ရုရှားနိုင်ငံမှာ စစ်မှုထမ်းဖို့ လိမ်လည်စုဆောင်းခံလိုက်ရတဲ့ အလုပ်သမား ၅၀ ကျော်ရှိပြီး အဲဒီထဲက ၁၉ ဦးဟာ မြန်မာနိုင်ငံကို အောက်တိုဘာလ တတိယပတ်အတွင်းက ပြန်လည်ရောက်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ပြည်ပအလုပ် အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA)ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို အောက်တိုဘာ ၂၂ ရက်နေ့က ပြောပါတယ်။
ဒီအပြင် ရုရှားစစ်တပ်မှာစစ်မှုထမ်းဖို့ လိမ်လည်စုဆောင်းခံထားရတဲ့ နောက်ထပ် မြန်မာနိုင်ငံသား ၃၀ ကျော် လည်း ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ ရောက်ရှိနေပြီး သူတို့ကိုလည်း မြန်မာနိုင်ငံက ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့အခြေစိုက် ပြည်ပအလုပ်သမားအကျိုးဆောင်အေဂျင်စီတွေက ရုရှားနိုင်ငံ မော်စကိုမြို့ကို စက်တင်ဘာလကုန်မှာ တရားဝင်ပို့လိုက်တဲ့ မြန်မာအလုပ်သမား ၄၀ ခန့်ထဲက ၁၉ ဦးဟာ သူတို့ဆန္ဒမပါဘဲ ရုရှားစစ်တပ်ထဲမှာ အတင်းအကြပ်စုဆောင်းခံလိုက်ရတဲ့အကြောင်း RFA က အောက်တိုဘာ ၁၃ ရက်နေ့က သတင်းဖော်ပြခဲ့ပါတယ်။
အခုနောက်ဆုံး ရရှိတဲ့ အချက်အလက်တွေအရ အလုပ်သမားအရေအတွက် ၄၀ ထက်များပြီး ၅၀ ကျော်အထိ ရှိနေတယ်လို့ ဒီအကြောင်းကိုသိထားတဲ့ အလုပ်သမားအရေးကူညီနေသူတွေက RFA ကိုပြောပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံကိုပြန်ရောက်လာတဲ့ အလုပ်သမား ၁၉ ဦးနဲ့ ရုရှားစစ်သားစုဆောင်းရေးတပ်ဆီ အလုပ်သမားတွေစေလွှတ်ခဲ့တဲ့ Top 1 ၊ မြတ်လင်းသစ်နဲ့ ဝဿန်ဦး ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တွေကို စစ်တပ်ခန့်အစိုးရက စစ်ဆေးမှုတွေလုပ်နေတယ်လို့ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကုမ္ပဏီကတော့ သုံးခု မှန်ပါတယ်။ စစ်တာကတော့ ကျွန်တော်ထင်တယ် (အောက်တိုဘာ) ၁၁ ရက် ၁၂ ရက်လောက်ပေါ့။ အဲဒီလောက်က စစစ်တာ။ မြန်မာလုပ်သား ၁၉ ဦးလည်း ရောက်တယ်လို့ ပြောပါတယ်။”
စုံစမ်းစစ်ဆေးမှု အခြေအနေအသေးစိတ်ကိုတော့ အတိအကျမသိသေးဘူးလို့ သူက ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စုံစမ်းစစ်ဆေးခံနေရတဲ့ ကုမ္ပဏီတွေ နဲ့ စစ်တပ်ခန့်အစိုးရ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်ကို RFA က အောက်တိုဘာ ၂၂ ရက်မှာ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ကြပါဘူး။
ရုရှားနိုင်ငံစစ်သားစုဆောင်းရေးတပ်ဆီကို ရန်ကုန်မြို့အခြေစိုက် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေက မြန်မာလူငယ်တစ်ဦးကို ငွေကျပ် ၁၅၅ သိန်းကနေ ၁၇၅ သိန်းအထိ တောင်းယူပြီး စေလွှတ်ခဲ့တာလို့ အလုပ်သမားအရေးကူညီနေသူတွေက RFA ကို ပြောဆိုထားပါတယ်။
မြန်မာလုပ်သားတွေကို စက်တင်ဘာလ ၂၈ ရက်မှာ တာချီလိတ်မြို့နယ်ကတစ်ဆင့် ထိုင်းနိုင်ငံ၊ အဲဒီကနေ တရုတ်နိုင်ငံကိုဖြတ်ပြီး ရုရှားနိုင်ငံ မော်စကိုမြို့ကို လေကြောင်းလိုင်းကနေ ပို့ခဲ့တာလို့ ဆိုပါတယ်။
အဲဒီအထဲက လူငယ် ၁၉ ဦးဟာ ရုရှားနိုင်ငံ မော်စကိုမြို့ကနေ မိုင် ၃၈၀၀ ကျော်ဝေးတဲ့ ချီတာမြို့ (Chita) ကို အောက်တိုဘာ ၃ ရက်နေ့မှာ ရောက်ရှိသွားပြီး ရုရှားစစ်သားအဖြစ် စုဆောင်းခံခဲ့ရတယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။ ရုရှားစစ်သားစုဆောင်းရေးတပ်ထဲ ရောက်သွားတဲ့သူတွေက မော်စကိုမြို့မှာ ကျန်နေခဲ့တဲ့ သူတွေကို လိုက်မလာဖို့အကြောင်းကြားရာကနေ ကျန်ရှိနေတဲ့သူတွေက မော်စကိုမြို့မှာရှိတဲ့ မြန်မာသံရုံးကို တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။
ရုရှားနိုင်ငံကို ရောက်ရှိခဲ့တဲ့ လူငယ်တွေဟာ ရန်ကုန်၊ ပဲခူးနဲ့ နယ်စုံက လူငယ်တွေဖြစ်ပြီး ရုရှားစစ်တပ်ကလုပ်တဲ့ ကုန်ထုတ်စက်ရုံတွေမှာ အလုပ်ရမယ်ဆိုတဲ့ အေဂျင်စီတွေရဲ့ မက်လုံးကြောင့် သူတို့ရဲ့ သားတွေကို စေလွှတ်ခဲ့မိ တာလို့ အကူအညီပေးနေတဲ့ အလုပ်သမားအဖွဲ့တွေကို မိသားစုတွေက ပြောဆိုထားတာ ရှိပါတယ်။
