ထိုင်းအစိုးရက မြန်မာတိုင်းရင်းသားဒုက္ခသည်တွေကို နေထိုင်အလုပ်လုပ်ခွင့်ပြုတဲ့ကတ် (ပန်းရောင်ကတ်) စတင်ထုတ်ပေး နေပြီလို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
ထိုင်းအစိုးရရဲ့ အစီအစဥ်ဟာ မျှော်လင့်ချက်ဖြစ်လာတယ်လို့ အုန်းဖျန်ဒုက္ခသည်စခန်းထဲနေရတာ ဆယ်နှစ်ကျော်ပြီဖြစ်တဲ့ အသက် ၃၁ နှစ် အရွယ် အမျိုးသမီးက RFA ကို ပြောပါတယ်။
“အခု ကျွန်မတို့က စခန်းထဲမှာ နေတာ အစားအသောက်တွေ၊ ရိက္ခာလည်း မရဘူးဆိုတော့နော်၊ ဒီလိုမျိုး အခွင့်အရေး တစ်ခုရတော့ ပိုပြီးတော့ အဆင်ပြေတာပေါ့နော် ကျွန်မတို့အတွက်။ ဒီလိုမျိုး ပန်းရောင်ကတ် ထုတ်ပေးမယ်၊ ကျွန်မတို့ကို အခွင့်အရေးပေးတော့မယ်ဆိုရင် အပြင်မှာ ထွက်လုပ်လို့ ရပြီဆိုရင် ကိုယ်သွားမှာပေါ့၊ သွားလို့ရတဲ့ အချိန်ကျလို့ရှိရင်နော်။ ပြီးတော့ နောက်တစ်ခုကျတော့ ကလေးတွေကျတော့ သူတို့ အပြင်မှာရော ကျောင်းဘယ်လိုပြောမလဲ၊ ကျောင်းတက်ခွင့် ရမလားလို့ပေါ့နော်၊ အဲ့လိုမျိုးရရင်တော့ ပိုအဆင်ပြေတာပေါ့”
သူ့မှာ မိဘနှစ်ပါးအပါအဝင် မိသားစုဝင် ၉ ယောက်ရှိပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာတိုင်းရင်းသားတွေကိုထားတဲ့ ဒုက္ခသည် စခန်း ၉ ခုရှိပြီး အဲဒီအထဲက ရတ်ချ်ဘူရီခရိုင် ဘန်းထမ့်ဟင်းဒုက္ခသည်စခန်းက မြန်မာတိုင်းရင်းသား ၃၀၀ ကျော်ကို ဇွန်လ ၁၇ ရက်နေ့က ပန်းရောင်ကတ် စပြီးထုတ်ပေးခဲ့ပါတယ်။ ဒီကတ်ပြားဟာ သက်သေခံကတ်ပြားဖြစ်သလို၊ ကတ်ရဲ့နောက် ကျောမှာ QR Code နဲ့ အလုပ်လုပ်ကိုင်ခွင့် လိုင်စင် (Work Permit) လည်းပါပြီး အလုပ်လုပ်ကိုင်ခွင့် သက်တမ်း ၁ နှစ် ပေးထားပါတယ်။ အဲဒီနောက်မှာ သက်တမ်းတိုးနိုင်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(FED) အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က RFA ကိုပြောပါတယ်။
“ဒါကတော့ ပုံမှန်အားဖြင့် တစ်နှစ်ပြီးတစ်နှစ် သူတို့ ပြန်ပြီးတော့ အသစ်ပြန်လုပ်ပေးမယ်လို့ ကျွန်တော်တို့ကတော့ နားလည်ပါတယ်။ နောက်တစ်ခုကလည်း အလုပ်သမားတွေအနေနဲ့ အလုပ်ပြောင်းမယ်၊ အခက်အခဲ ပြဿနာ ရှိတယ် ဆိုရင်လည်း အလုပ်ပြောင်းလို့ရတဲ့ အခြေအနေတွေ ရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒုက္ခသည်စခန်းထဲမှာ နိုင်ငံတကာနဲ့ ထိုင်းအစိုးရ အနေနဲ့ သူတို့ရဲ့ ပညာရေး၊ ကျန်းမာရေး၊ နေ့စဉ် စားဝတ်နေရေးတွေကို အဓိကအားဖြင့် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အစိုးရတွေက မထောက်ပံ့တော့တဲ့အတွက်ကြောင့် ဒီအစီအစဉ်ကို စတာလို့ ကျွန်တော်တို့ နားလည် ပါတယ်"
ပန်းရောင်ကတ်ရတဲ့သူတွေဟာ နယ်မြေပြင်ပကိုသွားချင်ရင် သက်ဆိုင်ရာအုပ်ချုပ်ရေးရုံးမှာ ကြိုတင်ခွင့်ပြုချက် တောင်းခံရမှာပါ။ ဒီကတ်က နေမကောင်းရင်ဆေးကုဖို့၊ ဘဏ်စာရင်း ဖွင့်ဖို့၊ တယ်လီဖုန်းလိုင်းဖွင့်ဖို့နဲ့၊ အလုပ်အကိုင် ရှာဖွေဖို့တွေမှာ အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။
နောက်တချက်ကလည်း ကမ္ဘောဒီးယားနဲ့ပြဿနာဖြစ်ပြီး အလုပ်သမားတွေပြန်သွားတာများသလို၊ နိုင်ငံတကာထောက်ပံ့ တာနည်းသွားတဲ့အတွက် ထိုင်းအစိုးရက ဒီအစီအစဥ်ဆောင်ရွက်လာတာြဖစ်နိုင်တယ်လို့ ကရင်ဒုက္ခသည်ကော်မတီ-KRC အတွင်းရေးမှူး စောပွယ်စေးက အခုလို သုံးသပ်ပါတယ်။
“ပြောရမယ်ဆိုလို့ရှိရင် ဒီကမ်ဘူးချား(ကမ္ဘောဒီးယား) ပေါ့ ကမ္ဘောဒီးယားကနေ ပြန်သွားတဲ့ ဒုက္ခသည်လည်း မနည်းဘူး ပေါ့နော်။ နောက်တစ်ဖက်ကလည်းပဲ ဒုက္ခသည်ရဲ့ ပံ့ပိုးကူညီမှုကလည်း လျော့သွားတယ်၊ နေရာတိုင်းမှာ ဌာနတိုင်းမှာ လျော့သွားတယ်၊ ပြန်လို့လည်းမရဆိုတော့ နေပြီဆိုလို့ရှိရင်တော့ တစ်ခုခုတော့ အလုပ်ရှိဖို့ လိုတယ်ဆိုတာကို ထိုင်းကလည်း သိတယ်လေ။ သိတဲ့အပေါ်မှာ သူတို့ကတော့ ခွင့်ပြုပေးလိုက်တာပါပဲ”
ဒီလိုစီစဥ်ပေးတာဟာ ထိုင်းနိုင်ငံသားဖြစ်ခွင့်၊ ထိုင်းနိုင်ငံသားခံယူခွင့်နဲ့ နိုင်ငံသားအခွင့် အရေးတွေေတော့ ရမှာမဟုတ်ဘူးလို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒီအစီအစဥ်ကြောင့် တတိယနိုင်ငံကိုပြောင်းရွှေ့အခြေချခွင့်ပျောက်သွားနိုင်ပါသလား။ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သား များအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုး က အခုလိုသုံးသပ်ပါတယ်။
“ကိုယ့်အားကိုယ်ကိုးတဲ့စနစ်၊ ကိုယ်ထူကိုယ်ထဖြစ်တယ်ဆိုတဲ့ အနေအထားပေါ်မှာတော့ ဒါ လက်ခံကြိုဆိုရမှာဖြစ်သလို ပြောရမယ်ဆိုရင်တော့ ရွှေ့ပြောင်းလုပ်သားမူဝါဒနဲ့ ဒုက္ခသည်မူဝါဒကတော့ လုံးဝမတူဘူးနော်။ အဲ ရွှေ့ပြောင်း လုပ်သား အဖြစ်နဲ့ ခံယူလိုက်ပြီဆိုရင်တော့ တတိယနိုင်ငံ၊ တတိယအိပ်မက်တွေဘာတွေ မက်ခွင့်မရှိတော့ဘူး၊ ရွှေ့ပြောင်းလုပ်သား ဖြစ်သွားပြီ။ အဲလိုတော့ရှိတယ်”
ပန်းရောင်ကတ်ထုတ်ပေးမယ့်အစီအစဉ်မှာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၉ ခုအပြင် ကရင်နီ ဒုက္ခသည်စခန်း တွေဖြစ်တဲ့ မယ်ဆူရင်းနဲ့ မိုင်နိုင်ဆွိုင် တို့လည်းပါဝင်တယ်လို့သိရပါတယ်။
