စစ်တပ်ကကျင်းပတဲ့ ရွေးကောက်ပွဲကတစ်ဆင့် အာဏာရပါတီဖြစ်လာတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုး ရေးပါတီ (USDP) စတုတ္ထအကြိမ် ညီလာခံကို စက်တင်ဘာ ၁၉ နဲ့ ၂၀ မှာ နှစ်ရက်တာကျင်းပပြီး၊ ဥက္ကဋ္ဌ နေရာအပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်နေရာတွေကို အရင်လူဟောင်းတွေကိုပဲ ပြန်လည်ရွေးချယ် ခဲ့ပါတယ်။
ပါတီဥက္ကဋ္ဌအဖြစ် ဦးခင်ရီ၊ ဒုဥက္ကဋ္ဌ (၁) ဦးမြတ်ဟိန်းတို့က အရင်အတိုင်း ရာထူးတွေ ပြန်ရခဲ့ပြီး အထွေထွေ အတွင်းရေးမှူး ဦးသောင်းအေးက ပါတီရဲ့ ဒုဥက္ကဋ္ဌ (၂) ဖြစ်လာပါတယ်။ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်ချစ်က အထွေထွေအတွင်းရေးမှူးဖြစ်လာပြီး ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်စိုးက တွဲဖက်အထွေထွေအတွင်းရေးမှူး ဖြစ်လာပါတယ်။
ပါတီညီလာခံကျင်းပနေချိန်မှာတော့ လက်ရှိ စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်နဲ့ နီးစပ်တဲ့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးကို ပါတီဥက္ကဋ္ဌအဖြစ်ရွေးချယ်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။
အဲဒီနောက် အကြိတ်အနယ်ညှိနှိုင်းမှုတွေရှိခဲ့ပုံရတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ပါတီဘက်နဲ့ ဦးအောင်လင်းဒွေးနဲ့ ညှိနှိုင်းခဲ့တာတော့ သေချာတယ်။ တော်တော်အကြိတ် အနယ်ညှိနှိုင်းတယ်။ နောက်ပိုင်း ရုပ်ပျက်ဆင်းပျက်ဖြစ်မှာစိုးလို့ ဦးမင်းအောင်လှိုင်က လျှော့ပေးခဲ့ပုံရတယ်။ ပါတီညီလာခံကလည်း အခုက လေးနှစ်တစ်ကြိမ်လုပ်တာဆိုတော့ နောက်ရွေးကောက်ပွဲဖြစ်မယ့် ၂၀၃၀ ဆိုရင် ကျန်းမာရေးအရ အနားပေးတာတွေ ဘာတွေလည်း လုပ်လို့ရတယ်ဆိုတဲ့သဘောပါ”
ဦးမင်းအောင်လှိုင်နဲ့ နီးစပ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတွေဖြစ်တဲ့ ဦးသက်ပုံနဲ့ ဦးစိုးတင့်နိုင်တို့လည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၄၆ ဦးထဲမှာပြန်ပါလာတယ်လို့ သူကပြောပါတယ်။ အဲဒီအပြင် ဗဟိုကော်မတီဝင် ၃၃၆ ဦးနဲ့ အရံဗဟိုကော်မတီဝင်တချို့ကိုလည်း ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။
ပါတီဥက္ကဌအဖြစ် ပြန်ပြီးရွေးချယ်ခံရတဲ့ ဦးခင်ရီကတော့ USDP ပါတီကို အနာဂတ်မှာ ခေတ်မီပြီး ပြည်သူကိုအခြေပြုတဲ့မူဝါဒနဲ့ပါတီ (Policy Party) ဖြစ်အောင် တည်ဆောက်သွားမယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း (USDA) ကနေ ဆက်ခံပေါ်ပေါက်လာတဲ့ ပါတီဖြစ်ပြီး၊ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ စစ်တပ်မှာ အဆင့်မြင့်အရာရှိတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သူတွေ ဖြစ်ပါတယ်။
