လက်နက်ကိုင်အဖွဲ့တွေနဲ့ နယ်စပ်ကုန်သွယ်မှု မလုပ်ဖို့ စစ်တပ်ခန့်အစိုးရပြော

ဒီလိုကုန်သွယ်မှုတွေကနေ ဝင်ငွေရနေတာဟာ လက်နက်ကိုင်အဖွဲ့တွေ ဆက်လက်ရပ်တည်နိုင်ဖို့ အခွင့်အလမ်း ဖြစ်စေတယ်လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကနေ ကုန်သွယ်တာဟာ အဲဒီအဖွဲ့တွေ ဆက်လက်ရပ်တည်နိုင်ဖို့ ငွေကြေးအထောက်အပံ့ ဖြစ်စေတာကြောင့် အဲဒီဂိတ်တွေကို အသုံးမပြုကြဖို့ စစ်တပ်ခန့်သမ္မတ ဦးမင်းအောင်လှိုင်က နိုဝင်ဘာလ ၁၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောလိုက်ပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ဟာ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ နယ်စပ်ဂိတ်တွေဖွင့်ပြီး ကုန်သွယ်မှုတွေလုပ်နေကြောင်း၊ မူဆယ်မြို့ကို စစ်တပ်က ထိန်းချုပ်ထားပေမဲ့ ကုန်သည်တွေဟာ လက်နက်ကိုင်အဖွဲ့တွေကို ငွေပေးပြီး တရားမဝင် လမ်းကြောင်းတွေကနေ ကုန်သွယ်နေကြကြောင်း သူက မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။

ဒီလိုကုန်သွယ်မှုတွေကနေ ဝင်ငွေရနေတာဟာ လက်နက်ကိုင်အဖွဲ့တွေ ဆက်လက်ရပ်တည်နိုင်ဖို့ အခွင့်အလမ်း ဖြစ်စေတယ်လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

“ကျွန်တော်တို့ အားပေးဖို့ လိုသလား။ ကျွန်တော်တို့ ငြိမ်းချမ်းရေးသွားနေကြတယ်။ ငြိမ်းချမ်းရေးသွားတဲ့အချိန်မှာ ဒါကို အားပေးနေမယ်ဆိုရင်တော့ သူတို့ ငွေရနေတာပဲ။ လက်နက်ကိုင်ပြီး ငွေရနေပြီဆိုရင် သူတို့ ဒီဟာကိုပဲ အားသာနေမှာပဲဖြစ်တယ်”

ထိုင်း-မြန်မာနယ်စပ်မှာလည်း အလားတူ ကုန်သွယ်မှုတွေရှိနေပြီး ကုန်သည်တွေက အလွယ်တကူ ကုန်သွယ်နိုင်တာကြောင့် လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်ပြီး ကုန်စည်တင်ပို့တာ၊ တင်သွင်းတာတွေ လုပ်နေကြတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖုဝမ်ကတ်(က်)ရောက် (Sihasak Phuangketkeow) လာရောက်ချိန်မှာလည်း စစ်တပ်ခန့်အစိုးရက ဖွင့်လှစ်ထားတဲ့ နယ်စပ်ဂိတ်တွေကနေပဲ ကုန်သွယ်မှုလုပ်ဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ နယ်စပ်ဂိတ် (၁) နဲ့ (၂) ကို ကျွန်တော်တို့ ဖွင့်ပေးထားပါတယ်။ တာချီလိတ် ဖွင့်ထားတယ်။ တရားဝင် အဲဒါကိုသုံးပါ။ တရားမဝင်တဲ့ဂိတ်ကို မသုံးပါနဲ့လို့ ကျွန်တော်ပြောပါတယ်။ ဒါပေမဲ့ တရားမဝင်တဲ့ ဂိတ်တွေကနေ သူတို့ အားပေးနေတာတွေရှိပါတယ်”

ထိုင်း-မြန်မာနယ်စပ်ဂိတ်တွေအခြေအနေနဲ့ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ဆက်သွယ်ရာမှာ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးကတော့ ဒီပြောဆိုချက်အပေါ် တုံ့ပြန်ဖြေဆိုဖို့ မရှိဘူးလို့ RFA ကို ပြောပါတယ်။

တရားမဝင် နယ်စပ်ကုန်သွယ်ရေးလုပ်နေတယ်ဆိုပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဖာပွန်မြို့နယ် သံလွင်မြစ်ကမ်းဘေးက သော်လဲထစခန်းကို စစ်တပ်က အောက်တိုဘာလ ၃၁ရက် ညနေ ၇ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်၊ ဆော့မိန်မြို့နယ် မယ့်ဆန်လက် (Mae Sam Laep) ရွာက ဆေးရုံ၊ အုပ်ချုပ်ရေးအဖွဲ့ပိုင် အစည်းအဝေးခန်းမ နဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် နေအိမ်နဲ့ အဆောက်အအုံ ၁၇ လုံးခန့် ထိခိုက်ပျက်စီးခဲ့ပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ နယ်စပ်ကုန်သွယ်ရေး စခန်း ၁၅ ခု ရှိပါတယ်။

အဲဒီထဲက ထိုင်း- မြန်မာ နယ်စပ်က တာချီလိတ်၊ မြ၀တီ နဲ့ ကော့သောင်း ကုန်သွယ်ရေးစခန်းတွေကိုပဲ ဖွင့်လှစ်ထားနိုင်တယ်လို့ စစ်တပ်ခန့်အစိုးရခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ ချင်းရွှေဟော်၊ ကံပိုင်တည်၊ မူဆယ်၊ လွယ်ဂျယ်၊ ထိုင်း-မြန်မာနယ်စပ်က မယ်စဲ့၊ ထီးခီး၊ မောတောင်၊ မြိတ်၊ မြန်မာ-ဘင်္ဂလားဒေ့နယ်စပ်က စစ်တွေနဲ့ မောင်တော တို့ဟာ စစ်တပ်ခန့် အစိုးရထိန်းချုပ်မှုအောက်မှာမရှိဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထားတာဖြစ်ပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တဲ့ တမူးကိုတော့ စစ်တပ်က ပြန်ထိန်းချုပ်ထားပေမဲ့ နယ်စပ်ကုန်သွယ်ရေး မလုပ်နိုင်သေးပါဘူး။ လာအို-မြန်မာ နယ်စပ် ကျိုင်းလပ်ကုန် သွယ်ရေးစခန်း ကတော့ ကုန်သွယ်မှု မရှိသလောက်နည်းပါးတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက အချက်အလက်တွေအရသိရပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ စစ်အာဏာမသိမ်းခင် နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံး အစိုးရထိန်းချုပ်မှုအောက်မှာရှိခဲ့တဲ့ ၂၀၁၉ -၂၀၂၀ ခုနှစ် ဘဏ္ဍာနှစ်က နယ်စပ်ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ( အမေရိကန်ဒေါ်လာ ၁၀၆၃၅.၄၃၅ သန်း) ရှိခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၃ ခုနှစ်က အောက်တိုဘာလက စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်း အများအပြား လက်လွှတ်ခဲ့ရပြီးနောက် စစ်တပ်ခန့်အစိုးရက နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာတော့ နယ်စပ်ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ခုနစ်ဘီလီယံကျော် (ဒေါ်လာ ၇၇၄၀.၅၈၇ သန်း) သာ ရရှိခဲ့ပါတယ်။

အဲဒီနောက် နယ်စပ်ကုန်သွယ်ရေးအခြေအနေနဲ့ ပတ်သက်လို့ စစ်တပ်ခန့်အစိုးရက သတင်းထပ်မံ ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။