မန္တလေးမြို့ခံတွေကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးငွေညှစ်နေ

မန္တလေးမြို့မှာ ဖမ်းဆီးငွေတောင်းတာတွေ မကြာခဏ ကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ မန္တလေးမြို့ပေါ်မှာ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရဲတွေနဲ့ ပူးပေါင်းပြီး လုံခြုံရေးအကြောင်းပြချက်နဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာ၊ လူငယ်တွေကို ဖမ်းဆီးငွေတောင်းတာ၊ စစ်မှုထမ်းဖို့ အတင်းအကျပ်ဖမ်းဆီးတာတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့တွင်း လမ်းမတွေပေါ်မှာတင်မကဘဲ ပွဲလမ်းသဘင်တွေမှာပါ ဒီလိုဖြစ်ရပ်တွေ ကြုံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပွဲခင်းဧရိယာကနေ အပြင်ထွက်သွားတယ်။ သူတို့ အပြင်စည်း ရှိတယ်။ အပြင်စည်းလုံခြုံရေး ဧရိယာထဲ ရောက်လို့ ပွဲခင်းနဲ့လွတ်တဲ့၊ မှောင်တဲ့နေရာသွားရင် သူတို့ မသင်္ကာလို့ ဖမ်းခေါ်သွားပြီးတော့ ငွေညှစ်ရင်ညှစ်၊ မညှစ်ရင် စစ်တပ် စစ်မှုထမ်းထဲ ပို့ပေါ့ဗျာ အဲဒီလိုမျိုးတွေပေါ့”

ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေဟာ ရှေ့တန်းလိုက်ရတာတွေ ရှိသလို တချို့ကတော့ မန္တလေးမြို့တွင်းလုံခြုံရေး တာဝန်ယူရသူတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက မန္တလေးမြို့မှာ လူငယ်တစ်ဦးကို ဖမ်းဆီးပြီး မိသားစုဆီက ကျပ်သိန်း ၃၅၀ တောင်းခံခဲ့သူ နှစ်ဦးကို တခြား ပြည်သူ့စစ်အဖွဲ့တဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

အမရပူရမြို့နယ်မှာနေတဲ့ အဲဒီလူငယ်ကို ပြည်ကြီးတံခွန်မြို့နယ် အခြေစိုက် ပြည်သူ့စစ် အဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာပါ။

အဖမ်းခံရသူရဲ့ မိသားစုက တခြားပြည်သူ့စစ်အဖွဲ့ တစ်ဖွဲ့ကို အကူအညီတောင်းပြီး ငွေတောင်းသူတွေကို ဖမ်းဆီးခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ဒီဘက်က ကလေးမိဘတွေကို ပိုက်ဆံသွားပေးခိုင်းတာ သိန်း ၃၅၀။ သွားပေးခိုင်းရင်းနဲ့ နောက်ကနေ နောက်ယောင်ခံ လိုက်သွားပြီးတော့မှ အဲဒီ ငွေလက်ခံတဲ့နှစ်ယောက်ကို ဖမ်းလိုက်တာ။ အဲဒီကို လိုက်တဲ့ ပျူစောထီးအဖွဲ့တွေကို ဖမ်းခိုင်းလိုက်တာ။ ငွေတွေနဲ့အတူ လက်ပူးလက်ကြပ်မိလို့ အမရပူရပျူစောထီးအဖွဲ့က မြစ်ငယ်ရဲစခန်းမှာ အမှုဖွင့်ထားတာ”

မန္တလေးမြို့မှာ ဒီလို ဖမ်းဆီးငွေတောင်းတာတွေ မကြာခဏ ကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီလိုလုပ်ရပ်တွေကြောင့် မြို့ခံတွေ လုံခြုံရေး စိုးရိမ်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုလုပ်နေတဲ့ ပျူတွေတို့၊ ဇိုးတွေတို့၊ ဒါတွေက သက်သက်မဲ့ကို လူပါးဝဖို့ ဖွဲ့ထားတယ်လို့ ပြောလို့ရတယ်။ လုံးဝ မရှိစေချင်တာ။ လူဟာ လူလူချင်းပဲ ဂုဏ်သိက္ခာရှိရှိပဲ နေထိုင်သွားချင်တာ။ မလိုလားအပ်တဲ့ လူမိုက်တွေ စိုးမိုးထားတာတော့ ကြားခံတစ်ခုအနေနဲ့ မရှိသင့်ဘူးလို့ ပြောချင်ပါတယ်”

ပြည်သူ့စစ်အဖွဲ့ဝင်တချို့ရဲ့ လုပ်ရပ်တွေကို စစ်တပ်ထောက်ခံသူတွေကပါ ဝေဖန်နေကြပါတယ်။

စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်က မန္တလေးမြို့မှာ ပြည်သူ့စစ်အမည်ခံပြီး လက်နက်ကိုင် ရမ်းကားတာတွေကို ဝေဖန်ထားသလို ရဲမွန်တောင် ပြည်သူ့စစ် ခေါင်းဆောင်လုပ်ခဲ့ဖူးသူ၊ လက်ရှိ ချမ်းမြသာစည်မြို့နယ် တိုင်းကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဦးနေမျိုးကျော်ကလည်း ဒီလို ပြည်သူ့စစ်အမည်ခံပြီး ကိုယ်ကျိုးရှာနေသူတွေကို စုံစမ်းဖော်ထုတ် အရေးယူသင့်တယ်လို့ သူ့ရဲ့ TikTok လူမှုကွန်ရက်ကနေ ပြောဆိုထားပါတယ်။

“မန္တလေးမြို့ပေါ်မှာ ပြည်သူ့စစ်အပိုင်းနှစ်ပိုင်းရှိတယ်။ တိုက်ခိုက်ရေးလုပ်နေတဲ့ ပြည်သူ့စစ်ဆိုတာနဲ့ မြို့ပေါ်မှာ လုံခြုံရေးယူနေတဲ့ပြည်သူ့စစ်ဆိုပြီး နှစ်ပိုင်းရှိတယ်”

ပြည်သူ့စစ်အဖွဲ့ဝင်တချို့ရဲ့ ဒီလိုလုပ်ရပ်တွေကို အာဏာပိုင်တွေဆီ တိုင်ပေမဲ့ ထိထိရောက်ရောက် အရေးယူတာ မရှိဘူးလို့ မန္တလေးမြို့က ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

“လုပ်ပေါက်တွေက ဥပဒေလက်လွတ် လုပ်နေတာ။ အဲတော့ တိုင်လည်း အုပ်ချုပ်ရေးအဖွဲ့က လျစ်လျူရှုထားသလို ဖြစ်နေတာဗျ။ သမ္မတက ဥပဒေနဲ့ အညီ လုပ်တယ်လို့သာ ပြောနေတာ သူ့လူတွေက တစ်ခုမှ မလုပ်ဘူးဗျ။ လျှောက်လုပ်နေတာ။ တိုင်တဲ့သူကိုတောင် သူတို့က ရန်လုပ်ချင်သေးတာဗျ။ ခြိမ်းခြောက်မှုလို့ ပြောမလား ဟိုကောင် (ပြည်သူ့စစ်) တွေကို အားပေးအားမြှောက်လုပ်တယ်လို့ပဲ ကျွန်တော် ပြောချင်တယ်။ ကျွန်တော် နှစ်ခါ သုံးခါရှိပြီ တိုင်တာ၊ မရှင်းပေးဘူးဗျ”

ပြီးခဲ့တဲ့ ခြောက်လအတွင်း ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်တဲ့ အမှုနှစ်ခုကို အာဏာပိုင်အဆင့်ဆင့်ကို တိုင်ကြားခဲ့ပေမဲ့ အရေးယူတာ မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။

ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး မန္တလေးမြို့က ပြည်သူ့စစ်အဖွဲ့တွေကို RFA က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။ စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ မန္တလေးတိုင်း၊ စီမံကိန်းစီးပွားရေး နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်း လက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာပိုင်တွေအနေနဲ့ အခုလို ပြည်သူ့စစ်အဖွဲ့ဝင်တချို့ရဲ့ ဖမ်းဆီးခြိမ်းခြောက်မှုတွေကို ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်လို့ မန္တလေးမြို့ခံတွေက ပြောကြပါတယ်။