မြန်မာနိုင်ငံ မြေမြှုပ်မိုင်းဒဏ် ကမ္ဘာမှာ အဆိုးရွားဆုံးဖြစ်နေ

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံနဲ့ နယ်မြေဒေသပေါင်း ၅၄ ခုမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ စုစုပေါင်း ၆,၉၂၉ ဦး ရှိခဲ့ပြီး ဒါဟာ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှာ အများဆုံးအဖြစ် စံချိန်တင် မြင့်တက်လာတာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၁,၈၉၁ ဦး ထိခိုက်သေဆုံးခဲ့ပြီး ဒါဟာ ကမ္ဘာတစ်ဝန်း ထိခိုက်သေဆုံးသူ စုစုပေါင်းရဲ့ လေးပုံတစ်ပုံကျော်ရှိတယ်လို့ နိုင်ငံတကာ မြေမြှုပ်မိုင်းတားမြစ်ရေး လှုပ်ရှားမှုအဖွဲ့ (ICBL) က နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ Landmine Monitor 2026 အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ သုံးနှစ်ဆက်တိုက် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး မြန်မာပြီးရင် ဆီးရီးယားမှာ ၁,၆၀၂ ဦး၊ အာဖဂန်နစ္စတန်မှာ ၄၉၇ ဦးနဲ့ ပါလက်စတိုင်းမှာ ၃၁၉ ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံနဲ့ နယ်မြေဒေသပေါင်း ၅၄ ခုမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ စုစုပေါင်း ၆,၉၂၉ ဦး ရှိခဲ့ပြီး ဒါဟာ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှာ အများဆုံးအဖြစ် စံချိန်တင် မြင့်တက်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြေမြှုပ်မိုင်းအသုံးပြုမှု သိသိသာသာ များလာပြီး စစ်တပ်အပြင် တခြားလက်နက်ကိုင်အဖွဲ့တွေကလည်း အသုံးပြုနေကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ မြေမြှုပ်မိုင်းအန္တရာယ်ဟာ အကျပ်အတည်းအဆင့်ကို ကျော်လွန်ပြီး ကြီးမားတဲ့ ဘေးဒုက္ခတစ်ခု ဖြစ်လာနေပြီလို့ အစီရင်ခံစာ ပူးတွဲပြုစုသူ ရက်ရှူးဝါ မွန်ဆာပွမ်ဆူဝမ် (Yeshua Moser-Puangsuwan) က ပြောကြောင်း AP သတင်းဌာနက ဖော်ပြပါတယ်။

အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၂၁၁ မြို့နယ် (နိုင်ငံတစ်ဝန်း မြို့နယ်စုစုပေါင်း၏ ၆၄ ရာခိုင်နှုန်း) မှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန် လက်နက်ပစ္စည်းအန္တရာယ် ရှိနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ မြေမြှုပ်မိုင်းဒဏ် ကမ္ဘာမှာ အဆိုးရွားဆုံးဖြစ်နေ
မြန်မာနိုင်ငံ မြေမြှုပ်မိုင်းဒဏ် ကမ္ဘာမှာ အဆိုးရွားဆုံးဖြစ်နေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့ရှိ လမ်းဘေးတစ်နေရာတွင် မြေမြှုပ်မိုင်းအန္တရာယ် သတိပေးဆိုင်းဘုတ်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (AFP)

မြန်မာနိုင်ငံမှာ လူကိုထိခိုက်စေတဲ့ မြေမြှုပ်မိုင်းတွေ လက်ရှိထုတ်လုပ်နေဆဲဖြစ်တဲ့ နိုင်ငံငါးနိုင်ငံစာရင်းထဲမှာ ပါဝင်နေတယ်လို့လည်း နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch) က နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေရပ်သွားရင်တောင် မြေမြှုပ်မိုင်းတွေကြောင့် အရပ်သားတွေ ဆက်ပြီး ထိခိုက်သေဆုံးနိုင်သလို စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့၊ လူသားချင်းစာနာမှု အကူအညီပေးဖို့နဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပြန်လုပ်ကိုင်နိုင်ဖို့ အခက်အခဲဖြစ်စေတယ်လို့ HRW က ထောက်ပြထားပါတယ်။

လက်ရှိမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၂ နိုင်ငံဟာ နိုင်ငံတကာ မြေမြှုပ်မိုင်းတားမြစ်ရေး စာချုပ်မှာ လက်မှတ်ရေးထိုး လိုက်နာနေကြပေမဲ့ မြန်မာနိုင်ငံကတော့ အဲဒီစာချုပ်မှာ ပါဝင်ထားခြင်း မရှိသေးပါဘူး။