ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ နိုဝင်ဘာလ ၁၆ ရက်ကနေ ၁၈ ရက်အထိ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ ထိပ်သီးအစည်းအဝေး မတိုင်မီ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နဲ့ ဒုတိယဝန်ကြီးချုပ်ဖြစ်သူ ဆီဟာဆတ် ဖုန်ကတ်တီရော (Sihasak Phuangketkeow) မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၂ ရက်မှာ လာရောက်မယ်လို့ အစိုးရက နိုဝင်ဘာ ၄ ရက်နေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မစ္စတာဆီဟာဆတ်ဟာ နိုဝင်ဘာလ ၃ ရက်နေ့က မြန်မာစစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တယ်လီဖုန်းကတစ်ဆင့် ဆယ်မိနစ်ကြာ စကားပြောဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။
ဒီလိုပြောကြားရာမှာ မိုင် ၁,၅၀၀ ကျော်ရှည်တဲ့ ထိုင်းမြန်မာနယ်စပ်တစ်လျောက် မြန်မာစစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာ ထိပါးမှု မရှိစေရေး ထိုင်းအစိုးရဘက်က လိုလားချက်တွေကို ထည့်သွင်းပြောကြားခဲ့တယ်လို့ သူကပြောပါတယ်။ ထိုင်းအာဏာပိုင်တွေအနေနဲ့ မြန်မာဘက်က ထိုင်းဘက်ကို လက်နက်ကြီးကျည် ကျရောက် ထိမှန်တာတွေအပေါ် စိုးရိမ်ပူပန်ကြောင်းလည်း ပြောကြားတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ခန့် အစိုးရအနေနဲ့ အာဆီယံအဖွဲ့ကြီးထဲသို့ အပြည့်အဝ ပြန်လည် ပါဝင်နိုင်ရေး အတွက် ပြည်တွင်း အကြမ်းဖက်တိုက်ခိုက်နေတာတွေကို လျှော့ချဖို့လိုတယ်လို့လည်း ဦးတင်မာင်ဆွေကို ပြောကြား ခဲ့တယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံဟာ အာဆီယံမှာ မြန်မာနိုင်ငံ အပြည့်အဝ ပြန်ပါဝင်လာနိုင်ရေး ဦးဆောင်ကြိုးပမ်းနေတဲ့ နိုင်ငံဖြစ်ပြီး အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မြန်မာခရီးစဥ်မှာ နေအိမ်မှာ အကျဥ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် စစ်တပ်ခန့်အစိုးရဟာ အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် မပေးတဲ့အပြင် သမ္မတအာဏာရယူထားတဲ့ အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ကပါ လက်ခံ တွေ့ဆုံခြင်း မရှိခဲ့ပါဘူး။
၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံများအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း အဆင့်မြင့်ခေါင်းဆောင်တက်ရောက်ခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းအပြီး ပထမဆုံးကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ခွင့်ရတဲ့ ဆွေးနွေးပွဲမှာ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ကို တစ်ညီတစ်ညွတ်ထဲ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဒီအချက်တွေကို တစ်ချက်မှ အကောင်အထည်ဖော်ခြင်းမရှိခဲ့တဲ့အတွက် အာဆီယံကလည်း အကောင်အထည်ဖော်ဖို့ မပြတ်တိုက်တွန်းနေခဲ့ပြီး သံတမန်ရေးအရ တစ်ဆင့်နှိမ့်ဆက်ဆံလာတာ အခုအချိန်အထိ ဖြစ်ပါတယ်။
