ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ဆက်ကူညီဖို့ ထိုင်းကို ဘင်္ဂလားဒေ့ရှ် တောင်းဆို

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကြိုးပမ်းမှုတွေမှာ ထိုင်းအစိုးရအနေနဲ့ ဆက်လက်ပူးပေါင်းကူညီသွားမယ်လို့ ကတိပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေးအတွက် ဆက်ပြီးကူညီဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထိုင်းနိုင်ငံကို တောင်းဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး သီတီပွန် ချီရာဆာဝါဒီ (Thitiporn Chirasawadi) က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟူမေယန် ကဘီးရ် (Humaiun Kobir) နဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က တွေ့ဆုံစဉ်မှာ အခုလို တောင်းဆိုခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် BSS သတင်းဌာနက ဖော်ပြပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က စီရင်ချက်ချမှတ်ပြီး ရက်ပိုင်းအကြာမှာ အခုလို တောင်းဆိုလိုက်တာပါ။

နိုဝင်ဘာလ ၁၉ ရက်နေ့က ICJ ရဲ့ စီရင်ချက်ကို ရည်ညွှန်းပြီး… ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးမှာ ထိုင်းနိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှု အရေးကြီးတယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး ထိုင်းသံအမတ်ကြီးကလည်း… ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကြိုးပမ်းမှုတွေမှာ ထိုင်းအစိုးရအနေနဲ့ ဆက်လက်ပူးပေါင်းကူညီသွားမယ်လို့ ကတိပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော် ရောက်ရှိနေပြီး အများစုဟာ ကော့စ်ဆက်ဘဇားခရိုင်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတာပါ။

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အတွက် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမဲ့ လုံခြုံရေးစိုးရိမ်မှုတွေ၊ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ပြဿနာတွေနဲ့ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လက်ရှိအချိန်အထိ အကောင်အထည်မပေါ်သေးပါဘူး။

နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဟူမေယန် ကဘီးရ် (Humaiun Kobir) က… ရိုဟင်ဂျာဒုက္ခသည်တွေ လာမယ့် ၁၂ လကနေ ၁၈ လအတွင်း မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် ကုလသမဂ္ဂ၊ သက်ဆိုင်ရာနိုင်ငံတွေနဲ့ အရှိန်မြှင့် ဆွေးနွေးသွားမယ်လို့ ပြောထားပါတယ်။

ICJ ရဲ့ ဆုံးဖြတ်ချက်ကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ထိခိုက်နစ်နာခဲ့သူတွေ နစ်နာကြေးရရှိရေးအတွက် တောင်းဆိုရာမှာ ဥပဒေကြောင်းအရ အထောက်အပံ့ ပိုရလာတယ်လို့လည်း ဟူမေယန် ကဘီးရ်က ပြောပါတယ်။