စစ်အာဏာသိမ်းခေါင်းဆောင် သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ခန့်အစိုးရဟာ အာဆီယံနဲ့ ဆက်ဆံရေးကို ပြန်သုံးသပ်သွားမှာ ဖြစ်သလို၊ အမေရိကန်နိုင်ငံနဲ့လည်း ဆက်ပြီးစေ့စပ်ဆွေးနွေးနေတယ်လို့ နိုဝင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တတိယကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း ၂ နာရီကျော်ကြာ ပြောတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။
“ကျွန်တော်တို့ရန်ဘက်၊ ကျွန်တော်တို့အပေါ်မှာ အမြဲတမ်းပြဿနာဖြစ်နေတဲ့ အင်အားကြီးနိုင်ငံ၊ အမေရိကန်နဲ့ လည်း ကျွန်တော်တို့ ဆွေးနွေးမှုရှိပါတယ်။ ဘာပဲပြောပြောဆက်ဆံမှုတစ်ခုရှိနေတဲ့ အတိုင်းအတာတစ်ခုတော့ ရှိပါတယ်။ သို့သော် အလုံးစုံတော့ မပြီးမြောက်သေးပါဘူး။ ဆက်ဆံမှုဆွေးနွေးမှုတွေ ရှိနေပါတယ်။ ဒီလိုပဲ တချို့နိုင်ငံတွေလည်း ကျွန်တော်တို့အပေါ်မှာ တရားဝင်သံတမန်ဆက်ဆံမှု၊ သံအမတ်ချင်းဆက်သွယ်မှု မဟုတ် သော်လည်း အောက်ခြေချင်း လာရောက်ထိတွေ့ဆက်ဆံတာတွေ လုပ်ပါတယ်။ အရင်လိုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အပြုသဘောဆောင်တဲ့ ဆက်ဆံမှုတွေရှိပါတယ်။ အနောက်နိုင်ငံတွေ ရှိသလို တချို့အရှေ့နိုင်ငံတွေလည်း ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း အာဆီယံနဲ့ ရှေ့ဆက်ပြီးတော့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ဆောင်ရွက်သွားဖို့ ကျွန်တော်တို့အစိုးရအနေနဲ့ ဆုံးဖြတ်ထားကြောင်း ပြောလိုပါတယ်။ မြန်မာနိုင်ငံနဲ့ အာဆီယံ ပုံမှန်ပြန်လည်ဖြစ်စေဖို့အတွက် နိုင်ငံရဲ့ရပ်တည်ချက်၊ အချုပ်အခြာအာဏာနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ရပ်တည်ချက် သဘောထားကိုလည်း ထည့်သွင်းပြီးတော့မှ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့လည်း ဆက်လက် ဆွေးနွေးသွားပါမယ်”
အာဆီယံနိုင်ငံတချို့ရဲ့ ထောက်ခံအားပေးမှုကို ရခဲ့ပေမဲ့ အာဆီယံအသင်းရဲ့ မြန်မာအပေါ်ရပ်တည်ချက်တွေဟာ နိုင်ငံတချို့ရဲ့ ဘက်လိုက်မှုတွေ ပါနေတယ်လို့ သူက စွပ်စွဲလိုက်ပါတယ်။
ဒီလိုပြောတဲ့အတွက် စစ်တပ်ခန့်အစိုးရအနေနဲ့ အာဆီယံအပေါ် ပြောင်းလဲချဉ်းကပ်မဲ့ အလားအလာကို တွေ့နေရ တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
“သူ့ကိုလက်ခံထားတဲ့ နိုင်ငံတွေရဲ့ အားကိုယူပြီးတော့ ပိုပြီးတော့ ကျယ်ပြန့်လာတဲ့ အနေအထားမျိုးရောက် အောင် သူကြိုးစားသွားမယ်ဆိုတဲ့ သဘောမျိုး ဖြစ်နိုင်ပါတယ်။ ပြီးတော့ အမေရိကန်နဲ့လည်း ဆက်ဆံရေးက တည်ဆောက်ထားတဲ့ ဒီထက်ပိုတဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမျိုး ဖြစ်လာဖို့အတွက်ကိုလည်း ဖြစ်လာအောင် ကြိုးစားဆောင်ရွက်သွားမယ်၊ စီစဉ်ဆောင်ရွက်နေတဲ့သဘောမျိုး လို့ နားလည်တယ်။ အဓိကက နိုင်ငံရေး သိက္ခာပိုင်းနဲ့ တိုက်ရိုက်ပတ်သက်တာမို့လို့ သူ့ရဲ့နိုင်ငံရေးသိက္ခာ၊ သူ့ရဲ့တရားဝင်မှုကို ထိန်းသိမ်းနိုင်ဖို့ ပြောတယ်လို့ ကျွန်တော်တို့ နားလည်လို့ရတယ်”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ကိုနေဘုန်းလတ်ကတော့ နိုင်ငံရေးထွက် ပေါက်ပိတ်နေတဲ့ စစ်တပ်အနေနဲ့ အာဆီယံမှာ ပြန်ဝင်ဆံ့နိုင်ဖို့ နည်းလမ်းပေါင်းစုံသုံးပြီး ကြိုးပမ်းနေတာလို့ ဆိုပါတယ်။
“နိုင်ငံတကာအရေးမှာ ဆိုရင်လည်းပဲ အာဆီယံကို ပြန်ပြီးတော့ဝင်ချင်တဲ့ အခြေအနေပေါ့နော်။ သူ အသားကုန် ကြိုးစားတယ်။ ပိုက်ဆံတွေလည်း အများကြီးသုံးတယ်ပေါ့။ ဒါပေမဲ့လည်း ဘာမှ အောင်မြင်လာတာမရှိပါဘူး။ လက်ရှိ ပြည်တွင်းအခြေအနေဆိုရင်လည်း အခြေခံဈေးနှုန်းတွေဖြစ်တဲ့ ကြက်ဥတို့ ကြက်သွန်နီတို့တောင်မှ ဈေးနှုန်းတွေတက်ပြီး ဘာမှ တိုးတက်အောင်မလုပ်နိုင်ဘူးပေါ့။ အဲဒီတော့ သဘောကတော့ အဘက် ဘက်မှာ ရှုံးနိမ့်နေတဲ့အခါကျတော့ ရန်စကားတွေပြောတာပေါ့”
စစ်တပ်ခန့်အစိုးရအနေနဲ့ လက်တွေ့လုပ်ရမှာက အာဆီယံဘုံသဘောတူညီချက် ငါးရပ်အပြင် ပြည်သူတွေအပေါ် ကျုးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေကိုပါ တာဝန်ယူရမယ်လို့ ရှေ့ပြေးအသံအဖွဲ့ တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ထောက်ပြပါတယ်။
“ဘယ်သူနဲ့ ဆက်ဆံရေးပဲ လိုချင်လိုချင်၊ စစ်အုပ်စု တကယ်တမ်းလုပ်ရမဲ့အလုပ်က အာဆီယံက တောင်းနေတဲ့ဟာနဲ့ အတူတူပဲ။ ပြည်သူတွေအပေါ်မှာ တိုက်ခိုက်ပြီးတော့မှ ရာဇဝတ်မှုကျူးလွန်တဲ့ဟာတွေ ရပ်ရမယ်။ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံးလွှတ်ပေးရမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို တစ်ချိန်တည်း ခြွင်းချက်မရှိ လွှတ်ပေးတာကို သူတို့လုပ်ရမှာဖြစ်တယ်။ အရေးကြီးဆုံးကတော့ ပြည်သူဆီမှာ လက်နက်ချဖို့၊ အဲဒါ အရေးကြီးဆုံးပဲ။ ပြည်သူတွေအပေါ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားတာ၊ ညှဥ်းပန်းနှိပ်စက်ထားတာတွေ၊ ဗုံးကြဲထားတာတွေ၊ ဒီရာဇဝတ်မှုတွေအတွက်ကို တာဝန်ယူပေးဆပ်မှု လုပ်ကိုလုပ်ရမှာဖြစ်ပါတယ်လို့ ပြောချင်ပါတယ်”
မြန်မာနိုင်ငံအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်တာ တိုးတက်မှုမရှိရင် အစည်းအဝေးတွေမှာ ဆက်လက်ကန့်သတ်ထားမယ်လို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပသွားတဲ့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။
လာမဲ့ ၂၀၂၇ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် စင်္ကာပူနိုင်ငံက တာဝန်ယူသွားမှာဖြစ်သလို ၂၀၂၈ ခုနှစ် မှာတော့ ထိုင်းနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမှာဖြစ်ပါတယ်။
