ငွေစက္ကူရိုက်နှိပ်ခအတွက် ဗဟိုဘဏ် ကျပ် ၅၀ ဘီလီယံကျော် ထပ်တောင်း

ငွေစက္ကူရိုက်နှိပ်ခအတွက် ထပ်မံလိုအပ်လာတဲ့ အသုံးစရိတ်ဖြစ်တာကြောင့် လျှော့ချဖို့မရှိ။

စစ်တပ်ခန့်အစိုးရလက်အောက်ခံ ဗဟိုဘဏ်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ငွေစက္ကူရိုက်နှိပ်ခအတွက် ကျပ် ၅၀ ဒသမ ၅၆၄ ဘီလီယံ ထပ်မံတောင်းခံထားကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ နိုဝင်ဘာလ ပထမပတ်ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဗဟိုဘဏ်ရဲ့ ငွေသားလက်ကျန်နဲ့ ဘဏ်တွေရဲ့ ငွေသားထုတ်ယူမှုအခြေအနေတွေအရ မှာယူထားတဲ့ ငွေစက္ကူရိုက်နှိပ်ခအတွက် ထပ်မံလိုအပ်လာတဲ့ အသုံးစရိတ်ဖြစ်တာကြောင့် လျှော့ချဖို့မရှိဘူးလို့လည်း အစီရင်ခံစာမှာ မှတ်ချက်ပြုထားပါတယ်။

ဗဟိုဘဏ်ရဲ့ ငွေသားလိုအပ်ချက်နဲ့ စစ်တပ်ခန့်အစိုးရရဲ့ ဘတ်ဂျက်လိုငွေတွေကြောင့် ငွေစက္ကူအသစ်တွေ ဆက်လက်ရိုက်နှိပ်ဖို့ လိုအပ်နေပြီး ငွေကြေးဖောင်းပွမှုလည်း မြင့်တက်လာနိုင်တယ်လို့ ရန်ကုန်မြို့က ငွေကြေးဆိုင်ရာကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပါတယ်။

“ငွေစက္ကူအဟောင်းတွေကလည်း ပျက်စီးလာတယ်။ ဘဏ်တွေကလည်း ဗဟိုဘဏ်မှာ ငွေကြေးအပ်နှံထားတာရှိတယ်။ Circulation Supply လို့ခေါ်တယ်။ ငွေစက္ကူလှည့်လည်စီးဆင်းရမယ့် ပမာဏက ရှိတယ်။ ဥပမာ ဘဏ်တစ်ဘဏ်မှာ ကျပ်တစ်ထရီလီယံ အပ်နှံထားတယ်ဆိုရင် အနည်းဆုံး ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ်ဘီလီယံ ၂၀၀ လောက်ကို ငွေသားအဖြစ် ဘဏ်တွေကို ပြန်ထုတ်ပေးရမှာ။ အဲဒီလိုအပ်ချက်က ဈေးကွက်ထဲမှာ ရှိနေတုန်းပဲ။ ပြီးတော့ စစ်အသုံးစရိတ်တွေ၊ လမ်း၊ တံတားစီမံကိန်းတွေအပြင် ဝန်ကြီးဌာနမျိုးစုံရဲ့ ဘတ်ဂျက်လိုငွေတွေလည်း ရှိနေတယ်။ အဲဒီအတွက် ငွေစက္ကူမရိုက်နှိပ်လို့ မရဘူး။ ငွေကြေးဖောင်းပွမှုကတော့ ဆက်ဖြစ်လာမှာပဲ”

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဗဟိုဘဏ်ဟာ မူလဘတ်ဂျက်မှာ ကျပ် ၁,၃၇၄ ဒသမ ၀၈၉ ဘီလီယံ သုံးစွဲဖို့ လျာထားခဲ့တာဖြစ်ပြီး အခု ထပ်မံတောင်းခံတဲ့ ကျပ် ၅၀ ဒသမ ၅၆၄ ဘီလီယံဟာ မူလဘတ်ဂျက်ရဲ့ ၃ ဒသမ ၆၈ ရာခိုင်နှုန်း ရှိပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရရှိဖို့ စစ်တပ်ခန့်အစိုးရရဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းဖို့ ဗဟိုဘဏ်ဆီကနေ ကျပ် ၂ ဒသမ ၁ ထရီလီယံအထိ ချေးယူမဲ့အစီအစဉ်နဲ့ ဘယ်လာရုစ်နိုင်ငံက ပို့ကုန်ချေးငွေ ရယူမဲ့အစီအစဉ်တွေကိုလည်း စစ်တပ်ခန့်အစိုးရရဲ့ ပြည်ထောင်စုလွှတ်တော်က အောက်တိုဘာလ ၁၄ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

လက်ရှိမှာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာပြီး ပြင်ပဈေးကွက်မှာ နိုင်ငံခြားငွေလဲနှုန်းဟာ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၄,၇၀၀ ကျော်အထိ ဈေးပေါက်နေတယ်လို့ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

ဒီလို နောက်ဆက်တွဲအခြေအနေတွေကြောင့် ကုန်ဈေးနှုန်းကြီးမြင့်တာအပါအဝင် အခက်အခဲအမျိုးမျိုး ကြုံနေရတယ်လို့ စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

“အခု အောက်တိုဘာလထဲမှာတင် ဝယ်ရတဲ့ ကုန်ကြမ်းဈေးတွေ အကုန်တက်သွားတယ်။ တစ်လတည်းမှာပဲ ပလတ်စတစ်နဲ့ဆိုင်တဲ့ ကုန်ကြမ်းတွေဆိုရင် နှစ်ဆထက်မက တက်သွားတယ်။ ကျန်တဲ့ပစ္စည်းတွေလည်း ဈေးတက်တယ်။ ပြီးတော့ ဘဏ်တွေမှာလည်း ငွေသားလိုချင်သလောက် ထုတ်မရတဲ့ ပြဿနာရှိတယ်။ ငွေသားကို အကန့်အသတ်နဲ့ပဲ ထုတ်ရတာကတော့ အခုမှမဟုတ်ဘူး။ နည်းနည်းကြာပြီ”

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင်ကလည်း လူတစ်ဦးချင်းစီရဲ့ ဘဏ်အကောင့်တွေကနေ ငွေသားထုတ်ယူတာကို တစ်ပတ်မှာ အများဆုံး ကျပ်သိန်း ၁၀၀ သာ ထုတ်ခွင့်ပေးထားတယ်လို့ နိုဝင်ဘာလ ၉ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၆ ခုနှစ် ဇွန်လ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ စီးပွားရေးဟာ ၂ ရာခိုင်နှုန်း ကျုံ့သွားပြီး ဧပြီလအတွင်း ငွေကြေးဖောင်းပွမှုနှုန်းက ၂၄ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပါတယ်။