စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် (Kim Aris) တို့ အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန်ကစပြီး မိနစ် ၂၀ ကြာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က မြန်မာသံရုံးက တဆင့် တယ်လီဖုန်းပြောဆိုခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရက သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ငါးနှစ်ကျော်ကြာ အဆက်အသွယ်ပြတ်တောက်နေခဲ့ပြီးနောက် ပထမဆုံးအကြိမ် စကားပြောခွင့်ရခဲ့တာလို့ ကင်မ်အဲရစ် လူမှုကွန်ရက်စာမျက်နှာက တစ်ဆင့် ပြောပါတယ်။
“ဒီနေ့ ငါးနှစ်ကျော်ကြာပြီးမှ ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ မေမေ့အသံကို ပြန်ကြားရတာ ကျွန်တော့်အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင် အဓိပ္ပာယ်ရှိပါတယ်။ မေမေနဲ့ ကျွန်တော့်ဘက်က ရပ်တည်ပြီး အားပေးခဲ့ကြသူအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ အားလုံးရဲ့ တောင်းဆိုသံတွေကြောင့် ဒီအခွင့်အရေး ရလာခဲ့တာလို့ ကျွန်တော် ယုံကြည်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန်ဘုရင် ချားလ်စ် တတိယ (King Charles III) ပေးပို့တဲ့ စာအုပ်နှစ်အုပ်၊ အိတ်ပိတ်စာတစ်စောင်နဲ့ သံတမန်ရေးရာစာအိတ်တစ်စောင်ကို စစ်တပ်ခန့်အစိုးရ ပြည်ထဲရေးဌာန တာဝန်ရှိသူတွေက အောက်တိုဘာလ ၁၉ ရက်နေ့မှာ ပေးပို့ခဲ့ပါတယ်။ အဲဒီနောက် သုံးရက်အကြာ အောက်တိုဘာလ ၂၂ ရက်နေ့မှာ သားဖြစ်သူနဲ့ ဆက်သွယ်စကားပြောခွင့် ရခဲ့တာပါ။
တစ်ကြိမ် စကားပြောခွင့်ရတာဟာ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်ရတာ မဟုတ်သေးသလို ဒေါ်အောင်ဆန်းစုကြည်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တာကြောင့် လွတ်မြောက်တဲ့အထိ ဆက်လက်တောင်းဆိုပေးဖို့လည်း ကင်မ်အဲရစ်က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမှာဖြစ်ပြီး လွတ်မြောက်ရေးဟာ အပေးအယူလုပ်ရမယ့် ကိစ္စမဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကင်မ်အဲရစ်တို့ ဆက်သွယ်စကားပြောခွင့်ရခဲ့တဲ့အပေါ် အသေးစိတ်သိနိုင်ဖို့ စစ်တပ်ခန့်အစိုးရ ပြောခွင့်ရသူထံ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကင်မ်တို့ စကားပြောခွင့်ရခဲ့တာဟာ မိသားစုအတွက် ဝမ်းသာစရာဖြစ်ပေမဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက်တော့ မလုံလောက်သေးဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ တာဝန်ရှိသူ ဦးအောင်မျိုးကျော်က RFA ကို ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကင်မ်တို့ စကားပြောခွင့်ရတာက မိသားစုအတွက်ဆိုရင် ကောင်းမွန်တဲ့အချက်ပါ။ ဒါပေမဲ့ ငါးနှစ်ကျော်၊ ခြောက်နှစ်လောက် အဆက်အသွယ်ဖြတ်ခံထားရတဲ့ သားဖြစ်သူအတွက်ရော၊ မိခင်အတွက်ပါ လုံလောက်တဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ဟာ ကင်မ်အတွက် မိခင်တစ်ဦးဖြစ်ရုံသာမက တိုင်းပြည်ရဲ့မိခင်တစ်ဦးလို့လည်း တင်စားလို့ရပါတယ်။ ဒါကြောင့် နိုင်ငံသူနိုင်ငံသားတွေ လိုအပ်နေတာက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးဖြစ်ပါတယ်။ တိုင်းပြည်ပြန်လည်ထူထောင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက အင်မတန်အရေးကြီးပါတယ်”
စစ်တပ်တပ်ခန့်အစိုးရက ကဏ္ဍပေါင်းစုံမှာ အရေးနိမ့်နေချိန် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ်ချက်တွေ တစ်ဆင့်ချင်းလျှော့ပေးလာတာဟာ နိုင်ငံရေးအရ အသုံးချဖို့ ကြိုးစားလာတာဖြစ်ပြီး တစ်ဖက်မှာလည်း နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ကာ အရပ်သားတွေ သေဆုံးနေရဆဲဖြစ်တာ ကြောင့် အခုလို စကားပြောခွင့်ပေးရုံနဲ့ တိုင်းပြည်ငြိမ်းချမ်းရေး ရရှိနိုင်မှာမဟုတ်ဘူးလို့ သူက ပြောပါတယ်။
သားငယ် ကင်မ်အဲရစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းပြီး သံတမန် ရေးရာ အသိအမှတ်ပြုမှုရဖို့၊ ပိတ်ဆို့အရေးယူမှုတွေ လျှော့ပေါ့ပေးဖို့နဲ့ နိုင်ငံရေးအကျိုးအမြတ်ရဖို့အတွက် အသုံးချတာမျိုး မလုပ်သင့်ဘူးလို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတစဆင့် ပြောထားပါတယ်။
ဗြိတိန်အစိုးရအပါအဝင် စစ်တပ်ခန့်အစိုးရနဲ့ ဆက်ဆံနေတဲ့ နိုင်ငံတွေအနေနဲ့ အခြေခံလူ့အခွင့်အရေးတွေကို တရားဝင်အသိအမှတ်ပြုမှုနဲ့ အလဲအလှယ်မလုပ်ဖို့လည်း သူက မေတ္တာရပ်ခံထားပါတယ်။
စစ်တပ်ခန့်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီလကုန်မှာ အကျဉ်းထောင်ကနေ နေအိမ်တစ်ခုဆီ ပြောင်းရွှေ့ခဲ့ကြောင်း ကြေညာခဲ့ပြီး ဩဂုတ်လမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံခြားက ပေးပို့တဲ့ စာတွေနဲ့ စာအုပ်တွေ လက်ခံခွင့်ပေးခဲ့တဲ့အပြင် သားဖြစ်သူနဲ့ပါ ဆက်သွယ်စကားပြောခွင့် ပေးခဲ့တာပါ။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ဟာ သူမနဲ့ လူချင်းတွေ့ဆုံခွင့်ရဖို့ မေလကတည်းက စစ်တပ်ခန့်အစိုးရ အာဏာပိုင်တွေထံ စာအကြိမ်ကြိမ်ပို့ပြီး တောင်းဆိုထားပေမဲ့ အောက်တိုဘာလ ၂၂ ရက်နေ့ အထိ အကြောင်းပြန်တာ မရှိသေးဘူးလို့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီ စွပ်စွဲထားတဲ့ အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရပြီး လွတ်ငြိမ်းသက်သာခွင့်တချို့ ရရှိခဲ့တာကြောင့် ထောင်ဒဏ် ၁၉ နှစ်နီးပါး ဆက်လက်ကျခံရဖို့ ရှိနေပါတယ်။
