ICJ ဆုံးဖြတ်ချက်ကို ရိုဟင်ဂျာတွေ ကြိုဆို၊ တရားမျှတမှုအတွက် ဆက်လက်မျှော်လင့်

 “ဒီဆုံးဖြတ်ချက်ဟာ တရားမျှတမှုရဲ့ အဆုံးသတ်မဟုတ်ပါဘူး တရားမျှတမှုရဲ့ အစပဲဖြစ်ပါတယ်"

၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာလူမျိုးတွေအပေါ် မြန်မာစစ်တပ် ကျူးလွန် ခဲ့တဲ့ လုပ်ရပ်တွေဟာ ဂျီနိုဆိုက် (Genocide) ခေါ် လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။

ဒီစီရင်ချက်ဟာ ရိုဟင်ဂျာလူမျိုးစုရဲ့ တည်ရှိမှုနဲ့ အကာအကွယ်ရပိုင်ခွင့်ကို နိုင်ငံတကာတရားရုံးက တရားဝင် အသိအမှတ်ပြုလိုက်တာဖြစ်တယ်လို့ ကုတုပါလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာအရေးလှုပ်ရှားသူ ကိုအောင်မြိုင်က ပြောပါတယ်။

“နှစ်ပေါင်းများစွာကတည်းက ငြင်းပယ်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေရဲ့ နာကျင်ခံစားမှုတွေနဲ့ ဖြစ်ရပ်မှန်တွေကို ကမ္ဘာ့အမြင့်ဆုံး တရားရုံးကနေ ပထမဆုံးအကြိမ် တရားဝင် အသိအမှတ်ပြုလိုက်တဲ့အပေါ် အရမ်း ဝမ်းသာပါတယ်။ သမိုင်းဝင်အောင်ပွဲတစ်ခုလို့လည်း ပြောလို့ရပါတယ်။ ICJ ရဲ့ သမိုင်းတစ်လျှောက်မှာ နိုင်ငံတစ်နိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းဖြစ်ပါတယ်။ ရိုဟင်ဂျာလူမျိုးစု တည်ရှိမှုနဲ့ အကာအကွယ်ရပိုင်ခွင့်အတွက်လည်း အလွန်အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်”

ဒီစီရင်ချက်နဲ့ပတ်သက်လို့ လက်တွေ့အရေးယူတာတွေဆက်လုပ်ဖို့ လိုတယ်လို့ ရိုဟင်ဂျာအမျိုးသမီး များနဲ့ ကျောင်းသားများအသံအဖွဲ့ (VRWS) ရဲ့ အမှုဆောင်ဒါရိုက်တာ ရီမတ်စ် ခန်း (Rimas Khan) က ပြောပါတယ်။

“ဒီဆုံးဖြတ်ချက်ဟာ တရားမျှတမှုရဲ့ အဆုံးသတ်မဟုတ်ပါဘူး တရားမျှတမှုရဲ့ အစပဲဖြစ်ပါတယ်။ ကျမတို့ရဲ့ မျှော်လင့်ချက်က ဒီဆုံးဖြတ်ချက်ဟာ စာရွက်ပေါ်မှာပဲရှိနေတဲ့ ဆုံးဖြတ်ချက်တစ်ခုမဖြစ်ဘဲ လက်တွေ့ဘ၀မှာ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေး၊ လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ အနာဂတ်ကို ပြန်လည်ရရှိစေဖို့ အကောင်အထည်ဖော်နိုင်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဖြစ်လာစေဖို့ပါ။ ပထမဆုံးအနေနဲ့ ကျူးလွန်သူတွေကို တာဝန်ခံစေဖို့ လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့လုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်ရပါမယ်”

အင်းဒင်ရွာမှာ ခင်ပွန်းသည်အသတ်ခံရပြီး ကျန်ရစ်ခဲ့သည့် ဇနီးသည် ရာဟာမာ ခါတွန် ( ၄၃ နှစ်)  အိုင်စီဂျေ တရားရုံးဆုံးဖြတ်ချက်ကြည့်နေပုံ (ဓာတ်ပုံ - REUTERS/Ruma Paul)
ICJ ဆုံးဖြတ်ချက်ကို ရိုဟင်ဂျာတွေ ကြိုဆို အင်းဒင်ရွာမှာ ခင်ပွန်းသည်အသတ်ခံရပြီး ကျန်ရစ်ခဲ့သည့် ဇနီးသည် ရာဟာမာ ခါတွန် ( ၄၃ နှစ်) အိုင်စီဂျေ တရားရုံးဆုံးဖြတ်ချက်ကြည့်နေပုံ (ဓာတ်ပုံ - REUTERS/Ruma Paul) (RUMA PAUL/REUTERS)

ကော့ဘဇားဒုက္ခသည်စခန်းက အာစ္စမောသ်အာရာကလည်း ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွက် တရားမျှတမှုရရှိရေး နိုင်ငံတကာအသိုင်းအဝိုင်းက ထိရောက် တဲ့ အရေးယူမှုတွေ ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ပြောပါတယ်။

“အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ ဖော်ပြခဲ့တဲ့အပေါ်အံ့ဩပါတယ် ။ ဒါတွေနားထောင် ပြီး ကျွန်မ အရမ်းပီတိဖြစ်တယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ မိခင်တွေအမျိုးသမီးတွေ ကလေးတွေအပေါ် မတရား ကျူးလွန်မှုတွေအတွက် တရားမျှတမှုမဖြစ်မနေလိုအပ်တယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ဖို့ အရမ်းလိုအပ်တယ်လို့ ကျွန်မမြင်ပါတယ်”

ICJ ရဲ့ စီရင်ချက်နဲ့ပတ်သက်လို့ သဘောထားသိနိုင်ဖို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောခွင့်ရသူတွေထံ RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်ကတော့ ICJ ရဲ့ ဆုံးဖြတ်ချက် ကို လေးစားအသိအမှတ်ပြုပြီး အဓိကတာဝန်ရှိသူတွေကို အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

“ဆုံးဖြတ်ချက်ကို ကျွန်တော်တို့က လေးစားအသိအမှတ်ပြုတယ်။ ပြီးတော့ NUG အနေနဲ့ လက်ရှိအစိုးရ အနေနဲ့ တာဝန်ရှိတဲ့သူပေါ့။ ဒီစီရင်ချက်ကို ဖတ်သွားတဲ့အထဲမှာလည်း အဓိကတာဝန်ရှိတဲ့သူ အကြမ်းဖက် စစ်ခေါင်းဆောင်နဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဓိကကျူးလွန်တယ်ဆိုတဲ့ဟာမျိုးလည်း ဒီဟာတွေကို တာဝန်ယူမှု တာဝန်ခံမှုနဲ့ အပြစ်ပေးအရေးယူနိုင်ဖို့ ဒါတွေကို ဆက်လက်ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်”

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင်ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများ ကို ICJ တရားရုံးဆုံးဖြတ်ချက်အပြီးတွေ့ရစဥ်?
(ဓာတ်ပုံ - REUTERS/Mohammad Ponir Hossain/November 19, 2026)
ကော့ဆက်ဘဇားဒုက္ခသည်စခန်းမှ ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင်ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများ ကို ICJ တရားရုံးဆုံးဖြတ်ချက်အပြီးတွေ့ရစဥ်? (ဓာတ်ပုံ - REUTERS/Mohammad Ponir Hossain/November 19, 2026) (Mohammad Ponir Hossain/REUTERS)

မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးကျော်ဝင်းကလည်း ICJ ရဲ့ ဆုံးဖြတ်ချက်က နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှာလည်း အမှုတွေဖော်ထုတ်ဖို့ လမ်းပွင့်သွားပြီလို့ ပြောပါတယ်။

“ဒီနေရာမှာ နောက်တစ်ခုဖြစ်လာနိုင်တာက ICC ပေါ့နော်။ ICC မှာကတော့ By Name နဲ့ကိုလာတော့မှာပေါ့။ အဲဒီအခါကျရင် ဘယ်သူဘယ်ဝါဆိုပြီးတော့ Case တွေက တက်လာတော့မှာ။ ဒီ ICC Case တွေတက်လာ ဖို့အတွက်က ဂျီနိုဆိုက် ဖြစ်တယ်၊ မဖြစ်ဘူးဆိုတဲ့အပေါ် အများကြီးမူတည်တာကိုး ဆိုတော့ ဂျီနိုဆိုက်ဖြစ် တယ်လို့ ဆုံးဖြတ်လိုက်တဲ့နောက်ပိုင်းမှာ ICC Case တွေ establish လုပ်ရတာ ဘာမှမခက်တော့ဘူး လမ်းပွင့် သွားပြီလို့မြင်တယ်”

ဒီစီရင်ချက်ဟာ ရိုဟင်ဂျာတွေအတွက်သာမက မြန်မာနိုင်ငံတစ်ဝန်းက တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်း သားမဟာမိတ်တွေအတွက်ပါ အရေးကြီးတဲ့ အခွင့်အရေးတစ်ခုဖြစ်ကြောင်း ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ပြောပါတယ်။

“ရိုဟင်ဂျာတွေက သီးသန့်မဟုတ်ဘူး ဒီဟာက တစ်နိုင်ငံလုံးအတွက်လည်းဖြစ်တယ်။ တစ်နိုင်ငံလုံးမှာ တော်လှန်ရေးအင်အားစုတွေ တိုင်းရင်းသားတော်လှန်ရေးအစုအဖွဲ့တွေအတွက်လည်း အင်မတန်အခွင့်အရေးကောင်းဖြစ် တယ်။ ဒီလိုလူမဆန်တဲ့ ရာဇဝတ်မှုမျိုးစုံကို တခြားလူမျိုးစုတွေအပေါ်မှာ ဆက်တိုက်ဆိုသလိုကျူးလွန်တဲ့ စစ်ကောင်စီကို တာဝန်ခံစေဖို့ အပြစ်ပေးအရေးယူဖို့ဆိုတာ အင်မတန်အရေးကြီးတဲ့ အခွင့်ကောင်းအခါကောင်းဖြစ်တယ်။ ဒီနှစ်နှစ်အတောအတွင်းမှာ လုပ်သင့်လုပ်ထိုက်တဲ့ဟာကို တော်လှန် ရေးအင်အားစုတွေ တိုင်းရင်းသားမဟာမိတ်တွေ ဦးဆောင်ပြီး စုပေါင်းပြီး မလုပ်နိုင်ဘူးဆိုလို့ရှိရင် ဒါသည်အမှားတစ်ခုကို ကျူးလွန်ပြီးနောက် အမှားတစ်ခုကို ကျူးလွန်ရာရောက်မယ်”

ရိုဟင်ဂျာညီညွတ်ရေးကောင်စီရဲ့ ယာယီဥက္ကဋ္ဌ ကိုခင်မောင်ကတော့ ICJ ရဲ့ ဆုံးဖြတ်ချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ အချိန်ယူရနိုင်တယ်လို့ သုံးသပ်ပါတယ်။

" သူတို့က ဒီကိစ္စကို ဘယ်လိုအကောင်အထည်ဖော်မလဲ၊ ဘယ်လိုအရေးတယူလုပ်မလဲဆိုတာက မသေချာဘူး။ အဲဒါကြောင့် မြန်မြန်ဆန်ဆန်အကျိုးသက်ရောက်ဖို့ဆိုတာကတော့ မထင်ဘူး။ ဒါက အချိန်ကြာမယ်လို့ ကျွန်တော်သုံးသပ်မိပါတယ်"

ICJ ရဲ့ ဒီစီရင်ချက်ဟာ နိုင်ငံတော်အဆင့်တာဝန်ရှိမှုကို ဆုံးဖြတ်လိုက်တာဖြစ်ပြီး နစ်နာသူတွေအတွက် ပြန်လည်ကုစားရေးနဲ့ ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးအရေးယူရေးဆိုင်ရာ တာဝန်တွေကိုလည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားတာဖြစ်ပါတယ်။

------------------------------------------------------------