမှပေါ်မလာဘူး”

ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ အမျိုးသားအကျိုးစီးပွားတွေကြား မူဝါဒသဘောထား ကွဲလွဲမှုတွေ ရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“မြန်မာတွေက တရုတ်ဘက် လုံးလုံးရောက်မသွားအောင် တားဆီးရေးက အမေရိကန်အကျိုးစီးပွား ဖြစ်တဲ့အတွက် ဒီကိစ္စမှာတော့ သမ္မတနဲ့ လွှတ်တော်ကြား ညှိယူကြဖို့များတယ်ပေါ့လေ၊ ဒါ့အပြင် ဒီမိုကရေစီစံနှုန်းတွေကို တစိတ်တပိုင်း စွန့်လွှတ်လာတဲ့ အိန္ဒိယဟာလည်း အာရှ-ပစိဖိတ်ဒေသထဲက အမေရိကန်စိုးမိုးရေးအတွက် ခြိမ်းခြောက်မှု တစ်ခုအဖြစ် မြင်လာပြီဆိုရင်တော့ မြန်မာပြည်မှာ ငြိမ်းချမ်းရေးကိစ္စလိုဟာမျိုးကို သမ္မတရော၊ လွှတ်တော်ကပါ တွန်းလာနိုင်တယ်”

ဒီမိုကရက်တစ်ပါတီက လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်နိုင်ခြေရှိလာတဲ့ ရွေးကောက်ပွဲရလဒ်ဟာ မြန်မာ့အရေးအပေါ် သမ္မတထရမ့်အစိုးရရဲ့ မူဝါဒတွေကို ချက်ချင်းပြောင်းလဲစေမှာ မဟုတ်ပေမဲ့ လွှတ်တော်ရဲ့ ထိန်းကျောင်းမှုနဲ့ မြန်မာပြည်တော်လှန်ရေးအင်အားစုတွေအပေါ် ထိတွေ့ဆက်ဆံတာတွေ ပိုမိုအားကောင်းလာနိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။