မြန်မာအပေါ် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုစွဲချက် နိုဝင်ဘာ ၁၉ မှာ ICJ စီရင်ချက်ချမည်

အများပြည်သူ တက်ရောက်နားထောင်ခွင့်ရှိတဲ့ တရားခွင်အဖြစ် ကျင်းပမှာဖြစ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ အမှုအတွက် နိုဝင်ဘာ ၁၉ ရက်နေ့မှာ စီရင်ချက်ချမှတ်မယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့ က Peace Palace မှာ ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ တရားရုံးဥက္ကဋ္ဌ တရားသူကြီး Iwasawa Yuji က စီရင်ချက်ကို ဖတ်ကြားမှာဖြစ်ပြီး အများပြည်သူ တက်ရောက်နားထောင်ခွင့်ရှိတဲ့ တရားခွင်အဖြစ် ကျင်းပမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ရဲ့ နိုင်ငံတကာတရားမျှတရေးဆိုင်ရာ အကြီးတန်းဥပဒေအကြံပေး မာရီယာ အယ်လီနာ ဗစ်ဂ်နိုလီ (Maria Elena Vignoli) က “မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ICJ ရဲ့ စီရင်ချက်ဟာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိရေး ကြိုးပမ်းမှုမှာ အရေးပါတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာမှာပါ” လို့ နိုဝင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်ပေးဖို့၊ ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့၊ ထိခိုက်နစ်နာခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် ပြန်လည်ကုစားမှုတွေပေးဖို့နဲ့ အလားတူချိုးဖောက်မှုတွေ ထပ်မဖြစ်အောင် အာမခံချက်ပေးဖို့ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားပါတယ်။

မြန်မာအပေါ် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုစွဲချက် နိုဝင်ဘာ ၁၉ မှာ ICJ စီရင်ချက်ချမည်
မြန်မာအပေါ် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုစွဲချက် နိုဝင်ဘာ ၁၉ မှာ ICJ စီရင်ချက်ချမည် နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က ဂမ်ဘီယာနိုင်ငံကိုယ်စားလှယ် ဒေါဒါဂျယ်လို (Dawda Jallow) လျှောက်လဲတင်ပြနေစဉ်။ (UN Photo/ICJ-CIJ/Frank van Beek)

ဒီအမှုနဲ့ပတ်သက်ပြီး ICJ က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်ရမဲ့ ကြားဖြတ်အမိန့်တွေ ချမှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ ဂမ်ဘီယာဟာ အစ္စလာမ်မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို တရားစွဲတာဖြစ်ပြီး၊ ဒီအမှုမှာ ဂမ်ဘီယာနိုင်ငံဟာ နစ်နာတဲ့နိုင်ငံ မဟုတ်တဲ့အတွက် တရားစွဲခွင့်မရှိကြောင်း၊ ICJ တရားရုံးအနေနဲ့ ဒီလျှောက်ထားမှုကို ပလပ်သင့်ကြောင်း ကန့်ကွက်ခဲ့ပေမဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ ICJ က အဲဒီကန့်ကွက်ချက်တွေကို ပယ်ချခဲ့ပါတယ်။

မြန်မာအပေါ် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုစွဲချက် နိုဝင်ဘာ ၁၉ မှာ ICJ စီရင်ချက်ချမည်
မြန်မာအပေါ် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုစွဲချက် နိုဝင်ဘာ ၁၉ မှာ ICJ စီရင်ချက်ချမည် နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် အဲဒီအချိန်က သမ္မတရုံးဝန်ကြီး ဦးကိုကိုလှိုင် လျှောက်လဲတင်ပြနေစဉ်။ (Frank van Beek/UN Photo/ICJ-CIJ/ Frank van Beek)

ဒီအမှုရဲ့ အဓိကအကြောင်းအရာတွေနဲ့ပတ်သက်တဲ့ နှစ်ဖက်လျှောက်လဲကြားနာတာတွေကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး သက်သေတွေနဲ့ ကျွမ်းကျင်သူ တစ်ဦးကိုလည်း စစ်ဆေးမေးမြန်းခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံရဲ့တရားစွဲဆိုမှမှာ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်၊ မော်လ်ဒိုက်၊ ဆလိုဗေးနီးယား၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဘယ်လ်ဂျီယံနဲ့ အိုင်ယာလန်နိုင်ငံတို့လည်း ပါဝင်ထားပါတယ်။

၂၀၁၇ ခုနှစ် ဩဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ရိုဟင်ဂျာ ခုနစ်သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က နိုဝင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအမှုဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းကို ရာဇဝတ်ကြောင်းအရ တရားစွဲဆိုထားတာမဟုတ်ဘဲ လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာဥပဒေအရ တာဝန်ရှိ၊ မရှိကို ဆုံးဖြတ်ပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ချမှတ်မဲ့ စီရင်ချက်ဟာ အယူခံဝင်ခွင့်မရှိတဲ့ နောက်ဆုံးစီရင်ချက် ဖြစ်ပါတယ်။