မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ထုတ်ပြန်ချက်တွေကို မြန်မာအနေနဲ့ သဘောမတူကြောင်းနဲ့ အာဆီယံအဖွဲ့မှာ လုပ်ပိုင်ခွင့်ရှိသူ သုံးလေးဦးက သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဆန္ဒနဲ့ မြန်မာကိုဆန့်ကျင်တဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်နေကြောင်း စစ်အာဏာသိမ်းခေါင်းဆောင်၊ လက်ရှိ စစ်တပ်ခန့်အစိုးရ သမ္မတဦးမင်းအောင်လှိုင်က နိုဝင်ဘာလ ၁၈ ရက်နေ့က စွပ်စွဲ ပြောကြားလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံအပြီး နောက်တစ်နေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်တပ်ခန့်လွှတ်တော်မှာ မိန့်ခွန်းပြောရာမှာ စစ်ခေါင်းဆောင်ဟောင်းက အခုလို စွပ်စွဲလိုက်တာဖြစ်ပြီး အာဆီယံနဲ့ ဆက်ဆံရေးကို ပြန်စဥ်းစားသွားမယ်လို့လည်း ပြောလိုက်ပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့က အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေးအတွင်း ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကြေညာချက်ဟာလည်း ကြောင်းကျိုးဆီလျော်မှု မရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။
မြန်မာဟာ အာဆီယံအဖွဲ့ဝင်ဖြစ်လာကတည်းက နှစ်စဉ်ကြေး အမေရိကန်ဒေါ်လာ ၁ သန်းကို ပုံမှန်ပေးသွင်းခဲ့ကြောင်း၊ တခြားအာဆီယံနိုင်ငံတွေမှာ နိုင်ငံရေးအကျပ်အတည်းတွေ၊ အာဏာသိမ်းတာတွေနဲ့ ရွေးကောက်ပွဲအငြင်းပွားမှုတွေ၊ ဆန္ဒပြတာတွေ ဖြစ်ဖူးပေမယ့် မြန်မာလို နိုင်ငံရေးအရ ဖိအားပေးခံရတာ၊ ဂုဏ်သိက္ခာထိခိုက်စေတာ မရှိဘူးလို့လည်း စွပ်စွဲထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံကိုယ်စားပြု တက်ရောက်ခွင့်ပိတ်ပင်ခဲ့ပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း အဆင့်မြင့်ခေါင်းဆောင် တက်ရောက်ခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့က အာဆီယံခေါင်းဆောင်တွေရဲ့ ကြေညာချက်မှာ… မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ အာဆီယံအဖွဲ့ကြီးက ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက်ငါးရပ်အပေါ် မြန်မာစစ်ခေါင်းဆောင်တွေ လိုက်နာအကောင်အထည်ဖော်ပြီး တိုးတက်မှုရှိလာတာနဲ့အမျှ အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေးတွေ ပြန်တက်ရောက်ခွင့်ကို စဥ်းစားသွားမယ်လို့ ဖော်ပြထားပါတယ်။
