ထိုင်းရောက် မြန်မာဒုက္ခသည်တွေ အလုပ်အကိုင်ရရှိရေး ဂျပန်နဲ့ ILO သဘောတူစာချုပ်ချုပ်

မြန်မာဒုက္ခသည်တွေအလုပ်အကိုင်ရရှိရေး ဂျပန်က ယန်းငွေ ၄၇၈ သန်း ကူညီမည်

ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တွေကို ထိုင်းအစိုးရက တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပေးရာမှာ ကူညီပံ့ပိုးပေးမယ့် အစီအစဥ်ကို ဂျပန်အစိုးရနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီး (ILO) အကြား နိုဝင်ဘာလ ၁၇ ရက်နေ့က သဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။

မြန်မာ ဒုက္ခသည်တွေကို အသက်မွေးဝမ်းကြောင်းပညာ သင်ကြားပေးရေးနဲ့ ဒုက္ခသည်တွေကို ဝန်ထမ်းအဖြစ် ခန့်အပ်အလုပ်ပေးမယ့် စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပြုရေး နှစ်နှစ်ကြာ စီမံကိန်းအတွက် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၃ သန်းနဲ့ ညီမျှတဲ့ ယန်းငွေ ၄၇၈ သန်း ကူညီသွားမယ်လို့ သိရပါတယ်။

ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ရန်ပုံငွေထောက်ပံ့ထားတဲ့ “မြန်မာနိုင်ငံက ရွှေ့ပြောင်းခံရသူများအတွက် အလုပ်အကိုင်ပံ့ပိုးမှုစနစ် ခိုင်မာအားကောင်းစေရေး” အစီအစဉ်ကို ထိုင်းအလုပ်သမားဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ (UNHCR) တို့နဲ့ပူးပေါင်းပြီး အကောင်အထည်ဖော်သွားမယ်လို့ ILO က ထုတ်ပြန်ပါတယ်။

ဒီစီမံကိန်းအရ မြန်မာနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူ ၄,၅၀၀ နဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် အလုပ်အကိုင်နဲ့ပတ်သက်တဲ့ သင်တန်းတွေ ပို့ချပေးပြီး ထိုင်းနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ဂျပန်ကုမ္ပဏီတွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေအပါအဝင် သက်ဆိုင်ရာဒေသအလိုက် အလုပ်အကိုင်တွေနဲ့ ချိတ်ဆက်ပေးသွားမယ်လို့ ဆိုပါတယ်။

ထိုင်းမြန်မာနယ်စပ်တလျှောက်က ဒုက္ခသည်စခန်း ၉ ခုမှာ ဒုက္ခသည်အဖြစ် တရားဝင် မှတ်ပုံတင်ထားသူ ပေါင်း ၇၈,၀၀၀ ရှိနေပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားအကြား နယ်စပ်အငြင်းပွားတဲ့ စစ်ပွဲဖြစ်ခဲ့အပြီး ကမ္ဘောဒီးယားက အလုပ်သမားတွေ နေရပ်ပြန်ကုန်တဲ့အတွက် ထိုင်းနိုင်ငံတစ်ဝန်းမှာ အလုပ်သမားရှားပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဂျပန်အခြေစိုက် JIJI PRESS သတင်းဌာနက ရေးသားထားပါတယ်။

ထိုင်းအစိုးရက ဒုက္ခသည်တွေကို စခန်းပြင်ပမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပေးဖို့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇွန်လမှာတော့ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုတဲ့ ပန်းရောင်ကတ်တွေ စတင်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။