နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဖို့ ရှေ့နေအဖွဲ့ကြိုးစားမည်

မေလ ၄ ရက်နေ့မှာ ထောင်ဝင်စာတွေ့ဖို့ရှိပြီး လူချင်းတွေ့ခွင့်ရဖို့ကြိုးစားမည်ဟုဆို။

နေအိမ်အကျယ်ချုပ် ပြောင်းလဲချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို ရှေ့နေအဖွဲ့က မေလ ၄ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ပုံမှန် ထောင်ဝင်စာ ပို့ဆောင်ဖို့ရှိတယ်လို့ သတင်းရရှိပါတယ်။

ရှေ့နေတွေအနေနဲ့ လူချင်းတွေ့ခွင့်ရမလား ဒါမှမဟုတ် အရင်အတိုင်း တွေ့ခွင့်မရဘဲ အာဏာပိုင်တွေက တဆင့် ပစ္စည်းစာအုပ်ပေးရမလားဆိုတာ အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူးလို့ဆိုပါတယ်။

အသက် ၈၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီ စွပ်စွဲထားတဲ့ အမှု ၁၉ မှုအတွက် ထောင် ၃၃ နှစ် ကျခံခဲ့ရပြီး လွတ်ငြိမ်းသက်သာခွင့် တချို့ ရခဲ့တာကြောင် ထောင်ဒဏ် ၁၉ နှစ်နီးပါး ဆက်လက်ကျခံရဖို့ ရှိနေပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီး ထားရကနေ တည်နေရာမဖော်ပြတဲ့ နောက်ထပ်တစ်နေရာကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့ တယ်လို့ ကြေညာတာဟာ နိုင်ငံရေးအပြုသဘောဆောင်တဲ့ လမ်းစကို ချဉ်းကပ်တာမဟုတ်ဘဲ လှည့်စားချက်သာ ဖြစ်တယ်လို့ မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မေလ ၁ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင် ကနေ သတ်မှတ်ထားတဲ့ သီးသန့် နေအိမ်ကို ပြောင်းရွှေ့ပြီး ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေ ကျခံဖို့ စစ်တပ်ခန့်အစိုးရက ကြေညာခဲ့ပါတယ်။

လူသားချင်းစာနာထောာက်ထားမှုကိုအလေးထားပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ ၁ အရ ပြောင်းရွှေ့ပေးတာလို့ဆိုပါတယ်။ သတ်မှတ်ထားတဲ့နေအိမ်လို့ ဆိုပေမဲ့ ဘယ်မြို့က ဘယ်နေအိမ်ကို ပြောင်းရွေ့ အကျဥ်းချထားသလဲဆိုတာ အတိအကျကို ထုတ်ပြန်ချက်မှာ ‌ဖော်ပြမထားပါဘူး။

အာဏာသိမ်းကာလ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးစွပ်စွဲခဲ့တဲ့ အမှုတွေထဲက နောက်ဆုံး လက်ကျန် အမှုတွေကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် အမိန့်ချတဲ့နေ့ နောက်ပိုင်းကစပြီး ရှေ့နေအဖွဲ့နဲ့ လုံး၀ တွေ့ဆုံခွင့် မရတော့သလို ပြင်ပကမ္ဘာနဲ့လည်း အဆက်သွယ်ဖြတ်ခံထားရတာပါ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေအဖွဲ့က လူချင်းတွေ့ခွင့်ရဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ လက်ရှိအချိန်ထိ အာဏာပိုင်တွေက ခွင့်ပြုခဲ့တာ မရှိပါဘူး။