ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ် ဆီဟဆတ် ဖုဝမ်ကတ်(က်)ရောက် (Sihasak Phuangketkeow) ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၂ ရက် ကြာသပတေးနေ့မှာ ရောက်ရှိမှာဖြစ်ပြီး မြန်မာနဲ့ ဖြစ်နေတဲ့ မြန်မာပြည်တွင်း စစ်ရေးပဋိပက္ခ၊ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှု ထိန်းသိမ်းရေးကိစ္စတွေ ဆွေးနွေးသွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက နိုဝင်ဘာ ၁၁ ရက်နေ့က ပြောပါတယ်။
ဒီခရီးစဥ်မှာ စစ်တပ်ခန့်အစိုးရအကြီးအကဲ သမ္မတဦးမင်းအောင်လှိုင်၊ ဒုတိယသမ္မတနဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့ကိုလည်း တွေ့ဆုံမယ်လို့ မစ္စတာဆီဟာဆတ်က ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဥ်ဟာ ဖိလစ်ပိုင်နိုင်ငံမှာ နိုဝင်ဘာ ၁၅ ရက်ကနေ ၁၈ နေ့အထိ သုံးရက်ကြာ ကျင်းပမယ့် ၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ မတိုင်မီ ရက်ပိုင်းအလိုမှာ လာရောက်တာဖြစ်ပြီး အဓိကအားဖြင့် ထိုင်းနယ်စပ် လုံခြုံရေး ကိစ္စရပ်တွေနဲ့ အာဆီယံမှာ မြန်မာအပြည့်အဝ ပါဝင်တက်ရောက်နိုင်ရေး ကိစ္စတွေကို ဦးစားပေး ဆွေးနွေးမယ်လို့ နိုဝင်ဘာ ၄ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြား ထားပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ စစ်တပ်အကြား တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်း မဲဟောင်ဆောင်နဲ့ တာ့ခ် ခရိုင်မှာ နေထိုင်ကြတဲ့ ထိုင်းပြည်သူတွေအပေါ် ထိခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ တချိန်ထဲမှာလည်း ထိုင်းအစိုးရအနေနဲ့ မြန်မာနယ်စပ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးခိုလှုံလာကြတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ထားပြီး ဒေသတည်ငြိမ်အေးချမ်းတဲ့အထိ ထိုင်းဘက်မှာ လူသားချင်းစာနာမှုအကူညီတွေ ပေးထားတယ်လို့လည်း ပြောပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တယ်လီဖုန်းကတစ်ဆင့် ဆယ်မိနစ်ကြာ စကားပြောခဲ့ပြီး မိုင် ၁,၅၀၀ ကျော်ရှည်တဲ့ ထိုင်းမြန်မာနယ်စပ်တစ်လျောက် မြန်မာစစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာ ထိပါးမှု မရှိစေရေး ထိုင်းအစိုးရဘက်က လိုလားချက်တွေကို ထည့်သွင်းပြောကြားခဲ့တယ်လို့ သူကပြောပါတယ်။ ထိုင်းအာဏာပိုင်တွေအနေနဲ့ မြန်မာဘက်က ထိုင်းဘက်ကို လက်နက်ကြီးကျည် ကျရောက် ထိမှန်တာတွေအပေါ် စိုးရိမ်ပူပန်ကြောင်းလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့က သတင်းထောက်တွေနဲ့ စကားပြောရာမှာ မစ္စတာဆီဟာဆတ်က မြန်မာအနေနဲ့ အာဆီယံအဖွဲ့ကြီးထဲသို့ အပြည့်အဝ ပြန်လည် ပါဝင်နိုင်ရေး အတွက်ဆိုရင် ပြည်တွင်း အကြမ်းဖက် တိုက်ခိုက်နေတာတွေကို လျှော့ချဖို့လိုတယ်လို့လည်း ဦးတင်မာင်ဆွေကို ပြောကြား ခဲ့တယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံဟာ အာဆီယံမှာ မြန်မာနိုင်ငံ အပြည့်အဝ ပြန်ပါဝင်လာနိုင်ရေး ဦးဆောင်ကြိုးပမ်းနေတဲ့ နိုင်ငံဖြစ်ပြီး အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မြန်မာခရီးစဥ်မှာ နေအိမ်မှာ အကျဥ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် စစ်တပ်ခန့်အစိုးရဟာ အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် မပေးတဲ့အပြင် သမ္မတအာဏာရယူထားတဲ့ အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ကပါ လက်ခံ တွေ့ဆုံခြင်း မရှိခဲ့ပါဘူး။
၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံများအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း အဆင့်မြင့်ခေါင်းဆောင်တက်ရောက်ခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းအပြီး ပထမဆုံးကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ခွင့်ရတဲ့ ဆွေးနွေးပွဲမှာ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ကို တစ်ညီတစ်ညွတ်ထဲ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဒီအချက်တွေကို တစ်ချက်မှ အကောင်အထည်ဖော်ခြင်းမရှိခဲ့တဲ့အတွက် အာဆီယံကလည်း အကောင်အထည်ဖော်ဖို့ မပြတ်တိုက်တွန်းနေခဲ့ပြီး သံတမန်ရေးအရ တစ်ဆင့်နှိမ့်ဆက်ဆံလာတာ အခုအချိန်အထိ ဖြစ်ပါတယ်။
