ရခိုင်ပြည်နယ်က အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ် နန်းတက်ကျွန်းရွာနဲ့ သဝင်ချောင်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် လသားအရွယ် ကလေးငယ်အပါအဝင် လေးဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ပေါက်တောမြို့နယ် နန်းတက်ကျွန်းရွာကို နိုဝင်ဘာလ ၂၂ ရက် မနက် ၈ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပေါက်တောဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်တပ်က နေ့ရောညရော လေကြောင်းကနေ ဆက်တိုက်ကြဲနေတာ။ ဆုံးသွားတဲ့ ကလေးတွေထဲမှာ မိသားစု တစ်စုထဲက ကလေးနှစ်ယောက် ပါတယ်။ မနက်စောစောဆိုတော့ လေယာဉ်တော့ မလာနိုင်လောက်ဘူး ထင်လိုက်ကြတာ။ ဘေးကို ပေါင်သုံးရာဗုံး ကျတာပဲ။ အိမ်လည်း ငါးလုံးလောက်ပျက်စီးသွားတယ်”
တိုက်ခိုက်မှုကြောင့် ငါးလသားအရွယ် မောင်ရန်နိုင်စိုး၊ အသက် ၁၆ နှစ်အရွယ် မသက်သက်ဝင်း၊ အသက် ၂၀ အရွယ် မောင်ကျော်မင်းဌေး၊ အသက် ၄၃ နှစ်အရွယ် ဒေါ်နုချေတို့ သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အသက်တစ်နှစ်အရွယ် မပိုးနွယ်ချေ၊ အသက်ငါးနှစ်အရွယ် မစိုးနွယ်ဦး၊ အသက်ခုနစ်နှစ်အရွယ် မရွှေခိုင်ဦး၊ အသက်ကိုးနှစ်အရွယ် မမျိုးချစ်နွယ်၊ အသက် ၁၂ နှစ်အရွယ် မောင်မောင်ခင်ဦး၊ အသက် ၂၄ နှစ်အရွယ် မစိုးစိုး၊ အသက် ၃၈ နှစ်အရွယ် မချိုချိုသန်း၊ အသက် ၄၀ အရွယ် ဦးမောင်ဇံနဲ့ အသက် ၇၅ နှစ်အရွယ် ဒေါ်စိန်နုခိုင်တို့ ဒဏ်ရာရခဲ့ပါတယ်။
နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၁၂ နာရီ ဝန်းကျင်ကလည်း ပေါက်တောမြို့နယ် သဝင်ချောင်းရွာနဲ့ ဓားကိုင်ရွာကို စစ်တပ်က ဂျက်တိုက်လေယာဉ်နှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း သဝင်ချောင်းရွာက အသက် ၄၅ နှစ်အရွယ် ဦးမောင်သန်းဌေး ၊ အသက် ၄၄ နှစ်အရွယ် ဦးဇော်မင်းနိုင်၊ အသက် ၃၉ နှစ်အရွယ် ဒေါ်သန်းသန်းအေးနဲ့ အသက် ၄၅ နှစ်အရွယ် ဦးကျော်မောင်သန်း တို့လေးဦး ဒဏ်ရာရခဲ့ပါတယ်။ ဓားကိုင်ရွာမှာတော့ ထိခိုက်သေဆုံးတာ မရှိခဲ့ပါဘူး။
ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်တပ်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်တပ်ပြောခွင့်ရသူ ဗိုလ်မှူးချုပ်စံညိုဝင်းကို RFA က နိုဝင်ဘာလ ၂၃ ရက်နေ့မှာ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
AA အဖွဲ့ကတော့… စစ်တပ်ဟာ ရခိုင်ပြည်နယ်က စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားပစ်မှတ်တွေကို နေ့တိုင်း ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ နိုဝင်ဘာလ ၂၂ ရက်က ကြေညာချက်ထုတ်ပြန်ထား ပါတယ်။
စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ခုနှစ် အောက်တိုဘာလကုန်အထိ နိုင်ငံတစ်ဝန်းမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၆,၄၆၇ ဦး သေဆုံးခဲ့ပြီး ၁၁,၀၆၃ ဦးဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
အဲဒီအထဲမှာ ရခိုင်ပြည်က သေဆုံးသူ ၁,၀၉၃ ဦး၊ ဒဏ်ရာရသူ ၁,၉၈၈ ဦး ရှိပါတယ်။
