ဘုံသဘောတူညီချက် တိုးတက်မှုမရှိသရွေ့ ဦးမင်းအောင်လှိုင်ကို အာဆီယံတက်ခွင့် ဆက်ပိတ်ပင်

တစ်နိုင်ငံချင်း မြန်မာနဲ့ ထိတွေ့ဆက်ဆံတာကို လက်ခံ၊ အဖွဲ့အစည်းအနေဖြင့် ဘုံသဘောတူညီချက် တိုးတက်မှုပေါ်မူတည်ပြီး အပြည့်အဝ ကိုယ်စားပြုတက်ရောက်ခွင့်ကို စဥ်းစားမည်ဟုဆို။

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ လူမှုရေး အကျပ်အတည်း တွေကို ဖြေရှင်းနိုင်ဖို့ အာဆီယံအဖွဲ့ကြီးက ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက်ငါးရပ်အပေါ် မြန်မာစစ် ခေါင်း‌ဆောင်တွေ လိုက်နာအကောင်အထည်ဖော်တိုးတက်မှုရှိလာတာနဲ့အမျှ အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေးတွေ ပြန်တက်ရောက်ခွင့်ကို စဥ်းစားသွားမယ်လို့ အာဆီယံခေါင်း‌ဆောင်တွေက နိုဝင်ဘာ ၁၅ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ပြုလုပ်တဲ့ အာဆီယံခေါင်းဆောင်များ ထိပ်သီးညီလာခံအဖွင့်မှာ လက်ရှိအလှည့်ကျ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr)က မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် အရင်ခြောက်လက ထုတ်ခဲ့တဲ့မေးခွန်းကိုပဲ ပြန်မေးရမှာပါပဲလို့ ပြောကြားပါတယ်။

“မြန်မာနဲ့ပတ်သက်လို့ အခုဆွေးနွေးပွဲမှာ အာဆီယံဘုံသဘောတူညီချက် ငါးရပ် ရှေ့တိုးအကောင်အထည် ပေါ်လာရေးအတွက် လက်တွေ့ကျပြီး ရေရှည်အကျိုးကိုကြည့်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာစေမယ်လို့ မျှော်လင့်ပါတယ်။ မြန်မာပြည်တွင်းက လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို လက်တွေ့ကျကျ ဖြေရှင်းနိုင်မယ့် ကြိုးပမ်းမှုတွေဖြစ်လာပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းပြီး အားလုံးပါဝင်တဲ့ မြန်မာတွေပဲ ဦးဆောင်ပြီး မြန်မာတွေပဲ ဆုံးဖြတ်တဲ့ နိုင်ငံရေးအဖြေတစ်ခုရလာအောင် ကူညီပံ့ပိုးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။”

နိုဝင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်တဲ့ အာဆီယံခေါင်းဆောင် တွေရဲ့ ပူးတွဲကြေညာချက်မှာ “အာဆီယံ ခေါင်းဆောင် တွေရဲ့ ထိပ်သီးဆွေးနွေးပွဲတွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတွေမှာ မြန်မာစစ်တပ်ခန့် အစိုးရ အကြီးအကဲတွေကို အပြည့်အဝ ပါဝင်တက်ရောက်ခွင့်ကို ဆက်လက်ကန့်သတ် ထားမှာဖြစ်ပြီး၊ ဘုံသဘောတူညီချက်တွေကို လိုက်နာဆောင်ရွက်ပြီး တိုးတက်ပြောင်းလဲမှု ပေါ်အခြေခံတဲ့ အဆင့်လိုက် ထိတွေ့ဆက်ဆံရေးမူဝါဒကိုလည်း ကျင့်သုံးသွားဖို့ သဘောတူတယ်”လို့ ဖော်ပြထားပါတယ်။

၂၀၂၆ ခုနှစ်ဟာ မြန်မာက အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူရမယ့်နှစ်ဖြစ်ပေမယ့် မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုနဲ့ ပြည်တွင်းရေးမတည်ငြိမ်မှုတွေကြောင့် ဖိလစ်ပိုင်က တာဝန်ယူကျင်းပရတာဖြစ်ပါတယ်။ ၂၀၂၁ ကတည်းက အာဆီယံမှာ အဆင့်နိမ့်အရာရှိအဆင့်သာ တက်ရောက်ခွင့်ပြုထားတာ အခုအချိန်အထိ ဖြစ်ပါတယ်။

အာဆီယံအနေနဲ့ တိုးတက်မှုကို အခြေခံပြီး အပြည့်အဝပါဝင်ခွင့်ပေးဖို့ စဥ်းစားသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ထရီဇာလာဇရို (Theresa Lazaro) က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အခုအချိန်အထိလည်း မြန်မာနိင်ငံထဲမှာ (စစ်တပ်က ပြည်သူတွေအပေါ်) ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆဲ၊ မြန်မာပြည်သူတွေ အိုးအိမ်ပစ် ထွက်ပြေးနေကြရဆဲ ဖြစ်ပါတယ်။ တစ်ဆင့်ချင်း(ဘုံသဘောတူညီချက် ငါးရပ်) အကောင်အထည်ဖော် ဖြေရှင်းသလဲဆိုတာကို ကြည့်ပြီး (စစ်တပ်ခန့်အစိုးရ အကြီးအကဲတွေကို) အာဆီယံတက်ခွင့်ပေးသွားမှာဖြစ်ပါတယ်။ အဲဒါကိုလည်း ကျွန်မတို့စောင့်ကြည့်လေ့လာနေမှာပါ။”

ဒါ့အပြင် ဘုံသဘောတူညီချက် ငါးရပ် အောင်မြင်ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံ ဥက္ကဋ္ဌနဲ့ ညှိနှိုင်း တိုင်ပင်ပြီး အာဆီယံတစ်နိုင်ငံချင်းက မြန်မာစစ်တပ်ခန့်အစိုးရအပါအဝင် မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေနဲ့ အပြုသဘော ထိတွေ့ဆက်ဆံတာတွေကို အားပေး ထောက်ခံတယ်လို့လည်း ဖော်ပြထားပါတယ်။

၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံများအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံကိုယ်စားပြု တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း အဆင့်မြင့်ခေါင်းဆောင် တက်ရောက်ခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းအပြီး ပထမဆုံးကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခွင့်ရတဲ့ ဆွေးနွေးပွဲမှာ အာဆီယံက ဘုံသဘောတူညီချက်ငါးရပ်ကို တစ်ညီတစ်ညွတ်တည်း ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဒီအချက်တွေ တစ်ချက်မှ အကောင်အထည်ဖော်တာ မရှိခဲ့တဲ့အတွက် အာဆီယံကလည်း အကောင်အထည်ဖော်ဖို့ မပြတ်တိုက်တွန်းနေခဲ့ ပါတယ်။

မြန်မာ့အရေး အာဆီယံအဖွဲ့ရဲ့ ဘုံသဘောတူညီချက်ငါးရပ်မှာ “အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ မြန်မာပြည်သူ တွေရဲ့ အကျိုးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာရေးအတွက် သက်ဆိုင်ရာအင်အားစု အဖွဲ့အစည်းအားလုံးနဲ့ အပြုသဘော တွေ့ဆုံဆွေးနွေးဖို့၊ ဒီဆွေးနွေးမှုတွေ ဖြစ်ပေါ်ရေးအတွက် အာဆီယံအဖွဲ့ဥက္ကဋ္ဌရဲ့ အထူးသံတမန်က ကြားဝင်ကူညီပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေကို အာဆီယံက လွတ်လပ်စွာ ပေးနိုင်ဖို့နဲ့၊ အာဆီယံအထူးကိုယ်စားလှယ်နဲ့ သက်ဆိုင်တဲ့ အင်အားစု အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးခွင့်ပေးဖို့” ပါဝင်ပါတယ်။