အမေရိကန်သမ္မတ ဒေါနယ်ထရန့် (Donald Trump) နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့ စက်တင် ဘာ တတိယအပတ်မှာ တွေ့ဆုံတဲ့ အခါ တရုတ်နိုင်ငံမှာ မတရားဖမ်းဆီးခံထားရတဲ့ မြန်မာအရေးလေ့လာသူ ပညာရှင် ဦးမင်းဇင် လွတ်မြောက်ရေး ကြိုးပမ်းပေးဖို့ ဇနီးဖြစ်သူက စက်တင်ဘာ ၁၆ ရက်နေ့က တောင်းဆို လိုက်ပါတယ်။
တရုတ်သမ္မတရဲ့ စက်တင်ဘာ ၂၄ ရက်နေ့ အမေရိကန်ခရီးစဥ် မတိုင်မီ စက်တင်ဘာ ၁၆ ရက်နေ့က ကျင်းပ ပြုလုပ်တဲ့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ကော်မတီခွဲ အစည်းအဝေးမှာ ဇနီးဖြစ်သူ ဒေါ်ဆယ်ဗီယာဇင် (Sylvia Zin) က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
“လာမယ့်အပတ် သမ္မတ ထရမ့်နဲ့ သမ္မတရှီကျင့်ဖျင်တို့ တွေ့ဆုံရင် ကျွန်မရဲ့ ခင်ပွန်းဖြစ်သူ လွတ်မြောက်ရေး ထည့်သွင်း ဆွေးနွေးမယ်လို့ မျှော်လင့်ပါတယ်။ သမ္မတကြီးအနေနဲ့ တခြား မတရားဖမ်းဆီးခံရသူအဖြစ် အမေရိကန် အစိုးရက သတ်မှတ်ခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေကို အောင်အောင်မြင်မြင် ဘေးကင်းကင်းနဲ့ နေရပ်ပြန်ခေါ်နိုင်ခဲ့သလို ကျွန်မရဲ့ ခင်ပွန်းရဲ့အမှုကိုလည်း တရုတ်သမ္မတနဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြား အမြန်ပြန်လွတ်လာမယ်လို့ မျှော်လင့်ပါတယ်။”
ဦးမင်းဇင်ဟာ အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ပြီး မြန်မာ့အရေး လေ့လာနေတဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP Myanmar) ရဲ့ အမှုဆောင် ဒါရိုက်တာဖြစ်ပြီး ဇွန်လဆန်းမှာ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတက်ဖို့ တရူတ်နိုင်ငံကို အသွားမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူ့ကို မတရားဖမ်းဆီးခံရသူအဖြစ် အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို(Marco Rubio) က သြဂုတ်လ ၂၁ ရက်နေ့က ကြေညာထားပါတယ်။
တရုတ်အစိုးရအနေနဲ့ တရုတ်နိုင်ငံမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေ၊ ဒါမှမဟုတ် တရုတ်ပြည်ကနေ ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခံထားရတဲ့ အမေရိကန်နိုင်ငံသား အားလုံးကို ပြန်လွှတ်ပေးဖို့လည်း အဲဒီနေ့က ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။
အမေရိကန်အစိုးရက အခုလို မတရားဖမ်းဆီးမှုအဖြစ် သတ်မှတ်လိုက်တာနဲ့ပတ်သက်လို့ တရုတ်နိုင်ငံက သြဂုတ်လ ၂၁ ရက်နေ့မှာ ငြင်းဆိုထားပါတယ်။ တရုတ်အစိုးရ နိုင်ငံခြားရေးဌာနပြောခွင့်ရသူ လင်ကျန်း (Lin Jian) က တရုတ်နိုင်ငံဟာ တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံဖြစ်တယ်လို့ပြောလိုက်ပြီး ဦးမင်းဇင်ဟာ တရုတ်ဥပဒေကို ချိုးဖောက်တယ်လို့ သံသယရှိလို့သာ ဖမ်းဆီးထားတာလို့ ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အထူးပြုလေ့လာတဲ့ အကြံပေးအဖွဲ့ (Think Tank) တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (Institute for Strategy and Policy - Myanmar or ISP Myanmar) ရဲ့ တည်ထောင် သူနဲ့ အမှုဆောင် ဒါရိုက်တာဖြစ်တဲ့ ဦးမင်းဇင်ကို ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က တရုတ်ယူနန်ပြည်နယ် ကူမင်းလေဆိပ်မှာ အဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူလျှိုလုပ်မှု၊ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး ကို ထိပါးစေမှု သံသယတွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ဇွန်လ ၁၂ ရက်နေ့က အတည်ပြုပြောကြားထားပါတယ်။
ISP - Myanmar အဖွဲ့ကတော့ ဒီလို အမေရိကန်အစိုးရက သတ်မှတ်လိုက်တာကို ကြိုဆိုလိုက်ပြီး ဦးမင်းဇင်ပြန်လွှတ်ရေး ထိပ်တန်းဦးစားပေးအဖြစ် အမေရိကန်အစိုးရက သတ်မှတ်လိုက်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြသလိုက်တာဖြစ်ပြီး မကြာခင်ပြုလုပ်မယ့် တရုတ်သမ္မတနဲ့ အမေရိကန်သမ္မတ တွေ့ဆုံပွဲမှာ ဦးမင်းဇင်ရဲ့အမှုကို ထိပ်တန်းဦးစားပေးကိစ္စအဖြစ် ကြိုးပမ်းပေးဖို့ အမေရိကန်အစိုးရကို ISP-Myanmar က တောင်းဆိုထားပါတယ်။
အမေရိကန်နိုင်ငံသား ခံယူထားသူဖြစ်ပြီး တရုတ်-မြန်မာဆက်ဆံရေး၊ မြန်မာ့နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ အကြောင်းတွေကို လေ့လာသူ ပညာရှင်တစ်ဦးဖြစ်တဲ့ ဦးမင်းဇင်ကို ယူနန်ပြည်နယ် ကူမင်းလေဆိပ်မှာ တရုတ်အစိုးရအာဏာပိုင်တွေက ဇွန်လ ၃ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ယူနန်တက္ကသိုလ် ပညာရှင်တစ်ဦးက ဖိတ်ကြားတဲ့အတွက် သွားရောက်စဥ် လေဆိပ်မှာ အဖမ်းခံရတာလို့သိရပါတယ်။
ဦးမင်းဇင်ဟာ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းတွေက ဧရာဝတီသတင်းဌာနမှာ အယ်ဒီတာ၊ ၂၀၀၃ ကနေ ၂၀၀၈ အထိ လွတ်လပ်တဲ့ အာရှအသံ (RFA) အကြီးတန်းအသံလွှင့်သတင်းထောက် လုပ်ဆောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် တက္ကသိုလ်( ဘာကလေ)မှာ သတင်းစာပညာနဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်တွေကို တက်ရောက်လေ့လာခဲ့သူဖြစ်ပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ့(Institute for strategy and policy - Myanmar( ISP Myanmar)ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ဒီအဖွဲ့ဟာ မြန်မာနိုင်ငံရေးနဲ့ပတ်သက်လို့ ခေါင်းဆောင်မှုဆိုင်ရာ ပါဝင်ဆောင်ရွက်မှု၊ ပြင်ပဆက် သွယ်ရေးအစီအစဉ်တွေ၊ ငြိမ်းချမ်းရေးနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်လေ့လာထားတဲ့ သုတေသနအစီရင်ခံစာတွေ ထုတ်ပြန်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ပညာရှင်တွေရဲ့ ပညာရေး လွတ်လပ်ခွင့် (Academic Freedom) ကို လေးစားလိုက်နာပြီး ဖမ်းဆီးထားတဲ့ မြန်မာပညာရှင် ဦးမင်းဇင်ကို အမြန်ပြန်လွှတ်ပေးဖို့ ဗြိတိန်အခြေစိုက် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ တစ်ခုဖြစ်တဲ့ Article 19 အဖွဲ့က ဇွန်လ ၁၉ ရက်နေ့က တောင်းဆိုထားပါတယ်။
