ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်တို့ စကားပြောခွင့်ရတဲ့အပေါ် လေ့လာသူတွေနဲ့ ပြည်သူ့အသံ

“အသွင်ပြောင်းအစိုးရပေါ့ မင်းအောင်လှိုင်ရဲ့  သူ့ကို အသိအမှတ်ပြုမှုနဲ့ တရားဝင်မှုရအောင် တည်ဆောက်နေတဲ့လုပ်ငန်းစဥ်တစ်ရပ်အဖြစ် ကျွန်တော်တို့ကရှင်းရှင်းလင်းမြင်ဖို့လိုတယ်ပေါ့နော်"

စစ်တပ်ကဖမ်းပြီး နှစ်ရှည်ထောင်ဒဏ်ချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာနေတဲ့ သားငယ် ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်နဲ့ ငါးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ် တယ်လီဖုန်းကနေ စကားပြောခွင့်ပေးလိုက်ပါတယ်။

အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီခွဲကနေ ၂ နာရီ ၅၀ အထိ မိနစ် ၂၀ ကြာ လန်ဒန်မြို့ မြန်မာသံရုံးကနေတစ်ဆင့် မိခင်နဲ့ စကားပြောခွင့်ပြုလိုက်တဲ့အကြောင်းကို စစ်တပ်ခန့်အစိုးရလက်အောက်ခံ နိုင်ငံခြား ရေးဌာနကသတင်းထုတ်ပြန်ပါတယ်။

အားလုံးရဲ့ တောင်းဆိုသံတွေကြောင့် သူ့အမေရဲ့ အသံကို ပြန်ကြားရတာြဖစ်လို့ ကျေးဇူးတင်တဲ့အကြောင်း ကိုထိန်လင်းက သူ့ရဲ့ဖေ့ဆ်ဘွတ် လူမှုကွန်ရက်ကတစ်ဆင့် ပြောပါတယ်။

“မေမေ့အသံကို ပြန်ကြားရတာ ကျွန်တော့်အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင် အဓိပ္ပာယ် ရှိပါတယ်။ မေမေနဲ့ ကျွန်တော့်ဘက်က ရပ်တည်ပြီး အားပေးခဲ့ကြသူအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်ပါတယ်။ အားလုံးရဲ့ တောင်းဆိုသံတွေကြောင့် ဒီအခွင့်အရေး ရလာခဲ့တာလို့ ကျွန်တော် ယုံကြည်ပါတယ်”

ဒီသတင်းဟာ သူတို့မိသားစုအတွက်သာမက ဒေါ်အောင်ဆန်းစုကြည်အတွက်နှစ်ပေါင်းများစွာ စိုးရိမ်ခဲ့တဲ့ ပြည်သူတွေအတွက်လည်း အရေးပါတဲ့ သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီသတင်းက ပြည်သူတွေကြားမှာ ဝမ်းသာမှုနဲ့ မျှော်လင့်ချက်ကို ဖြစ်ပေါ်စေခဲ့တယ်လို့ ပြည်သူတချို့က RFA ကိုပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လွတ်လာရင် နိုင်ငံရဲ့အခြေအနေပိုကောင်းလာမယ်လို့ ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်က ပြည်သူတစ်ဦးက မျှော်လင့်နေပါတယ်။

“အမေစုကို သားသမီးက ဆက်သွယ်တယ်ဆိုတော့ ပိုပြီးဝမ်းသာတာပေါ့ ပြည်သူလူထုအနေနဲ့ ဝမ်းသာတယ်။ နောက်ပြီးတော့ အမေစုလွတ်လာမှ ပိုပြီးတော့ သွားရေးလာရေးကစ စားဝတ်နေရေးကအစ အဆင်ပြေမယ်။ ကျနော်တို့ကတော့ မျှော်ကိုးနေတယ် အမေစုကို”

စစ်တပ်ခန့်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၆ ခုနှစ် ဧပြီလကုန်မှာ အကျဉ်းထောင်ကနေ အိမ်တစ်အိမ်ဆီ ပြောင်းရွှေ့လိုက်တဲ့အကြောင်းကြေညာခဲ့ပြီး လေးလအကြာ ဩဂုတ်လမှာတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးခဲ့ပါတယ်။ အဲဒီနောက်နှစ်လအကြာ အခု အောက်တိုဘာလထဲမှာ ဗြိတိန်ဘုရင် ပေးပို့တဲ့ စာတွေနဲ့ စာအုပ်တွေကို ပေးခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက် ၃ ရက် အကြာမှာ သားနဲ့ပါစကားပြောခွင့်ပေးခဲ့တာပါ။

အာဏာသိမ်းအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ နိုင်ငံတကာမျက်နှာစာမှာ အခုလိုလုပ်လာတာ ဘာ ကြောင့်လဲ။ ဦးမင်းအောင်လှိုင်က သူ့အတွက် တရားဝင်အောင်ကြိုးစားတဲ့လုပ်ရပ်ထဲကတစ်ခုပဲဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာ စိုင်းကြည်ဇင်စိုး က သုံးသပ်ပါတယ်။

“ အသွင်ပြောင်းအစိုးရပေါ့ မင်းအောင်လှိုင်ရဲ့ သူ့ကို အသိအမှတ်ပြုမှုနဲ့ တရားဝင်မှုရအောင် တည်ဆောက်နေတဲ့လုပ်ငန်းစဥ်တစ်ရပ်အဖြစ် ကျွန်တော်တို့ကရှင်းရှင်းလင်းမြင်ဖို့လိုတယ်ပေါ့နော်။ တကယ်တန်း မင်းအောင်လှိုင် ဆီမှာက ပြုပြင်ပြောင်းလဲလိုတဲ့သဘောထားဆန္ဒ အခုအချိန်ထိမရှိသေးဘူးဆိုတာ လက်ရှိ ဖြစ်နေတဲ့တိုက်ပွဲတွေ၊ ဗုံးကြဲသတ်ဖြတ်မှုတွေက ထင်သာမြင်သာရှိတယ်။ သူလုပ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပြုပြင် ပြောင်းလဲရေးဆိုတာက သူ့ရဲ့တရားဝင်မှု၊ ပြီးရင် စစ်တပ်ရဲ့ အချုပ်အခြာအာဏာကို ပြည်တွင်းမှာကျစ်ကျစ် လစ်လစ်တည်ဆောက်နိုင်ဖို့ ဆိုတာ သူ့ရဲ့ အန္တိမရည်မှန်းချက် လုပ်ငန်းစဥ်ဖြစ်တယ်”

အာဏာသိမ်းခေါင်းဆောင်ရဲ့ တရားဝင်မှုကြိုးပမ်းချက်လို့ လေ့လာသူပြော (RFA Burmese)

သားနဲ့ အခုလိုဆက်သွယ်ခွင့်ပေးတာ နောက်ကျလွန်းနေပြီလို့ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသခံတစ်ဦး က ရှုမြင်ပါတယ်။

“အခုကြားလိုက်ရတဲ့အထဲမှာ ဒီဟာက သတင်းတစ်ပုဒ်ဆိုတာထက် ကျွန်တော်တို့အတွက် အများကြီးပိုတယ်။ အရင်တုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ ပြည်သူတစ်ရပ်လုံးက စိုးရိမ်ပူပန် ခဲ့ကြရတာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် သေများသေသွားပြီးလားပေါ့နော်။ အဲဒီလောက်ထိကို စိုးရိမ်ပူပန်မှုတွေ ဖြစ်ခဲ့တယ်ပေါ့။ အခုတော့ သူ့သားနဲ့ပြောခွင့်ရတယ်ဆိုတဲ့အပေါ်မှာဝမ်းသာတယ်။ ဝမ်းသာတယ်ဆိုပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီဟာက အရင်ကတည်းက သိခွင့်ပေးခဲ့သင့်တယ်။ အခုအချိန်ဆိုရင် နောက်ကျလွန်းနေပြီလို့တောင်မြင်တယ်။ ဘာပဲပြောပြော ဒါက သတင်းကောင်းတစ်ခုမှန်ပေမဲ့လည်းပေါ့နော်”

စစ်ကိုင်းတိုင်း ကနီမြို့နယ်က စစ်ဘေးဒုက္ခသည်တစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီး စစ်ဘေး ဒုက္ခတွေနဲ့ ဆုံးရှုံးမှုတွေကနေ ရုန်းထွက်နိုင်မယ့်နေ့ကို မျှော်လင့်နေပါတယ်။

“အမေဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးတယ်ဆိုတဲ့ ယနေ့ ကင်မ်အဲရစ်နဲ့ ဖုန်းမိနစ် ၂၀ ပြောခွင့် ရတယ်ဆိုတဲ့တိကျတဲ့သတင်းကို အားရဝမ်းသာဖြစ်သွားပြီ။ အားရဝမ်းသာဖြစ်တဲ့နောက်ဆက်တွဲမှာ ဒို့အမေသာလွတ်မြောက်လာတဲ့တစ်နေ့ကျရင် အခုခြောက်နှစ်တာကာလကို ဒုက္ခပေါင်းများစွာ၊ ဆုံးရှုံးမှုပေါင်းများစွာ၊ ပေးဆပ်မှုပေါင်းများစွာကြားထဲကနေပြီးတော့ လောကငရဲကျနေတဲ့နေရာတွေကနေ လွတ်မြောက်မဲ့နေ့ တစ်နေ့ကို ရောက်လာမဲ့ မျှော်လင့်ချက်ရောင်ခြည်သန်းလာတယ်လို့ မြင်တယ်”

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က ဒေသခံတစ်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်လာရင် ငြိမ်းချမ်းမယ်လို့မျှော်လင့်နေပါတယ်။

“ဝမ်းသာရမှာပေါ့ ဘာလို့ဆိုတော့ သားအမိတတွေ ပြန်တွေ့တာကိုး။ မျှော်လင့်တာတော့ မျှော်လင့်တာပေါ့ အမေစုလွတ်မှသာလျှင် ပြည်သူတွေငြိမ်းချမ်းမယ်လို့ထင်တာပေါ့။ အမေစု အမြန်ဆုံးလွတ် ကျန်းမာရေးလည်းကောင်း ပြည်သူတွေနဲ့လည်းတိုက်ရိုက်တွေ့ပြီးတော့လေ”

အခုလုပ်ရပ်က ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချတာဖြစ်သလို ပြည်သူကလည်း သူ့ကို ဆက်မျှော်လင့်နေလိမ့်မယ်လို့ ၈၈ မျိုးဆက် ကျောင်းသားဟောင်း ကိုမာကီးက သုံးသပ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အခန်းကဏ္ဍက မြန်မာနိုင်ငံမှာက အကြီးကြီးပဲ။ လက်ရှိအစိုးရကလည်း ဒါကို နိုင်ငံရေးအရအသုံးချတာလို့ပဲထင်တယ်။ ဒါကတစ်ပိုင်းပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခန်းကဏ္ဍကတော့ ဘယ်တော့မှ ပျောက်သွားမှာမဟုတ်ဘူး။ သူမသေသရွေ့ သူ့ရဲ့အခန်းကဏ္ဍက ပျောက်သွားမှာမဟုတ်ဘူး၊ ဆက်ပြီးတော့ရှိနေမှာ။ ဒေါ်အောင်ဆန်းစုကြည် မသေသရွေ့ ပြည်သူလူထုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မျှော်လင့်နေမှာ”

အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းစစ်တပ်ကစွပ်စွဲထားတဲ့ အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရပြီး လွတ်ငြိမ်းသက်သာခွင့်တချို့ ရရှိခဲ့တာကြောင့် ထောင်ဒဏ် ၁၈ နှစ်နဲ့ ၉ လ ဆက်လက်ကျခံရဖို့ ရှိနေပါတယ်။