ငြိမ်းချမ်းရေးအတွက် လက်တွေ့ကျတဲ့ တိုးတက်ပြောင်းလဲမှုလုပ်ဖို့ အာဆီယံလိုလား

ဘုံသဘောတူညီချက် ၅ ရပ်ဟာ အရေးပါဟု အာဆီယံဆက်တောင်းဆို၊ ဘုံသဘောတူညီချက် ၅ ရပ် ဘောင်မဝင်တော့ဟု မြန်မာစစ်တပ်ခန့်နိုင်ငံခြားရေးဝန်ကြီး ချေပ။

မြန်မာနဲ့အာဆီယံ ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့နဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တနင်္ဂနွေနေ့က ဘန်ကောက်မှာ ဆွေးနွေးရာမှာ အာဆီယံနိုင်ငံတွေဘက်က အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကိုပဲ အဓိကထားပြီး အကောင်အထည်ဖော်ဖို့ ထပ်မံတိုက်တွန်းခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်လှယ်လည်းဖြစ် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ မာရီယာထရီဇာ လာဇရို (Theresa Lazaro) က ပြောလိုက်ပါတယ်။

“ဒီလိုတိုက်တွန်းရာမှာလည်း လက်တွေ့လုပ်ဆောင်လို့ရတဲ့ အချက်တွေ ဥပမာ အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်တာတွေရပ်ဖို့၊ အပြုသဘော တွေ့ဆုံဆွေးနွေးတာတွေလုပ်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ဝင်ရောက်ပေးခွင့်ပြုဖို့အချက်တွေပါပါတယ်”

ဘုံသဘောတူညီချက်ထဲက နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဥ်နဲ့ ပတ်သက်ပြီး အကျဥ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ် ပြောတာအပြင် အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံပေးရင် ပိုကောင်းပါတယ်လို့ ဦးတင်မောင်ဆွေကို ထောက်ပြခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကီရော (Sihasak Phuangketkeow) က ပြောကြားပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်နေတော့ မြန်မာနဲ့ ထိတွေ့ဆက်ဆံနေရမှာ ဖြစ်ပြီး မပြတ်တွေ့ဆုံဆွေးနွေးနေဖို့လိုကြောင်း၊ ဒါဟာ ဘုံသဘောတူညီချက် ၅ ရပ်အပေါ် ရပ်တည်ချက်ကို စွန့်လွှတ်တာမဟုတ်ကြောင်းလည်း ဆီဟာဆတ်က ပြောပါတယ်။

“နေ့ချင်းညချင်း လုပ်လို့ရတယ်လို့ မဆိုလိုပါဘူး၊ တစ်စချင်း၊ တစ်လှမ်းချင်း၊ တစ်ချက်ချင်း လုပ်ဆောင်သွားတာကို မြင်လိုတာပါ”

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်ပြီး အမျိုးတစ်ယောက်လို အစ်မတစ်ယောက်လို ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ ဦးတင်မောင်ဆွေက အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ပြောခဲ့ပါတယ်။

စစ်အာဏာသိမ်းအပြီး ၅ နှစ်အကြာ စစ်တပ်က ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲနဲ့ စစ်တပ် ကျောထောက် နောက်ခံပေးတဲ့ထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့ပြီးတဲ့နောက် အာဏာသိမ်း စစ်ခေါင်းဆောင်‌ဟောင်း က သမ္မတရာထူးရယူအပြီးနောက် အာဆီယံအဖွဲ့နဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ ကြိုးပမ်းမှုတစ်ခုအနေနဲ့ ပထမဆုံးအကြိမ် ဝန်ကြီးအဆင့်တွေ အလွတ်သဘောတွေ့ဆုံရာမှာ အခုလို ပြောခဲ့တာဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာကစ်ရှနန် (Vivian Balakrishnan)ကလည်း အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေဘက်က ဘုံသဘောတူညီချက် ၅ ရပ်ဟာ အခြေခံဆောင်ရွက်ရမယ့် လုပ်ငန်းစဥ်အဖြစ် ဆက်ပြီး တိုက်တွန်းခဲ့သလို၊ လက်တွေ့ပြလို့ရတဲ့ တိုးတက်ပြောင်းလဲမှု တစ်စုံတစ်ရာ ပြသဖို့လိုအပ်ကြောင်း ပြောကြားခဲ့တယ်လို့ ပြောပါတယ်။

“ဘုံသဘောညီချက် ၅ ရပ်သာ (မြန်မာနိုင်ငံအရေးအတွက်) အဓိကကျပြီး အရေးပါတဲ့ မူဝါဒဖြစ်ပြီး ဆက်ပြီးလည်း ဘောင်ဝင်နေဆဲပါပဲ။ မိမိတို့အားလုံး နောက်တစ်ဆင့် မြင်တွေ့လိုတာက လက်တွေ့ကျတဲ့ တိုးတက်ပြောင်းလဲမှုပါပဲ။”

မြန်မာနဲ့ ထိတွေ့ဆက်ဆံတယ်ဆိုရာမှာ စစ်တပ် အာဏာပိုင်တွေနဲ့တင်မဟုတ်ဘဲ တိုင်းရင်းသားပေါင်းစုံနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေပါပါတယ်လို့လည်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မြန်မာ့အရေးဟာ အလွန်ရှုပ်ထွေးတဲ့အခြေအနေဖြစ်ပြီး အာဆီယအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အားလုံးပါဝင်နိုင်တဲ့ ချဥ်းကပ်မှုမျိုးနဲ့ ထိတွေ့ဆက်ဆံလိုတာဖြစ်ပါတယ်လို့လည်းပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီအိုနို (Sugiono) ကလည်း ရေရှည်တည်တံ့တဲ့ အဖြေတစ်ခုရဖို့ မြန်မာတွေဘက်က ဦးဆောင်လုပ်ရမှာဖြစ်ပြီး အင်ဒိုနီးရှားအနေနဲ့ အဖွဲ့တွေအကြား တံတားသဖွယ် ပေါင်းကူးညှိနှိုင်းပေးဖို့ အသင့်ပါပဲလို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပခဲ့ပြီး (အရပ်သားအစိုးရတက်လာတယ်ဆို) ပေမယ့် ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ဖို့ ကြီးမားတဲ့ စိန်ခေါ်ချက် အခက်အခဲတွေ ရှိနေဆဲပါပဲလို့လည်း သူကပြောပါတယ်။

“နိုင်ငံရေး လူပုဂ္ဂိုလ်အဖွဲ့အစည်း အားလုံးပါဝင်တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသားရေးအဆင့် ဆွေးနွေးပွဲတစ်ခုဖြစ်လာမှသာ မြန်မာနိင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး အတွက် အဓိကသော့ချက်ဖြစ်ပါတယ်။”

ဘုံသဘောတူညီချက် ၅ ရပ်ကို ပကတိအတိုင်းပြန်သုံးသပ်ဖို့နဲ့ မြန်မာနဲ့ သံတမန်ရေး မပြတ်ထိတွေ့ဆက်ဆံနေဖို့ အာဆီယံ အမြဲတမ်း အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ထားရှိဖို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုပါတယ်။

စစ်တပ်ခန့် မြန်မာနိုင်ငံခြာ‌ရေးဝန်ကြီး ဦးတင်မောင်ဆွေကတော့ “ဘုံသဘောတူညီချက် ၅ ရပ်ဟာ အာဆီယံအဖွဲ့ရဲ့ အခြေခံမူတွေနဲ့ ကွဲလွဲနေပြီး မြန်မာနိုင်ငံက လက်ရှိ ပကတိ နိုင်ငံအရေးအခြေအနေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ပြန်သုံးသပ်ဖို့ လွှတော်ကတစ်ဆင့် တောင်းဆိုထားကြောင်း၊ ဒါ့ကြောင့် အာဆီယအဖွဲ့ကြီးအနေနဲ့လည်း ဒီအချက်ကို ပြန်သုံးသပ်ဖို့ တောင်းဆိုခဲ့ကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံများအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း အဆင့်မြင့်ခေါင်းဆောင်တက်ရောက်ခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းအပြီး ပထမဆုံးကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ခွင့်ရတဲ့ ဆွေးနွေးပွဲမှာ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ကို တစ်ညီတစ်ညွတ်ထဲ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဒီအချက်တွေကို တစ်ချက်မှ အကောင်အထည်ဖော်ခြင်းမရှိခဲ့တဲ့အတွက် အာဆီယံကလည်း အကောင်အထည်ဖော်ဖို့ မပြတ်တိုက်တွန်းနေခဲ့ပြီး သံတမန်ရေးအရ တစ်ဆင့်နှိမ့်ဆက်ဆံလာတာ အခုအချိန်အထိ ဖြစ်ပါတယ်။