အာဆီယံအစည်းအဝေးတွေ ပြန်တက်ခွင့်ရရေး စစ်တပ်ခန့်အစိုးရ ဆွေးနွေး

အထူးကိုယ်စားလှယ်ကတော့ ဒီခရီးစဉ်မှာ လေ့လာသိရှိခဲ့တဲ့ အချက်အလက်တွေကို လာမဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ တင်ပြသွားမယ်လို့ ပြောဆို။

အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာဘက်က ပြန်တက်ရောက်ခွင့်ရဖို့အတွက် စစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ စစ်တပ်ခန့်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ အာဆီယံအတွင်း မြန်မာနိုင်ငံရဲ့ မူလအခန်းကဏ္ဍနဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိနိုင်မဲ့ နည်းလမ်းတွေ၊ လာမဲ့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက် ငါးရပ်နဲ့ပတ်သက်ပြီး အမျိုးသားအကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဦးတင်မောင်ဆွေက ပြောဆိုခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး မာရီယာထရီဇာ လာဇရို ကတော့ ဒီခရီးစဉ်အတွင်း လေ့လာသိရှိခဲ့တဲ့ အချက်အလက်တွေကို လာမဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ တင်ပြသွားမယ်လို့ ပြောဆိုခဲ့ကြောင်း စစ်တပ်ခန့်အစိုးရက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ မူလအခန်းကဏ္ဍနဲ့ အခွင့်အရေးတွေ ပြန်လည်ဖော်ဆောင်နိုင်ဖို့ မြန်မာဦးဆောင်တဲ့ နည်းလမ်းတွေ ရှာဖွေရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပိုမိုပေးအပ်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်ကတော့ အာဆီယံအနေနဲ့ စစ်တပ်ခန့်အစိုးရနဲ့သာ ထိတွေ့ဆက်ဆံနေရုံနဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

“မြန်မာနိုင်ငံက လက်ရှိအခြေအနေက တစ်နိုင်ငံလုံးကို စစ်အုပ်စုကလွှမ်းမိုး အုပ်ချုပ်နိုင်တာမျိုး ရှိမနေဘူး။ တော်လှန်ရေးအစိုးရဖြစ်တဲ့ NUG အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေ ရှိနေပြီးတော့ ကျွန်တော်တို့ အတူတကွ SCEF ဆိုပြီး ဖွဲ့စည်းထားတာရှိတယ်။ ဒါကြောင့် စစ်ခေါင်းဆောင်နဲ့ ထိတွေ့ဆက်ဆံမှုလုပ်ခြင်းဟာ ဘယ်လိုမှ မြန်မာ့နိုင်ငံရေးပြဿနာကို ပြေလည်စေမှာမဟုတ်ဘူးလို့ အမြဲတမ်းပြောပါတယ်။ စစ်တပ်နဲ့တွေ့ပြီး စစ်တပ်လိုက်ပို့တဲ့နေရာသွား၊ စစ်တပ်ထိန်းချုပ်ထားတဲ့ နေရာတွေမှာ သွားလာလှုပ်ရှားမယ်ဆိုရင် ဒါက တိုင်းပြည်မှာ ထိခိုက်ခံစားနေရတဲ့ ပြည်သူလူထုနဲ့လည်း တွေ့ရမှာမဟုတ်ဘူး။ ပြည်သူလူထုဆီလည်း ရောက်မှာမဟုတ်ဘူး။ ဒါကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံဖို့ ပြောတာပါ”

မာရီယာထရီဇာ လာဇရို (Maria Theresa Lazaro) ဟာ မြန်မာနိုင်ငံကို အောက်တိုဘာလ ၂၈ ရက်ကနေ ၃၀ ရက်အထိ သုံးရက်ကြာ ရောက်ရှိနေတာဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း အာဆီယံအထူးကိုယ်စားလှယ်ဟာ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးဝင်းမြင့်တို့ကို တွေ့ဆုံနိုင်ခြေရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသတင်းအရင်းအမြစ်တချို့က RFA ကို ပြောပါတယ်။

ခရီးစဉ် ဒုတိယမြောက်နေ့ဖြစ်တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့အထိတော့ အဲဒီလိုတွေ့ဆုံနိုင်ခြေ ရှိ မရှိ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမဲ့အစီအစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက် မရှိသေးဘူးလို့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ပြောထားပါတယ်။

ထရီဇာ လာဇရိုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ အရင်ကတည်းက တောင်းဆိုထားသူဖြစ်ပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့မှာတော့ မာရီယာထရီဇာ လာဇရို ဟာ ၂၀၂၅ ခုနှစ်က ငလျင်ဒဏ်သင့်ခဲ့တဲ့ ပျဉ်းမနားမြို့နယ်က ကိုးခမ်းကြီးဘုန်းကြီးကျောင်းနဲ့ လယ်ဝေးမြို့နယ် သပြေပင်ရွာက အခြေခံပညာအထက်တန်းကျောင်းကို သွားရောက်ခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းက စိန့်ဖော်စတီနာ နိုဗီရှိတ် ဘုရားကျောင်းနဲ့ ညိုမီးဘုရားကုန်းကျေးရွာတို့က စစ်ဘေးဒုက္ခသည်တွေနဲ့ သွားတွေ့ခဲ့ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အခုခရီးစဉ်ဟာ ၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်တာဖြစ်ပြီး ဇန်နဝါရီလ ၅ ရက်ကနေ ၇ ရက်အထိ ပထမအကြိမ် လာရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပဖို့၊ အာဆီယံအထူးကိုယ်စားလှယ်က ဆွေးနွေးညှိနှိုင်းမှုတွေမှာ ကြားဝင်ဆောင်ရွက်ဖို့၊ လူသားချင်းစာနာမှု အကူအညီပေးဖို့နဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ရဖို့ စတဲ့ အချက် ငါးချက် ပါဝင်တဲ့ ဘုံသဘောတူညီချက်ကို အာဆီယံက ၂၀၂၁ ခုနှစ် ဧပြီလမှာ ချမှတ်ခဲ့တာပါ။

မြန်မာစစ်တပ်က ဒီဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကြောင့် အာဆီယံဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလကစပြီး မြန်မာစစ်တပ်ဘက်က အဆင့်မြင့်နိုင်ငံရေး ကိုယ်စားလှယ်တွေကို ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့် ကန့်သတ်ခဲ့ပါတယ်။

အာဆီယံက မြန်မာနိုင်ငံအတွက် နိုင်ငံရေးရာထူးမဟုတ်တဲ့ ကိုယ်စားလှယ်အဆင့်နဲ့သာ ပါဝင်တက်ရောက်ခွင့်ပေးထားပြီး အဲဒီကန့်သတ်ချက်ကို ဆက်လက်ကျင့်သုံးနေတာဖြစ်ပါတယ်။

၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး နဲ့ ဆက်စပ်အစည်းအဝေးတွေကိုတော့ နိုဝင်ဘာလ ၁၆ ရက်နေ့ကနေ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပဖို့ ရှိနေပါတယ်။ အဲဒီအစည်းအဝေးမှာ စစ်တပ်ခန့်အစိုးရ အဆင့်မြင့်ကိုယ်စားလှယ်တွေ တက်ခွင့်ရ၊ မရ မသိရသေးပါဘူး။