ရန်ကုန်မြို့ပေါ်အထိ ရောက်လာတဲ့ ကျားဖြန့်လုပ်ငန်းများ

၂၀၂၅ ခုနှစ်ကစလို့ နယ်စပ်ဒေသက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို နှိမ်နင်းမှုတွေနောက်ပိုင်း ရန်ကုန်မြို့ပေါ်က ကွန်ဒိုတိုက်ခန်းတွေထံ ဒီလုပ်ငန်းတွေ ပြောင်းရွှေ့လာတာကို တွေ့ရတယ်။

ရန်ကုန်တိုင်း သာကေတမြို့နယ် အောင်ကောင်းကျော် အိမ်ရာဝန်းထဲက Golden River Residence Condo မှာရှိတဲ့ အခန်းပေါင်း ကိုးခန်းကို အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေ လုပ်ကိုင်နေတယ်ဆိုတဲ့ သတင်းကြောင့် နိုဝင်ဘာလ ၁၂ ရက်နေ့ ညပိုင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

အဲဒီလိုစီးနင်းချိန်မှာ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ လုံကျန်းပြည်သူ့လုံခြုံရေးဗျူရိုက ဆုကြေးငွေထုတ်ပြန်ထားတဲ့ တရုတ်နိုင်ငံသား ဆူးဖိုချွမ် (Su Fu Quan) အပါအဝင် တရုတ်နိုင်ငံသား ၅၂ ဦး၊ ဗီယက်နမ်နိုင်ငံသား ရှစ်ဦးနဲ့ မြန်မာနိုင်ငံသား ၄၆ ဦး စုစုပေါင်း ၁၀၆ ဦးကို ဖမ်းမိခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရက ထုတ်ပြန်ပါတယ်။

အဲဒီကွန်ဒိုအခန်း ကိုးခန်းမှာ ကွန်ပျူတာ ၁၂၁ လုံး၊ လက်တော့ပ်ငါးလုံး၊ ဆာဗာတစ်ခုနဲ့ ဖုန်း ၁၉၀ လုံးအပါအဝင် လုပ်ငန်းသုံးပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူတို့ဟာ အဖွဲ့ငါးဖွဲ့ ဖွဲ့ပြီး တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ အိန္ဒိယ၊ ဘရာဇီးနဲ့ ကိုလံဘီယာနိုင်ငံတွေက လူတွေကို ပစ်မှတ်ထားကာ ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေးအမြတ်အစွန်းရမယ်ဆိုတဲ့ မက်လုံးတွေပေးပြီး အွန်လိုင်းကနေ လိမ်လည်ခဲ့ကြတာလို့ ဆိုပါတယ်။

အလားတူ ဇွန်လကလည်း အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၆ ဦးကို ရန်ကုန်မြို့မှာ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာလကတည်းက အလုံမြို့နယ်က ကွန်ဒိုတိုက်ခန်းတစ်ခုမှာ အခြေချပြီး တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထား လိမ်လည်ခဲ့တာလို့ စစ်တပ်ခန့်အစိုးရက ထုတ်ပြန်ထားပါတယ်။ အဲဒီလုပ်ငန်းမှာ အသုံးပြုတဲ့ ဖုန်း ၁၇၅ လုံး၊ လက်တော့ပ်တွေနဲ့ Starlink စက်တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်ကစလို့ နယ်စပ်ဒေသက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို နှိမ်နင်းမှုတွေနောက်ပိုင်း ရန်ကုန်မြို့ပေါ်က ကွန်ဒိုတိုက်ခန်းတွေထံ ဒီလုပ်ငန်းတွေ ပြောင်းရွှေ့လာတာကို တွေ့ရတယ်လို့ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူတွေနဲ့ နီးစပ်တဲ့ ရန်ကုန်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရန်ကုန်မှာကတော့ ကျားဖြန့်က တော်တော်စီးဝင်နေတာ ကွန်ဒိုတွေမှာ အများဆုံးလုပ်တာ တွေ့ရတယ်။ အတော်ကို ဆိုးလည်းဆိုးတယ်။ အခုမိတဲ့နေရာဆိုတာကလည်း တကယ့်အဝန်းအဝိုင်းနဲ့ ခြံနဲ့ဝန်းနဲ့ အဲဒီဝန်းမှာလည်း Security အပြည့်နဲ့ရှိနေတဲ့ အဲဒီလိုနေရာတွေ စိတ်ချရတဲ့နေရာတွေမှာ သူတို့တွေက အဓိကလုပ်တာ။ အဲဒီလိုနေရာတွေက အသံထွက်မှသာ ဝင်ဖမ်းတာ အသံမထွက်မချင်းကတော့ မသိချင်ယောင်ဆောင်နေတာ။ ၂၀၂၅ ထဲမှာ ဟိုဘက်ရဲ့ ရိုက်ခတ်မှုကြောင့် ဒီဘက်ကို အကုန်ပြုံဆင်းလာတာပဲ”

ရန်ကုန်မြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ နယ်စပ်က ဖမ်းဆီးမှုတွေကြောင့် တိမ်းရှောင်လာသူတွေလည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။

အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကလည်း ၂၀၂၅ ခုနှစ်ကစပြီး တရုတ်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေ ရန်ကုန်မြို့က ကွန်ဒိုနဲ့ အဆင့်မြင့်အိမ်ရာတွေကို ငှားရမ်းမှု ပိုများလာတယ်လို့ ပြောပါတယ်။

“၂၀၂၅ လောက်မှာပိုများတာပေါ့နော် ၂၀၂၅ လောက်မှာ တော်တော်ကိုများသွားတာ ငှားတဲ့ဟာတွေ များတယ်။ သူတို့က လူနေရပ်ကွက်လုံးဝ မကြိုက်ဘူး ကွန်ဒိုတစ်ခုပဲ လုပ်တာ။ ကွန်ဒိုတွေဆိုလို့ရှိရင် လျှပ်စစ်မီးရတယ် လုံခြုံရေးလည်းစိတ်ချရတယ်။ အဲဒါတွေကြောင့် သူတို့က အဲဒီဟာတွေရွေးတာ ကွန်ဒိုတွေမှာက လုံခြုံရေးပိုင်းက တော်တော်ကိုစိတ်ချရတာ။ အိမ်ရာထဲကို ဝင်ခွင့်ထွက်ခွင့်ဆိုတာ တော်တော်နဲ့ မလွယ်ဘူး အဲဒါတွေကို တော်တော်တားထားတာ အဲဒီခါကျတော့ သူတို့က အဲဒီဘက်တွေကိုပဲ ရွေးကြတာ”

ရန်ကုန်မြို့ခံတွေနဲ့ အိမ်ခြံမြေအကျိုးဆောင်တချို့ရဲ့ ပြောပြချက်အရ မင်္ဂလာတောင်ညွန့်၊ လှိုင်သာယာ၊ သန်လျင်၊ သာကေတ၊ ဒဂုံဆိပ်ကမ်း၊ လှိုင်နဲ့ မရမ်းကုန်းမြို့နယ်တွေက အဆင့်မြင့်အိမ်ရာနဲ့ ကွန်ဒိုတိုက်ခန်းတွေမှာ တရုတ်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေ အစုလိုက်အပြုံလိုက် ငှားရမ်းနေထိုင်တာတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီနေရာတွေမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတယ်ဆိုတဲ့ အထောက်အထားကိုတော့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

IT နည်းပညာကျွမ်းကျင်သူတစ်ဦးကတော့ နည်းပညာတိုးတက်လာတာကြောင့် ကျားဖြန့်လုပ်ငန်းတွေဟာ အရင်လို အကြီးစားအဆောက်အအုံတွေနဲ့ Server ခန်းတွေ မလိုအပ်တော့ဘဲ အင်တာနက်လိုင်းနဲ့ လျှပ်စစ်မီး အဆင်ပြေတဲ့ နေရာတွေမှာ ကွန်ပျူတာနဲ့ ဖုန်းတွေ အသုံးပြုပြီး လုပ်ငန်းလည်ပတ်နိုင်လာတယ်လို့ ပြောပါတယ်။

“နည်းပညာရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ခေတ်သစ်ကျားဖြန့်လုပ်ငန်းတစ်ခု ထူထောင်ဖို့ အရင်လို ဧရာ Server ခန်းကြီးတွေ၊ သီးသန့်အဆောက်အအုံကြီးတွေ မလိုအပ်တော့ပါဘူး။ Cloud Computing နဲ့ Scam-as-a-Service (အသင့်သုံး လိမ်လည်မှုစနစ်) တွေ ပေါ်ပေါက်လာတာကြောင့် အင်တာနက်လိုင်းကောင်းပြီး လျှပ်စစ်မီးမှန်တဲ့ ဘယ်နေရာမှာမဆို ကွန်ပျူတာနဲ့ ဖုန်းရှိရုံနဲ့ လုပ်ငန်းတစ်ခုလုံးကို လည်ပတ်နိုင်နေပါပြီ။ ဒါပေမဲ့ ရန်ကုန်ရဲ့ သာမန်ရပ်ကွက်တွေထဲက တိုက်ခန်းကျဉ်း (Walk-up Apartments) တွေမှာတော့ ဒီလုပ်ငန်းမျိုး လုပ်ဖို့ မလွယ်ကူပါဘူး။ လူအဝင်အထွက်များရင် ပတ်ဝန်းကျင်က ချက်ချင်းသတိထားမိနိုင်သလို မီးပျက်ချိန်မှာ ကိုယ်ပိုင်မီးစက်နှိုးဖို့လည်း အဆင်မပြေပါဘူး။ ဒီအချက်ကြောင့်ပဲ သူတို့ဟာ အဆင့်မြင့်ကွန်ဒိုတွေနဲ့ ခြံဝင်းကျယ် လုံးချင်းအိမ်တွေကိုပဲ အဓိက ပစ်မှတ်ထား ငှားရမ်းလာကြတာပါ။ ကွန်ဒိုတွေမှာက (၂၄) နာရီ အရန်မီးစက် (Backup Generator) ရှိတယ်။ ပြင်ပလူ အလွယ်တကူ ဝင်ထွက်လို့မရတဲ့ လုံခြုံရေးဂိတ်ရှိတယ်။ အသံလုံပြီး အခန်းတွင်း Privacy အပြည့်အဝရတယ်။ ဒါ့အပြင် မြို့ပေါ်မှာ အလုပ်ရှာနေတဲ့ လူငယ်တွေကိုလည်း “Customer Service” ဒါမှမဟုတ် “Online Marketing” ဆိုတဲ့ နာမည်လေးတွေသုံးပြီး အလွယ်တကူ လူစုဆောင်းနိုင်တဲ့ အားသာချက်တွေ ရှိနေပါတယ်”

ရန်ကုန်မြို့ပေါ်က ကျားဖြန့်လုပ်ငန်းတွေဟာ ပြင်ပကကြည့်ရင် သာမန် IT ရုံးခန်း ဒါမှမဟုတ် အွန်လိုင်းစီးပွားရေးလုပ်ငန်းတစ်ခုလို ဟန်ဆောင်ထားပြီး အခန်းပြတင်းပေါက်တွေကိုလည်း ပိတ်ထားလေ့ရှိတယ်လို့ သူက ပြောပါတယ်။

ငွေကြေးပိုင်းမှာတော့ ပြည်ပက လိမ်လည်ခံရသူတွေထံကရတဲ့ ငွေတွေကို Alipay၊ WeChat Pay နဲ့ QR ကုဒ်တွေကတစ်ဆင့် လက်ခံကြသလို ကွန်ဒိုအိမ်ငှားခ၊ လုပ်ငန်းအသုံးစရိတ်နဲ့ ဝန်ထမ်းလစာတွေ ပေးချေဖို့အတွက် ပြည်တွင်းဘဏ်အကောင့်တွေနဲ့ KPay၊ WavePay အငှားအကောင့်တွေကိုပါ တွဲဖက်အသုံးပြုကြတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့က ကျားဖြန့်ဂိုဏ်းတွေအကြောင်း အသေးစိတ်သိနိုင်ဖို့ စစ်တပ်ခန့်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူ ရဲမှူးချုပ်စိုးလင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်ကတော့ အွန်လိုင်းငွေလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို သည်းခံခွင့်လွှတ်မှာမဟုတ်ဘဲ Zero Tolerance မူဝါဒနဲ့ နှိမ်နင်းနေတယ်လို့ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က ကျင်းပတဲ့ ၆၂ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ ပြောပါတယ်။

စစ်တပ်ခန့်အစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အိမ်နီးချင်းနိုင်ငံတွေကတစ်ဆင့် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံပေါင်း ၅၉ နိုင်ငံက နိုင်ငံခြားသား ၇၃,၀၈၅ ဦးကို သက်ဆိုင်ရာနိုင်ငံတွေထံ ပြန်ပို့ခဲ့ပြီး ရာဇဝတ်မှု ကွန်ရက်တွေကိုလည်း ဆက်လက်ဖော်ထုတ်နေတယ်လို့ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ရန်ကုန်မြို့ပေါ်အထိ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ပျံ့နှံ့လာတာဟာ အာဏာပိုင်တွေရဲ့ ကြိုတင်ထောက်လှမ်းကာကွယ်ရေးနဲ့ အရေးယူဆောင်ရွက်မှု အားနည်းချက်ကို ပြသနေပြီး ဒီလုပ်ငန်းတွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်တယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။

“ဒါကတော့ ကမ္ဘာနဲ့ လွှမ်းခြုံပြီးတော့ဖြစ်လာတဲ့ ပြဿနာဆိုတော့ ပြောရရင် အနာဂတ်ကာလအတွက် အင်မတန် အန္တရာယ်ကြီးတာပေါ့ဗျာ။ အမှန်တကယ်ဆိုရင် ဒါတွေက စောစောစီးစီး သတင်းတွေရရှိကတည်းက၊ သတင်းတွေ ကြိုတင်ထောက်လှမ်းပြီးတော့ အရေးယူဆောင်ရွက်ရမှာ။ ကြိုတင်ပြီးတော့လည်း ကာကွယ်ဆောင်ရွက်ရမှာ။ ဒါပေမဲ့ ဒါတွေမလုပ်နိုင်ဘူး တကယ့်မြို့ကြီးတွေပေါ်အထိ ဒါတွေရောက်လာတယ်ဆိုတာသည် အစိုးရတစ်ရပ်အနေနဲ့ တကယ်တန်းပြောရရင်တော့ ကောင်းတဲ့လက္ခဏာမဟုတ်ဘူး ဒီဟာမျိုးကို ထိထိရောက်ရောက် အရေးယူဖို့လိုအပ်တယ်လို့မြင်တယ်”

ရန်ကုန်မြို့မှာ ကျားဖြန့်လုပ်ငန်းတွေ ဖမ်းဆီးရမိတာဟာ အခုမှမဟုတ်ပါဘူး။

၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ရန်ကုန်မြို့ တာမွေမြို့နယ် ဦးချစ်မောင်အိမ်ရာနဲ့ ကမာရွတ်မြို့နယ် Time City Office Tower ရှိ ရုံးခန်းတွေမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် လူ ၉၅ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လမှာတော့ အဲဒီအမှုနဲ့ ဆက်စပ်ပြီး တရုတ်နိုင်ငံသား နှစ်ဦးကို ထောင်ဒဏ် ၁၄ နှစ်စီနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်း ၆၃ ဦးကို ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာ အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်တဲ့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှာ စစ်တပ်ခန့်အစိုးရက ပြဋ္ဌာန်းခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ နယ်စပ်ဒေသတွေမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခက်အခဲတွေရှိလာချိန် ရန်ကုန်မြို့မှာ လျှပ်စစ်မီးနဲ့ အင်တာနက်အသုံးပြုနိုင်မှု အခြေအနေ ကောင်းမွန်တာ၊ လုံခြုံရေးစောင့်ကြည့်မှု အားနည်းတာတွေကြောင့် မြို့တွင်းကို ပြောင်းရွှေ့လာကြတာလို့ သုံးသပ်ပါတယ်။

“နယ်စပ်မှာ အဲဒီလိုလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် ဖိအားတွေရှိလာတယ်။ ပြီးတော့ အင်တာနက်ဖြတ်တောက်တဲ့ကိစ္စ၊ Starlink သယ်ရပြုရတဲ့ကိစ္စတွေ ခက်လာတဲ့အနေအထားမျိုးမှာ ရန်ကုန်က လျှပ်စစ်မီးအချိန်နဲ့ ပြန်ပေးတာတွေ ရှိလာတယ်။ အင်တာနက်က သူတို့သုံးတဲ့အင်တာနက်ပေါ့နော် ဘာပဲဖြစ်ဖြစ်တည်ငြိမ်တဲ့ အင်တာနက်မျိုးရလာတယ်။ ပြီးတော့ ဟာကွက်ပေါ့ ဟာကွက်ဆိုတာ လုံခြုံရေးပိုင်းအရ ရန်ကုန်မြို့ပေါ်မှာ သတိထားစောင့်ကြည့်တဲ့ဟာမျိုး ရှိမနေတဲ့ဟာကွက်မျိုးကို သူတို့ ရှာဖွေတွေ့ရှိသွားတယ်။ အဲဒီအတွက်ကြောင့် မြို့တွင်းပိုင်းတွေကို ဖြန့်ကျက်ပြီးလုပ်လာတယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်။ ဒါက ရန်ကုန်မြို့မှ မဟုတ်ဘူး တခြားအဲဒီလို အနေအထားမျိုး ဟာကွက်ရှိနေတဲ့နေရာတွေမှာလည်း ထပ်ပြီးရှိနိုင်ဦးမယ်လို့ ယူဆလို့ရတယ်”

ရန်ကုန်လို မြို့ကြီးတွေမှာ စစ်တပ်ဟာ နိုင်ငံရေးအရ ဆန့်ကျင်သူတွေကို ဖမ်းဆီးထိန်းချုပ်ရာမှာ အားကောင်းပေမဲ့ ရာဇဝတ်မှုတွေကို တားဆီးနှိမ်နင်းရေးမှာတော့ အာရုံစိုက်မှုနည်းပါးနေပြီး အဲဒီလို ဦးစားပေးမှု ကွာဟချက်တွေကြောင့် ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နိုင်တဲ့ ဟာကွက်တွေ ပေါ်လာတာလို့လည်း သူ ဆိုပါတယ်။

အရှေ့တောင်အာရှက ကျားဖြန့်လုပ်ငန်းတွေဟာ ဝေးလံခေါင်သီတဲ့ နယ်စပ်ဒေသတွေနဲ့ အထူးစီးပွားရေးဇုန်တွေမှာသာမက မြို့ကြီးတွေနဲ့ မြို့ပြဒေသတွေမှာပါ အခြေစိုက်လုပ်ကိုင်လာကြတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီလုပ်ငန်းတွေဟာ တိုက်ခန်းတွေ၊ ခြံဝင်းခတ်ထားတဲ့ နေအိမ်တွေနဲ့ ဟိုတယ်တွေကို အသုံးပြုပြီး လုပ်ငန်းလည်ပတ်တဲ့ ပုံစံတွေလည်း ရှိလာတယ်လို့လည်း ဆိုပါတယ်။

အာရှမှာ ပြီးခဲ့တဲ့ ၁၂ လအတွင်း အွန်လိုင်းငွေလိမ်မှုအပါအဝင် လိမ်လည်မှုအမျိုးမျိုးကြောင့် အမေရိကန်ဒေါ်လာ ၁၃၆ ဒသမ ၅ ဘီလီယံအထိ ဆုံးရှုံးခဲ့ရတယ်လို့လည်း ကမ္ဘာလုံးဆိုင်ရာ လိမ်လည်မှုတိုက်ဖျက်ရေးမဟာမိတ်အဖွဲ့ (GASA) က ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။