မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့အမှု စီရင်ချက်ဟာ ရိုဟင်ဂျာတွေအတွက်တင်မကဘဲ မြန်မာနိုင်ငံက တခြားတိုင်းရင်းသား လူနည်းစုတွေ အတွက်ပါ သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်လာဖို့ မျှော်လင့်တယ်လို့ ရိုဟင်ဂျာ လူ့အခွင့်အရေး လှုပ်ရှားသူ လာကီး ခေါ်ရိမ် (Lucky Karim) က ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် လှိုင်သီကျေးရွာမှာ နေထိုင်တဲ့ လာကီး ခေါ်ရိမ်ဟာ ၂၀၁၇ ခုနှစ်က စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်နယ်မြေရှင်းလင်းမှုကြောင့် အသက် ၁၄ နှစ်အရွယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပြီး ဒုက္ခသည်စခန်းမှာ ခြောက်နှစ်ကြာ နေထိုင်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုအတွက် ဒုက္ခသည်အမျိုးသမီးများအဖွဲ့ (Refugee Women for Peace and Justice – RWPJ) ကို တည်ထောင်ပြီး ရိုဟင်ဂျာအမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ ပညာရေးအတွက် လှုပ်ရှားဆောင်ရွက် နေသူလည်း ဖြစ်ပါတယ်။
လာကီး ခေါ်ရိမ် (Lucky Karim) ကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားပါတယ်။
----
RFA: မကြာခင် ချမှတ်မဲ့ ICJ စီရင်ချက်နဲ့ပတ်သက်ပြီး စမေးချင်ပါတယ်။ ဒီစီရင်ချက်အပေါ် ဘာတွေ မျှော်လင့်ထားပါသလဲ။ တရားမျှတမှုရရှိရေးဟာ လာကီးနဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းအတွက် ဘယ်လိုအဓိပ္ပာယ်ရှိပါသလဲ။
လာကီး ခေါ်ရိမ် – ဖိတ်ခေါ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သည်ဟိတ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးက မကြာခင် ချမှတ်မဲ့ စီရင်ချက်ဟာ အပြုသဘောဆောင်တဲ့ ရလဒ်တစ်ခု ဖြစ်လာဖို့ ကျွန်မတို့အားလုံး မျှော်လင့်ဆုတောင်းနေကြပါတယ်။
ရိုဟင်ဂျာတွေအတွက် အပြုသဘောဆောင်တဲ့ ရလဒ်ထွက်လာမယ်ဆိုရင် ဒါဟာ ကျွန်မတို့အတွက် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်လာမှာပါ။
မြန်မာနိုင်ငံရဲ့ လူမျိုးစုတစ်ခုဖြစ်တဲ့ ရိုဟင်ဂျာတွေအတွက်သာမက ဆက်ပြီး ဒုက္ခခံစားနေရတဲ့၊ နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်းနိုင်ငံတွေမှာ နေရပ်စွန့်ခွာ နေထိုင်နေရတဲ့၊ တရားမျှတမှုရဖို့ ကြိုးစားနေကြတဲ့၊ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ဆက်ပြီး ရင်ဆိုင်နေရတဲ့ တခြားတိုင်းရင်းသား လူနည်းစုတွေအတွက်လည်း သတင်းကောင်း ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
RFA: ICJ ရဲ့ စီရင်ချက်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေရဲ့ ဘဝအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။
လာကီးခေါ်ရိမ် – အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ စီရင်ချက်ဟာ မြေပြင်က လက်တွေ့အခြေအနေတွေကို ချက်ချင်း ပြောင်းလဲပေးနိုင်မှာ မဟုတ်ပါဘူး။ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ဒုက္ခသည်တွေကိုလည်း မြန်မာနိုင်ငံဆီ ချက်ချင်း ပြန်ပို့ပေးနိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တာတွေကို တရားရုံးက လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် အသိအမှတ်ပြုမယ်ဆိုရင် နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေ ပြောင်းလဲလာမှာ ဖြစ်ပါတယ်။
စစ်တပ်အနေနဲ့လည်း လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ အတင်းအကျပ် လူသစ်စုဆောင်းတာတွေ၊ စစ်မှုထမ်းခိုင်းတာတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်ပြီး လုပ်ခွင့် မရှိအောင် ဖြစ်လာမှာပါ။

RFA: လာကီးရဲ့ ကိုယ်တွေ့အဖြစ်အပျက်တွေအကြောင်းလည်း နည်းနည်း မေးချင်ပါတယ်။ လပ်ကီးအကြောင်း မသိကြသေးတဲ့သူတွေအတွက် ပြောပြဖို့ အဆင်ပြေမယ်ဆိုရင် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ နှိမ်နင်းမှုတွေအတွင်း လာကီးတို့ မိသားစု ဘာတွေကြုံတွေ့ခဲ့ရသလဲဆိုတာ ပြောပြပေးနိုင်မလား။
လာကီးခေါ်ရိမ် – ၂၀၁၇ ခုနှစ်မှာ ကျွန်မ အသက် ၁၄ နှစ်ပဲ ရှိပါသေးတယ်။ အဲဒီအချိန်က ကျွန်မတို့ ရိုဟင်ဂျာအသိုင်းအဝိုင်း တစ်ခုလုံး၊ လူပေါင်းတစ်သန်းကျော်နဲ့အတူ ထွက်ပြေးခဲ့ရပါတယ်။ ကျွန်မက ရခိုင်ပြည်နယ် မောင်တောဇာတိပါ။ အဲဒီဒေသမှာ ကျွန်မတို့အများစု ပစ်မှတ်ထားခံခဲ့ရသလို မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ရခိုင်ပြည်နယ်ရဲ့ တခြားဒေသတွေမှာ နေထိုင်ကြတဲ့သူတွေလည်း ပစ်မှတ်ထားခံခဲ့ရပါတယ်။ ကျွန်မဟာ ကိုယ့်အိမ်ကို စွန့်ခွာထွက်ပြေးခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားမှာရှိတဲ့ အကြီးဆုံး ဒုက္ခသည်စခန်းတွေထဲက တစ်ခုမှာ ၂၀၂၂ ခုနှစ်အထိ ခြောက်နှစ်လောက် နေထိုင်ခဲ့ရပါတယ်။ အဲဒီနောက် အမေရိကန်ပြည်ထောင်စုမှာ ပြန်လည်အခြေချနေထိုင်ခွင့် ရခဲ့ပါတယ်။

RFA: ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နှိမ်နင်းမှုတွေ ဖြစ်ပွားခဲ့တာ အခုဆို ကိုးနှစ်ကျော် ကြာခဲ့ပါပြီ။ ဒါပေမဲ့ ရိုဟင်ဂျာအများအပြားဟာ ဒီနေ့အထိ ကြီးမားတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်။ လာကီးရဲ့အမြင်အရ ရိုဟင်ဂျာတွေရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ကမ္ဘာကြီးကို ဘာတွေ သိစေချင်ပါသလဲ။
လာကီးခေါ်ရိမ် – ၂၀၁၇ ခုနှစ်မှာ ကျွန်မတို့ လူပေါင်းတစ်သန်းကျော်ကို နေရပ်စွန့်ခွာ ထွက်ပြေးစေခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေဟာ အဆုံးသတ်သွားတာ မဟုတ်ပါဘူး။
ဒါဟာ နောက်ဆုံးအကြိမ်လည်း မဟုတ်ခဲ့ပါဘူး။ ဒီနေ့အထိ ဆက်ပြီး ဖြစ်ပျက်နေပါတယ်။
၂၀၂၄ ခုနှစ်က ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက်ပိုင်း အခုချိန်အထိ ရိုဟင်ဂျာ သောင်းနဲ့ချီပြီး ထပ်မံထွက်ပြေးခဲ့ရပါတယ်။ ဒါကြောင့် ကော့စ်ဘဇား ဒုက္ခသည်စခန်းဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်အခြေချနေထိုင်ရာနေရာ ဖြစ်လာပြီး အခုဆို လူပေါင်း ၁၃ သိန်းကျော် နေထိုင်နေကြပါတယ်။
RFA: နောက်ဆုံးအနေနဲ့ ICJ က ဘယ်လိုပဲ ဆုံးဖြတ်ပါစေ၊ ရိုဟင်ဂျာတွေကို ကူညီထောက်ပံ့ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဘာတွေ ထပ်ပြီး လုပ်ဆောင်သင့်ပါသလဲ။
လာကီးခေါ်ရိမ် – ကမ္ဘာကြီး၊ နိုင်ငံတကာအသိုင်းအဝိုင်း၊ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဒုက္ခသည်တွေကို လက်ခံထားတဲ့ နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအတွင်းနဲ့ နယ်စပ်တစ်ဖက်ခြမ်းမှာ ဆက်လက်ဒုက္ခခံစားနေရတဲ့၊ အကြမ်းဖက်မှုတွေ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တခြားတိုင်းရင်းသားတွေရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံပေးနိုင်ဖို့ လုပ်ဆောင်စရာတွေ အများကြီး ရှိပါသေးတယ်။
မြန်မာနိုင်ငံမှာ လူတိုင်း ဘေးကင်းလုံခြုံမှု မရှိသေးသရွေ့ ကျွန်မတို့ ဘယ်သူတစ်ဦးတစ်ယောက်မှ ဘေးကင်းလုံခြုံမှာ မဟုတ်ပါဘူး။ ရိုဟင်ဂျာတွေအနေနဲ့ မြန်မာနိုင်ငံကို ရေရှည်တည်တံ့တဲ့ပုံစံနဲ့၊ ဂုဏ်သိက္ခာရှိရှိ၊ မိမိဆန္ဒအလျောက် ပြန်လာနိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ့်အိမ်ကိုယ် ပြန်နိုင်ရေးဟာ ကျွန်မတို့အားလုံးရဲ့ အဆုံးစွန် ရည်မှန်းချက် ဖြစ်ပါတယ်။
အဲဒီရည်မှန်းချက်ကို ရရှိဖို့ စဉ်ဆက်မပြတ် လုပ်ဆောင်မှုတွေ လိုအပ်ပါတယ်။ ကတိကဝတ်တွေ လိုအပ်ပါတယ်။ တရားရုံးရဲ့ စီရင်ချက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့် တရားရုံးရဲ့ စီရင်ချက်ဟာ စာရွက်တစ်ရွက်သက်သက် မဖြစ်သင့်ပါဘူး။ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်တဲ့ နောက်ထပ်ကြေညာချက်တစ်ခုသက်သက်လည်း မဖြစ်သင့်ပါဘူး။
ကုလသမဂ္ဂ၊ အဖွဲ့ဝင်နိုင်ငံတိုင်းနဲ့ တခြားနိုင်ငံတွေအပြင် ဒီအမှုမှာ အစကတည်းက ကြားဝင်ပါဝင်ပြီး ထောက်ခံကူညီခဲ့ကြတဲ့ နိုင်ငံတွေအနေနဲ့ စီရင်ချက်ပါ အချက်အားလုံးကို လက်တွေ့အကောင်အထည် ဖော်နိုင်ဖို့ အသုံးချရမဲ့ အရာတစ်ခု ဖြစ်သင့်ပါတယ်။
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာပြီး ကျွန်မတို့အားလုံးအတွက် ဒီမိုကရေစီအနာဂတ်တစ်ခု ရရှိလာတဲ့အထိ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

RFA: အင်တာဗျူး အဆုံးမသတ်ခင် လာကီးအနေနဲ့ နောက်ထပ် ဘာများ ပြောချင်ပါသေးလဲ။
လာကီးခေါ်ရိမ် – နောက်ဆုံးအနေနဲ့ ကျွန်မ ပြောချင်တာက ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံက တခြားတိုင်းရင်းသားတွေ အားလုံးဟာ မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်မတို့ရဲ့ အနာဂတ်အတွက် အတူတကွ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ရိုဟင်ဂျာတွေနဲ့ တခြားတိုင်းရင်းသားတွေဟာ ကိုယ့်အတွက် ကိုယ်တိုင်ဆုံးဖြတ်ချက်ချဖို့နဲ့ ကိုယ့်အနာဂတ်နဲ့ပတ်သက်ပြီး အကြံပြုဖို့ အသင့်တော်ဆုံးသူတွေ ဖြစ်ကြပါတယ်။
ရိုဟင်ဂျာတွေနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတိုင်း၊ ရိုဟင်ဂျာတွေအတွက် ပြုလုပ်တဲ့ ဆွေးနွေးမှုတိုင်းမှာ ရိုဟင်ဂျာတွေကို ထည့်သွင်းဖို့ အရေးကြီးပါတယ်။ အခုချိန်မှာလည်း နောက်မကျသေးပါဘူး။ ကျွန်မတို့အကြောင်း၊ ကျွန်မတို့အတွက် ဆွေးနွေးတဲ့နေရာမှာ ကျွန်မတို့မပါဘဲ ဆွေးနွေးတာမျိုး မဖြစ်သင့်တော့ပါဘူး။
---
